• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ်သည် လက်ရှိအချိန်တွင် အများတကာ အာရုံစိုက်နေကြသော စီးပွားရေးနှင့် ငွေကြေး ကိစ္စများနှင့်ပတ်သက်၍ ပြောကြား

(GMT+08:00) 2018-10-20 15:33:56

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် လျူဟို့သည် ယခုလ ၁၉ရက်နေ့ နံနက်ပိုင်းက တရုတ် အဓိက မီဒီယာ ၃ခုမှ ပူးတွဲ အင်တာဗျူးကို လက်ခံရာ တရုတ် အစုရှယ်ယာ ဈေးကွက်၊ ပုဂ္ဂလိကပိုင် လုပ်ငန်း ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေး၊ ငွေကြေး အခြေအနေနှင့် လုပ်ငန်း ဖွဲ့စည်းပုံ ထိန်းညှိရေး စသည့် အများတကာ အာရုံစိုက်နေကြသော ကိစ္စများနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် အစုရှယ်ယာ ဈေးကွက်နှင့် ပတ်သက်၍ လျူဟို့က မကြာခင်က တရုတ် အစုရှယ်ယာ ဈေးကွက်သည် သိသာထင်ရှားသော မတည်မငြိမ်ဖြစ်မှုနှင့် ကျဆင်းမှု ဖြစ်ပေါ်လာကြောင်း၊ အကြောင်းရင်းများတွင် တရုတ် ဗဟိုဘဏ်မှ အတိုးနှုန်း တိုးပွားစေခြင်း၊ တရုတ် စီးပွားရေး ဖွဲ့စည်းပုံ ထိန်းညှိရေး၊ ရင်းနှီးမြှုပ်နှံမှု အပေါ် ဈေးကွက်မှ ခန့်မှန်းချက်၏ ဂယက်ရိုက်ခတ်မှု စသည်များ ပါဝင်ကြောင်း၊ ထို့အပြင်၊ တရုတ်- အမေရိကန် ကုန်သွယ်မှု အထစ်အငေါ့သည် ဈေးကွက် အပေါ် ဂယက်ရိုက်ခတ်မှုလည်း ရှိကြောင်း၊ သို့သော် စိတ်ပိုင်းဆိုင်ရာ ဂယက်ရိုက်ခတ်မှုသည် တကယ်တန်း ဂယက် ရိုက်ခတ်မှုထက် ပိုမိုကြီးမားကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နှင့် အမေရိကန်တို့သည် ကူးလူးဆက်ဆံနေကြောင်း ပြောကြားသည်။

လျူဟို့က မကြာခင်က တရုတ်ပြည်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းဌာနများမှ အကဲဖြတ် သုံးသပ်ချက်များအရ တရုတ်ပြည်သည် ရင်းနှီးမြှုပ်နှံရန် အလားအလာနှင့် တန်ဖိုး အများဆုံးသော ဈေးကွက် ဖြစ်လာသည်ဟု သိရကြောင်း၊ အစုရှယ်ယာ ဈေးကွက် ထိန်းညှိခြင်းသည် ၄င်းဈေးကွက် ရေရှည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်း၊ တရုတ်ပြည် အစိုးရသည် အစုရှယ်ယာ ဈေးကွက်၏ ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အလွန် အလေးထားကြောင်း၊ မကြာခင်က တရုတ် အစိုးရသည် ဈေးကွက်ကို တည်ငြိမ် စေရေး၊ ဈေးကွက် အခြေခံ စနစ် ပြုပြင်ပြောင်းလဲရေး၊ ဈေးကွက်တွင် ရေရှည် ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊ နိုင်ငံတော်ပိုင် ကုမ္ပဏီ ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေးနှင့် တံခါးဖွင့်မှု တိုးချဲ့ရေး စသည့် နယ်ပယ်များတွင် ဆောင်ရွက်ချက်သစ်များကို ကျင့်သုံးခဲ့ကြောင်း၊ သို့သော် သော့ချက်ကျ သည်မှာ ၄င်းမူဝါဒ ဆောင်ရွက်ချက်များကို လက်တွေ့ဖော်ဆောင်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ပုဂ္ဂလိကပိုင် လုပ်ငန်း ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ လျူဟို့က အများပိုင် စနစ် ဖြစ်သည့် စီးပွားရေး ပုံစံကို ခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အများပိုင် မဟုတ်သော စနစ် ဖြစ်သည့် စီးပွားရေး ပုံစံကို အားပေးထောက်ခံရေးနှင့် ဦးဆောင်ရေး အခြေခံမူ ၂ခုအား ဦးလည်မသုန် စွဲကိုင်မည် ဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှု မရှိလျှင် စီးပွားရေး တစ်ခုလုံး၏ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှု ရှိမည် မဟုတ်ကြောင်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရေးသည် အမျိုးသား စီးပွားရေး တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရာ ကျရောက်ကြောင်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းကုမ္ပဏီများနှင့် ပတ်သက်၍ အချက်၎ချက်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ အခြေခံ စီးပွားရေး စနစ်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အလတ်စားနှင့် အသေးစား ကုမ္ပဏီများ ရင်ဆိုင်နေရသော အခက်အခဲများကို အလွန် အလေးထားရမည် ဖြစ်ကြောင်း၊ အလတ်စားနှင့် အသေးစား ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်မှု အတွက် အားပေးရေး မူဝါဒ ဆောင်ရွက်ချက်များကို တစ်ဆင့်တိုး ဇောက်ချ လေ့လာရမည် ဖြစ်ကြောင်း၊ အလတ်စားနှင့် အသေးစား ကုမ္ပဏီများ၏ စွမ်းရည်ကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ လျူဟို့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အများပိုင် မဟုတ်သော စနစ် ဖြစ်သည့် စီးပွားရေး ပုံစံ ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပိုင် မဟုတ်သော စနစ် ဖြစ်သည့် စီးပွားရေး လုပ်ကိုင်သော ပုဂ္ဂိုလ်များ၏ ရှင်သန်စွာ တိုးတက်ရေးသည် အရေးကြီးသည့် စီးပွားရေး ပြဿနာ ဖြစ်ရုံသာမကဘဲ အရေးကြီးသည့် နိုင်ငံရေး ပြဿနာလည်း ဖြစ်သည်ဟု အလေးထား ပြောကြားကြောင်း၊ နိုင်ငံတော်ပိုင် လုပ်ငန်း ကုမ္ပဏီိနှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းကုမ္ပဏီ အကြား လွန်စွာ အပြန်အလှန် ဖြည့်ဆည်းခြင်း၊ အပြန်အလှန် အားပေးထောက်ခံခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိကြောင်း ပြောကြား သည်။

    လက်ရှိ စီးပွားရေး၊ ငွေကြေး အခြေအနေနှင့် လုပ်ငန်း ဖွဲ့စည်းပုံ ထိန်းညှိရေးနှင့် ပတ်သက်၍ လျူဟို့က ယခင်က အကြောင်းရင်းများကြောင့် ဖြစ်သည့် အန္တရာယ်များနှင့် ပြဿများသည် ပေါ်ပေါက်လာသည်မှာ မလွဲသာမရှောင်သာ ကိစ္စ ဖြစ်ကြောင်း၊ ယင်းအပေါ် ဆင်ခြင်မှုရှိစွာဖြင့် ရှုမြင်သင့်ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်သည် ဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်စေရေး၊ လုပ်ငန်းဖွဲ့စည်းပုံ ထိန်းညှိရေးနှင့် အန္တရာယ်များ ကြိုတင်ကာကွယ်ရေးကို ကောင်းမွန်သင့်လျော်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှု အားပေးထောက်ခံရေး၊ နိုင်ငံတော်ပိုင် ကုမ္ပဏီများ၏ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေးနှင့် ဒြပ်ရှိ စီးပွားရေး(the real economy) အပေါ် ငွေကြေး စနစ် ဝန်ဆောင်မှု ပြုလုပ်နိုင်စွမ်း တိုးမြှင့်ရေးကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး ဝင်ငွေ အသင့်အတင့် ရရှိသူများ၊ သက်ကြီးရွယ်အို ဦးရေ တိုးလာခြင်း၊ သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် လုပ်ငန်းပြောင်းလဲရေး အကြိမ်သစ်နှင့် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကာ ခေတ်မီရေး စီးပွားရေး စနစ်ကို အရှိန်မြှင့် တည်ဆောက်သင့်ကြောင်း ပြောကြားသည်။ 

   Webradio