• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သွင်းကုန်ကုန်စည်ပြပွဲဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် "အခွင့်အလမ်း တံခါး" ကို ဖွင့်ပေး

(GMT+08:00) 2018-11-10 12:17:26

ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲမှာ အစားအစာနဲ့ လယ်ယာ ထွက်ကုန် ပြသဇုန်ဟာ ဆွဲဆောင်အား အရှိဆုံးနေရာလို့ ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများမှ ကုန်သည် လုပ်ငန်းရှင်များဟာ ဒေသခံ ထွက်ကုန်ပစ္စည်းများကို မိတ်ဆက်ပေးနေကြပါတယ်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောသလိုပဲ၊ "ပန်းတစ်ပွင့် ပွင့်တာဟာ နွေဦး မဟုတ်ဘဲ ပန်း တစ်ရာ စုံလင် ပွင့်တာမှ နွေဦး ပီသပါတယ်"။ ကုန်စည်ပြပွဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံများက အဆင့်မြင့် သိပံ္ပနည်းပညာ ပစ္စည်းများကို ပြသနေတဲ့ တစ်ပြိုင်တည်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများဟာလည်း ထူးခြားချက် ဝိသေသ ပါရှိတဲ့ အစားအစာ၊ လယ်ယာထွက်ကုန်၊ အဝတ်အစား၊ နေ့စဉ်သုံးကုန်ပစ္စည်းနဲ့ ခရီးသွား အရင်းအမြစ်များကို ခင်ကျင်းပြသ မိတ်ဆက် ပေးနေကြပါတယ်။

တရုတ်ပြည် အပါအဝင် နိုင်ငံ အသီးသီးတို့ရဲ့ လက်တွဲ ကြိုးပမ်းမှုနဲ့ ဒီအကြိမ် ကုန်စည် ပြပွဲဟာ "ပန်းမျိုးစုံ ဝေဆာ ယှဉ်ပြိုင် ပွင့်ဖူးသော ပန်းခြံကြီး" တစ်ခုလို ဖြစ်လာပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများဟာ အလားတူပဲ ကုန်စည်ပြပွဲမှာ အခွင့်အလမ်းနဲ့ ဈေးကွက်များကို ရယူလာကြပါတယ်။ ဥပမာ ပြောရရင်၊ ဘရာဇီး အသား အချောကိုင် ကုမ္ပဏီ ဖြစ်တဲ့ JBS ကုမ္ပဏီအုပ်စုဟာ ပြပွဲရဲ့ ဒုတိယနေ့ကပဲ အာလီဘာဘာ ကုမ္ပဏီနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ တန်ဖိုးရှိတဲ့ သုံးနှစ်တာ ဝယ်ယူရေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများဟာ ကုန်စည်ပြပွဲမှတစ်ဆင့် တရုတ်ပြည် ဈေးကွက်ကြီးမှာ အခွင့်အလမ်းများကို မျှဝေခံစားရပြီး စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းမှာ ပါဝင်ဆောင်ရွက်လာကာ၊ သွင်းကုန်ကုန်စည်ပြပွဲဟာ အဲဒီနိုင်ငံများအတွက် "အခွင့်အလမ်း တံခါး" တစ်ခုကို ဖွင့်ပေးထားပါတယ်။

ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများရဲ့ အခြေအနေ အစီရင်ခံစာအရ၊ အခု တစ်ကမ္ဘာလုံးမှာ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံ ၄၀ ကျော် ရှိနေသေးတယ်။ တရုတ်နိုင်ငံဟာ အဲဒီ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးသော နိုင်ငံ ဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လက ဂျိုဟန်နစ္စဘတ် မြို့မှာ ကျင်းပခဲ့တဲ့ BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ အနာဂတ်မှာ တရုတ်နိုင်ငံ ဘယ်လိုပဲ ဖွံ့ဖြိုး ဖွံ့ဖြိုး တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ ထာဝစဉ် အကျုံးဝင်မှာ ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြတ်ပြတ် သားသား ထောက်ခံသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကတိပြုချက် ဖေါ်ဆောင်ရေးကို အလေးထားတတ်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဒီအကြိမ် ကုန်စည်ပြပွဲဟာလည်း အဲဒီ အချက်ကို ပြသလာနေပါတယ်။

   Webradio