• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သတ်မှတ်ချက်အတိုင်း ရဲဝံ့စွာ ဆောင်ရွက်ကြ၊ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် ပြုပြင်ပြောင်းလဲမှုကို တရုတ် အားဖြည့်နေ

(GMT+08:00) 2018-09-30 09:12:21

မကြာခင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးကော်မတီဟာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအား ပေးရေးဆိုင်ရာ စာတမ်း ခြောက်ရပ်ကို စိစစ် အတည်ပြုခဲ့ပါတယ်။ အဲဒါတွေထဲမှာ "လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ်ရေးဇုန် ပြုပြင်ပြောင်းလဲမှုနဲ့ ဆန်းသစ်တီထွင်မှု အားပေး ထောက်ခံရေး" စာတမ်းဟာ လူတကာ အာရုံစူးစိုက်ရာ ဖြစ်လာပါတယ်။ အဲဒီ စာတမ်းထဲမှာ အသေးစိတ် ဆောင်ရွက်ရေး နည်းလမ်းများကို မထုတ်ပြန် သေးပေမယ့် အချက် လေးရပ်ကို ပြသထားပါတယ်။

ပထမ အချက် အနေနဲ့၊ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံမှာ လွတ်လပ်စွာကုန်သွယ်မှု စမ်းသပ်ရေးဇုန်နဲ့ ပတ်သက်ပြီး ပိုမိုများပြားတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ရေး အခွင့်အရေးကို ပေးမယ်လို့ တင်ပြခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ မူဝါဒများကို ချမှတ်ထားတယ်။ တရုတ်ပြည် ပြုပြင် ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်တဲ့ နှစ် ၄၀ ပြည့် အခါသမယမှာ တရုတ် နိုင်ငံဟာ ကနဦးစိတ်အလျောက် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို စနစ်တကျ ဆက်လက် တွန်းအားပေးမယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

ဒုတိယ အချက် အနေနဲ့၊ တရုတ်ပြည် ရှန်ဟိုင်း၊ ကွမ်တုန်း၊ ထျဲန်းကျင်း၊ ဖူကျန့်၊ ဟိုင်နန် အပါအဝင် လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ်ရေးဇုန် ၁၂ ခုမှာ ဗဟိုကော်မတီရဲ့ ဆောင်ရွက်မှုများကို ရှေးဦးစွာ အကောင်အထည် ဖေါ်ဆောင်မှာ ဖြစ်ပြီး၊ မူဝါဒ ပတ်ဝန်းကျင်၊ အရင်းအမြစ်၊ စနစ်၊ ဈေးကွက် စတဲ့နယ်ပယ်များမှာ ယှဉ်ပြိုင်စွမ်းအား ရှိတဲ့ အဆိုပြုချက်များကို ချမှတ်ကာ ဒေသခံ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်နဲ့ တံခါးဖွင့်ရေးကို တိုက်ရိုက် တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။

တတိယ အချက် အနေနဲ့၊ လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ်ရေးဇုန်များဟာ ပိုမို များပြားတဲ့ အခွင့်အာဏာကို ရရှိမှာ ဖြစ်ပြီး၊ စူးစမ်း လေ့လာ စမ်းသပ်မှုများကို ပြုလုပ်ကာ၊ ရရှိမယ့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အတွေ့အကြုံများနဲ့ တံခါးဖွင့်ရေး အောင်ကျိုးရလဒ်များဟာ တရုတ်ပြည် အပါအဝင် တစ်ကမ္ဘာလုံးကို အကျိုး မျှဝေ ခံစားစေမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း တရုတ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ်ရေးဇုန်များမှာ မနဲလှတဲ့ အတွေ့အကြုံနဲ့ နည်းကောင်းများ ဖြစ်တည်လာပြီ ဖြစ်ပြီး တစ်ပြည်လုံးမှာ စနစ်တကျ အကောင်အထည် ဖေါ်ဆောင်လာနေပါတယ်။ အဲဒါတွေထဲမှာ၊ ကုလသမဂ္ဂရဲ့ ကုန်သွယ်မှု ချောမော အဆင်ပြေစေရေးဆိုင်ရာ အတွေးအခေါ်ကို တင်သွင်း လာခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ တစ်မျိုးတည်းသော ပြတင်းပေါက် ဖြစ်တည်လာခြင်း စတာတွေ ပါဝင်ထားတယ်။ ပညာမူပိုင်ခွင့်၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ မြေယာ အသုံးပြုရေး စတဲ့နယ်ပယ်တွေမှာလည်း ဒေသအရပ်ရပ်မှ လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ်ရေးဇုန်မှာ ဆန်းသစ်မှုများကို အဆက်မပြတ် ပြုလုပ်ပြီး နိုင်ငံတကာမှာ ယဉ်ပြိုင်စွမ်းအားကို တိုးမြှင့် လာနေပါတယ်။

စတုတ္ထ အချက် အနေနဲ့၊ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီး အခွင့်အာဏာ တိုးမြှင့်၍ တံခါးဖွင့်ရေးကို တိုးချဲ့သွားမျာ ဖြစ်ပါတယ်။ လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ်ရေးဇုန် ထားရှိခြင်းရဲ့ ရည်ရွယ်ချက်ဟာ အဲဒီဇုန်များကတစ်ဆင့် စီးပွါး ကုန်သွယ်ရေး နယ်ပယ်မှာ ပြုပြင်ပြောင်းလဲမှုနဲ့ စူးစမ်းလေ့လာမှုများကို ပြုလုပ်ပြီး နောက်ဆုံးမှာ တစ်ပြည်လုံး စီးပွါးရေး တံခါးဖွင့်ရေးနဲ့ ဖွံ့ဖြိုးရေးကို မြှင့်တင်စေဖို့ပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ်ရေးဇုန်ရဲ့ ဆန်းသစ် စမ်းသပ်မှုမှာ သတ်မှတ်ချက် ရှိတာ ဖြစ်တယ်၊ အဲဒါကတော့ နိုင်ငံတော် စီးပွါးရေး လုံခြုံမှုကို မထိရ၊ မကျော်ရပဲ ဖြစ်တယ်။ အဲဒီသတ်မှတ်ချက် အခြေခံပေါ်မှာ တရုတ်နိုင်ငံဟာ လွတ်လပ်စွာ ကုန်သွယ်မှု စမ်းသပ်ရေးဇုန်ရဲ့ ကိုယ့်ထူးခြားချက်ကိုယ်စီ ထိန်းသိမ်းခြင်းကို တရုတ် အစိုးရက အားပေး ထောက်ခံပါတယ်။ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ဖန်တီးခြင်း၊ ကုန်သွယ်မှု ချောမွေ့ အဆင်ပြေစေရေးကို တိုးမြှင့်ပေးခြင်း၊ ငွေကြေး ဝန်ဆောင်မှု ဆန်းသစ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် နယ်ပယ်မှာ ဆန်းသစ် စမ်းသပ်မှုများ တွန်းအားပေးခြင်း စတဲ့နယ်ပယ်မှာ တရုတ်နိုင်ငံဟာ အခွင့်အာဏာ အပ်နှင်းမှုကို တိုးချဲ့မှာ ဖြစ်ပြီး တံခါးဖွင့်ရေးကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio