• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကန် ဆက်ဆံမှုကို ထိခိုက်သော အပြောနှင့်အလုပ်ကို ကန်ရပ်စဲရန် တရုတ်လှုံ့ဆော်တိုက်တွန်း

(GMT+08:00) 2018-10-10 16:27:23

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခန်းက အမေရိကန်နိုင်ငံအနေနှင့် တရုတ်ပြည်အပေါ် အကြောင်းမဲ့ သရုပ်ဖျက်ပြောဆိုခြင်းနှင့် ပြစ်တင်ဝေဖန်ခြင်းကို ရပ်စဲရန်၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်စဲရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံမှုကို ထိခိုက်သော အပြောအဆိုနှင့် အပြုအမူကို ရပ်စဲရန် တရုတ်ပြည်ဘက်က လှုံ့ဆော်တိုက်တွန်းကြောင်း ယခုလ ၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        မကြာခင်ရက်များက အမေရိကန်ခေါင်းဆောင်က မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်ပြည်က အမေရိကန် ပြည်တွင်းရေးနှင့် ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ပြစ်တင်ခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး လူခန်းက အမေရိကန်ခေါင်းဆောင်များ၏ အကြောင်းမဲ့ ပြစ်တင်ပြောဆိုခြင်းနှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက်က အစကတည်းကပင် ရပ်တည်ချက်ကို ဖော်ပြပြီး ယင်းသည် အထောက်အထားကင်းမဲ့သော စိတ်ကူးယဉ်ဖြစ်သဖြင့် လက်ခံမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၈ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအိုနှင့် တွေ့ဆုံခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက်က ပွင့်လင်းဖြောင့်မတ်သည်ဟု အလေးထား ပြောကြားခဲ့ကြောင်း ပြောဆိုသည်။

        လူခန်းက ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း၊ အမေရိကန်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ခြင်း များသည်ထက်များလာသဖြင့် အမေရိကန်နိုင်ငံမှ လုပ်ငန်းများသည် တရုတ်ပြည်၏ တုံ့ပြန်ဆောင်ရွက်မှုများကြောင့် ထိခိုက်မှု ခံရမည်ဖြစ်ကြောင်း၊ တရုတ်မီဒီယာများက အမေရိကန်မီဒီယာတွင် သတင်းဆောင်းပါး ထုတ်ပြန်ခြင်းသည် အမေရိကန်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဆိုခြင်းမှာ တရုတ်မီဒီယာနှင့် အမေရိကန်မီဒီယာ၏ ပုံမှန်ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး အမေရိကန်ဥပဒေကို ဖောက်ဖျက်ခြင်းမရှိကြောင်း၊ နိုင်ငံခြားမီဒီယာ အမြောက်အများကလည်း ဤသို့လုပ်နေကြကြောင်း၊ တရုတ်-အမေရိကန်အကြား ပုံမှန် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန် ပြည်တွင်းရေးနှင့် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်းအဖြစ် ပြောထားခြင်းသည် အထောက်အထားကင်းမဲ့ကြောင်း၊ အမေရိကန်မီဒီယာနှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကလည်း ယင်း ပြစ်တင်ခြင်းမှာ ယုတ္တိတန်ဟု ယူဆကြကြောင်း ပြောကြားသည်။

   Webradio