• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကြွေးမြီ ထောင်ချောက်လား၊ ဖွံ့ဖြိုးရေး အချိုမုန့်လား

(GMT+08:00) 2018-10-12 09:38:25

မကြာခင်က အမေရိကန် ဒုသမ္မတ ပင့်စ်က မိန့်ခွန်း ပြောကြားပြီး၊ တရုတ်နိုင်ငံက အာရှ၊ အာဖရိက၊ ဥရောမနဲ့ လက်တင်အမေရိက ဒေသများမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ ချေးငွေ ထုတ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ချို့မှာ "ကြွေးမြီ ထောင်ချောက်" ထားနေကြောင်း၊ အမေရိကန်ဟာ နိုင်ငံ တစ်ချို့ အတွက် တရုတ်ပြည်ကို အစားထိုးနိုင်ဖို့ ရွေးချယ်မှု အခွင့်အလမ်း ပေးကမ်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှု ပြင်းထန် ဆိုးရွားလာနေတဲ့ ခုလို အချိန်အခါမှာ ပင့်စ်ရဲ့ ဒီစကားထဲမှာ တရုတ်ပြည်ကို သရုပ်ဖျက်ဖို့နဲ့ ကုန်းချောဖို့ ရည်ရွယ်ချက်ဟာ တော်တော် သိသာတယ်။ အဖြစ်မှန်ကတော့ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ချို့ကို ကြွေးမြီထောင်ချောက် ရယ်လို့ ထားရှိခြင်း လုံးဝ မရှိဘူး။ မယုံရင် တို့ သက်ဆိုင်ရာ ဂဏန်းများကို တွက်ကြရအောင်။

သီရီလင်္ကာနိုင်ငံဟာ အနောက်နိုင်ငံ မီဒီယာများ "ကြွေးမြီ ထောင်ချောက်" ဝါဒဖြန့်တဲ့ အခါ ခဏခဏ အသုံးပြုနေတဲ့ ဥပမာ ဖြစ်တယ်။ ပင့်စ်က၊ သီရိလင်္ကာ နိုင်ငံဟာ တရုတ် လုပ်ငန်းကုမ္ပဏီက ဟန်ပန်တိုတာ ဆိပ်ကမ်း ဆောက်လုပ်ပေးတာကြောင့် ကြွေးမြီ အမြောက်အများ ဖြစ်စေလာကြောင်း၊ ဘေကျင်းဟာ ဒါကို အသုံးပြုပြီး ဖိအား ပေးကာ အဲဒီ ဆိပ်ကမ်းသစ်ကို တရုတ်လူမျိုးလယ်ဝယ်သို့ တိုက်ရိုက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ အဲဒါဟာ သိပ်မကြာခင်မှာ တရုတ် ရေတပ်ရဲ့ စစ်ရေးစခန်း ဖြစ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

အဖြစ်မှန်ကတော့ အောက်ပါအတိုင်း ဖြစ်တယ်။ သီရိလင်္ကာ ဗဟိုဘဏ်မှ စာရင်း အရ၊ တရုတ်ပြည်မှ လာတဲ့ ချေးငွေဟာ သီရိလင်္ကာရဲ့ နိုင်ငံခြား ကြွေးမြီ စုစုပေါင်း ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းပဲ ဖြစ်ပြီး အဲဒါတွေထဲမှာ ၆၁့ ၅ ရာခိုင်နှုန်းဟာ နိုင်ငံတကာ ဈေးကွက် အတိုးနှုန်းထက် နိမ့်တဲ့ အထူး အခွင့်အရေးခံစားရတဲ့ ချေးငွေ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး၊ သီရိလင်္ကာ ဝန်ကြီးချုပ်က၊ သီရိလင်္ကာဟာ တရုတ်ပြည်ရဲ့ "ကြွေးမြီ ထောင်ချောက်" ထဲမှာ ကျသွားခြင်း လုံးဝ မရှိကြောင်း၊ ဟန်ပန်တိုတာ ဆိပ်ကမ်း တည်ဆောက်ခြင်းဟာ နှစ်ဖက်တို့က တန်းတူရည်တူ၊ အပြန်အလှန် အကျိုးရှိစေရေး အခြေခံပေါ်မှာ စီးပွါးကုန်သွယ်ရေးမူ အတိုင်း ပြုလုပ်တဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် ဖြစ်ပြီး ရည်ရွယ်ချက် ကတော့ ယင်းဆိပ်ကမ်းကို အိန္ဒိယ သမုဒ္ဒရာ ကုန်စည်စီးဆင်းမှု ဗဟိုချက်မ အဖြစ် ဆောက်လုပ်ဖို့ ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရောက်တဲ့အခါ အဲဒီ ဆိပ်ကမ်းမှ ဝင်ငွေဟာ သီရိလင်္ကာ အစိုးရ ဝင်ငွေ စုစုပေါင်း ပမာဏရဲ့ ၄၀ ရာခိုင်နှုန်း ရှိမှာ ဖြစ်ပြီး တိုက်ရိုက်အလုပ်အကိုင်နေရာ ၁ သောင်းနဲ့ သွယ်ဝိုက် အလုပ်အကိုင်နေရာ ၆ သောင်းကို ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း လူသိရှင်ကြား ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီလို အပြန်အလှန် အကျိုးရှိစေနိုင်တဲ့ စီမံကိန်း တစ်ရပ်ဟာ ပင့်စ်ရဲ့ အမြင်အရ အတင်းအဓမ္မ အရောင်းအဝယ် ဖြစ်တဲ့ အပြင်၊ စစ်ရေး အမှတ်အသားကိုလည်း အတင်း တပ်ပေးထားတယ်။ အဲဒါဟာ စံတင်လောက်တဲ့ အမေရိကန်ပုံစံ ဗိုလ်ကျစိုးမိုးရေး အတွေးအခေါ် ဖြစ်တယ်။ အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံ ၇၀ ကျော်မှာ စစ်ရေးစခန်း ၈၀၀ ကျော် ရှိတယ်၊ ဒါကြောင့် အခြားနိုင်ငံများရဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပုံမှန် အမြင်နဲ့ မြင်ဖို့ သိပ်ခက်ပါတယ်။

သီရီလင်္ကာ အပြင်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလား၊ ဂျီဘူတီ စတဲ့ နိုင်ငံများကိုလည်း "ကြွေးမြီ ထောင်ချောက်" ထဲ ကျနေပြီလို့ အမေရိကန်က ဆိုတယ်။ အဲဒီ နိုင်ငံတွေဟာ တူညီချက် တစ်ရပ် ရှိတယ်၊ အဲဒါကတော့ တရုတ်နိုင်ငံနဲ့ Belt and Road ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ် ချင်တာ ဖြစ်တယ်။

Belt and Road ပူးပေါင်း ဆောင်ရွက်မှု ထဲက လုပ်ငန်းစဉ် တစ်ရပ် အပါအဝင် ဖြစ်တဲ့ တရုတ်-ပါကစ္စတန် စီးပွါးရေး စင်္ကြံ နဲ့ ဥပမာ တင်မယ် ဆိုရင်၊ ပါကစ္စတန် ဘဏ္ဍာရေး ဝန်ကြီး အူမာက မကြာခင်က လွှတ်တော်အား တင်ပြတဲ့ စာရင်းအရ၊ တရုတ်ပြည်မှ ချေးငွေဟာ ပါကစ္စတန်ရဲ့ နိုင်ငံခြား ချေးငွေ စုစုပေါင်းပမာဏရဲ့ ၁၂ ရာခိုင်နှုန်းပဲ ရှိတယ်။ တရုတ်-ပါကစ္စတန် စီးပွါးရေး စင်္ကြံ ဆောက်လုပ်နေဆဲ လုပ်ငန်းစဉ် ၂၂ ခု ထဲမှာ လုပ်ငန်းစဉ် ၁၈ ခုဟာ တရုတ်ပြည် တိုက်ရိုက် ရင်းနှီးမြှုပ်နှံ သို့မဟုတ် ထောက်ပံ့ကူညီတာ ဖြစ်ပြီး လုပ်ငန်းစဉ် ၄ ခုသာ တရုတ်ပြည်ရဲ့ အထူး အခွင့်အရေးခံ ချေးငွေ ဖြစ်တယ်။ အဲဒီ ချေးငွေရဲ့ အတိုးနှုန်းဟာ ၂ ရာခိုင်နှုန်းသာ ရှိပြီး အနောက်နိုင်ငံများမှ ထုတ်ပေးတဲ့ ချေးငွေများရဲ့ အတိုးနှုန်းထက် များစွာ ပိုနိမ့်ပါတယ်။ "ကြွေးမြီ ထောင်ချောက်" အပြောအဆိုနဲ့ ပတ်သက်ပြီး ပါကစ္စတန် အစိုးရက၊ အဲဒါဟာ အဖြစ်မှန် မဟုတ်ကြောင်း၊ အဲဒီ စကား ပြောသူဟာ တရုတ်-ပါကစ္စတန် စီးပွါးရေး စင်္ကြံ အကြောင်း မသိ နားမလည်ဘူး၊ ဒါမှမဟုတ်ရင် လူသိမပေးဝံ့တဲ့ ရည်ရွယ်ချက် ရှိတာ သေချာတယ်လို့ ပြောကြားခဲ့တယ်။

   Webradio