• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အထစ်အငေါ့၏ အဖြစ်မှန်နှင့် တရုတ်ပြည်၏ သဘောထား ရပ်တည်ချက် ဆိုင်ရာ စက္ကူဖြူစာတမ်းကို တရုတ် ထုတ်ပြန်

(GMT+08:00) 2018-09-24 13:49:07

တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ယခုလ ၂၄ရက်နေ့က တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အထစ်အငေါ့၏ အဖြစ်မှန်နှင့် တရုတ်ပြည်၏ သဘောထား ရပ်တည်ချက် ဆိုင်ရာ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ကြောင်း၊ ရည်ရွယ်ချက် မှာ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု အဖြစ်မှန်ကိုရော၊ တရုတ်- အမေရိကန် စီးပွားကုန်သွယ်ရေး အထစ်အငေါ့ အပေါ် တရုတ်ပြည်၏ မူဝါဒနှင့် သဘောထား ရပ်တည်ချက်ကိုပါ ရှင်းလင်းဖော်ပြပြီး ၄င်းပြဿနာအား တရားနည်းလမ်း ကျစွာဖြင့် ဖြေရှင်းရေးကို တွန်းအားပေးရန် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းစက္ကူဖြူစာတမ်းသည် စာလုံးပေါင်း ၃သောင်း၆ထောင်ခန့်ရှိကြောင်း၊ စာတမ်းတွင် နိဒါန်း အပြင်၊ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန် အကျိုးရှိစေခြင်းနှင့် win-winဖြစ်ခြင်း၊ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု အဖြစ်မှန်၊ အမေရိကန် အစိုးရ၏ ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လုပ်ရပ်၊ အမေရိကန် အစိုးရ၏ ကုန်သွယ်မှု ဆိုင်ရာ အနိုင်ကျင့်မှု လုပ်ရပ်၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် အမေရိကန် အစိုးရ၏ တရားနည်းလမ်းမကျသည့် လုပ်ရပ်မှ အန္တရာယ်နှင့် တရုတ်ပြည်၏ သဘောထား ရပ်တည်ချက် အပိုင်း ၆ပိုင်း ပါဝင်ကြောင်း သိရသည်။

၎င်းစက္ကူဖြူစာတမ်းတွင် တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်သလို အမေရိကန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖွံ့ဖြိုးပြီး နိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှုသည် နှစ်နိုင်ငံ အတွက် အရေးကြီးသည့် အပြင်၊ ကမ္ဘာ့ စီးပွားရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အရေးကြီးသည့် သြဇာ သက်ရောက်မှု ရှိကြောင်း ရေးသားဖော်ပြသည်။

၎င်းစက္ကူဖြူစာတမ်းတွင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် မတူခြားနားသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကာလတွင် ရှိပြီး စီးပွားရေးစနစ်လည်း မတူခြားနား ကြောင်း၊ စီးပွားကုန်သွယ်ရေး အထစ်အငေါ့ ဖြစ်ပွားခြင်းသည် ပုံမှန်ကြောင်း၊ သော့ချက် ကျသည်မှာ အပြန်အလှန် ယုံကြည်မှု တိုးပွားစေရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ သဘောကွဲလွဲမှု စီမံထိန်းချုပ်ရေး ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ထို့အပြင်၊ ၄င်းစက္ကူဖြူစာတမ်းတွင် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုသည် နှစ်နိုင်ငံ ပြည်သူများ၏ ချမ်းမြေ့သာယာမှုနှင့် သက်ဆိုင်သည့် အပြင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးနှင့်လည်း သက်ဆိုင်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံတို့ အတွက် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ကြောင်း၊ win-winရှိလျှင် ပိုမိုကောင်းမွန်သည့် အနာဂတ်ရေးကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ သဘောထား ရပ်တည်ချက်သည် ရှင်းလင်းပြတ်သားကြောင်း၊ ၄င်းသဘောထား ရပ်တည်ချက်ကို တလျှောက်လုံး စွဲကိုင်မည် ဖြစ်ကြောင်းလည်း ရေးသားဖော်ပြသည်။

   Webradio