• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ် ပြုပြင်ပြောင်းလဲမှုဟာ သဘောတူညီချက် သုံးရပ် အပေါ် မူတည်သင့်တယ်

(GMT+08:00) 2018-09-22 16:29:37

ဒီသီတင်းပတ်အတွင်း ဥရောပသမဂ္ဂ ကော်မတီနဲ့ ကနေဒါ နိုင်ငံတို့ဟာ WTO ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် စာတမ်း မူကြမ်းကို ရှေ့ဆင့်နောက်ဆင့် တင်ပြ ခဲ့တယ်။ နောက် သီတင်းပတ် တစ်ပတ် ပြီးနောက် WTO စွဲချက်တင်ဌာနမှ မော်ရစ်ရှပ် နိုင်ငံသား တရားသူကြီး စေဗန်စင် တာဝန်သက်တမ်း ကုန်ဆုံးမှာနဲ့ အမျှ WTO စွဲချက်တင်ဌာနဟာ ပုံမှန် လည်ပတ်သွားနိုင်မှာ မဟုတ်တော့ဘူး ဖြစ်နိုင်မယ်။ နိုင်ငံတကာ နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ဟာ သမိုင်းမှာ အပြင်းထန်ဆိုးရွားဆုံးသော အကျပ်အတည်းနဲ့ ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။

WTO အငြင်းပွါးမှု ဖြေရှင်းရေးစနစ်ဟာ နိုင်ငံတကာ နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ရဲ့ အမြုတေ ဖြစ်ပြီး WTO စွဲချက်တင်ဌာနဟာ WTO ရဲ့ တရားရုံးချုပ်လို အခန်းမှ ပါဝင်ဆောင်ရွက်နေကာ အဖွဲ့ဝင်နိုင်ငံများရဲ့ ကုန်သွယ်ရေး အငြင်းပွါးမှု အပေါ် နောက်ဆုံး စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ WTO စွဲချက်တင်ဌာန ပုံမှန် လည်ပတ်နိုင်မနိုင်ဟာ WTO ရဲ့ အာဏာ သက်ရောက်မှု အပေါ် အဆုံးအဖြတ် ပေးပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့မှာ အမေရိကန် နိုင်ငံဟာ တရားသူကြီး စေဗန်စင်ရဲ့ ဒုတိယအကြိမ် တာဝန်သက်တမ်း တာဝန် ခန့်အပ်ဖို့ကို ဗီဒိုအာဏာကျင့်သုံးပြီး ငြင်းဆိုခဲ့တယ်။ အဲဒါဟာ WTO စွဲချက်တင်ဌာန တရားသူကြီးအား တာဝန် ခန့်အပ်ဖို့ကို အမေရိကန်က ၁၁ လ ဆက်တိုက် တားဆီးခဲ့ခြင်း ဖြစ်တယ်။ ဒီလိုဖြစ်ရင် တရားသူကြီး စေဇန်စင်က ဒီလ ၃၀ ရက်နေ့မှာ တာဝန်သက်တမ်း ကုန်ဆုံးပြီးနောက် WTO စွဲချက်တင်ဌာနမှာ တရားသူကြီး သုံးယောက်သာ ကျန်ရစ်တော့မှာ ဖြစ်ပြီး တရားသူကြီး သုံးယောက်ဟာ ကုန်သွယ်ရေး အငြင်းပွါးမှုကို စုံးစမ်း စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ တရားသူကြီး အနည်းဆုံး ဦးရေ ဖြစ်တယ်။ အဲဒီ တရားသူကြီး သုံးယောက် ထဲမှာ တစ်ဦးဦးက အကြောင်း တစ်မျိုးမျိုးကြောင့် စီရင်ဆုံးဖြတ်မှုမှာ မပါဝင်နိုင်ပါက စွဲချက်တင်ဌာနဟာ လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ သက်ဆိုင်ရာ သုံးသပ်ချက် အရ ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ WTO စွဲချက်တင်ဌာနမှာ တရားသူကြီး တစ်ယောက်သာ ကျန်ရစ်တော့မှာ ဖြစ်နိုင်ခြေ ရှိပါတယ်။

အထက်ပါ အခြေအနေ ရှောင်ရှားဖို့ဟာ အခုလောလောဆယ်မှာ WTO ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရေးတကြီး အကျဆုံးသော ကိစ္စရပ်ပဲ ဖြစ်ပါတယ်။ WTO ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးပြီး နိုင်ငံတကာ ကုန်သွယ်ရေးစနစ် ပြန်လည် ရှင်သန် စေဖို့အတွက် နိုင်ငံတကာ အဓိက စီးပွါးရေးအုပ်စုများဟာ အောက်ပါ အရေးကြီး သဘောတူညီချက်များကို ရရှိဖို့ လိုအပ်ပါတယ်။

ပထမ အချက်ကတော့ အမေရိကန်ရဲ့ WTO စွဲချက်တင်ဌာန အပေါ် အတားအဆီးများကို ဖျက်ပစ်ဖို့ ဖြစ်တယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ အမေရိကန်ဟာ အစိုးရအဖွဲ့ကို ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းကို အကြောင်းပြပြီး စွဲချက်တင်ဌာန တရားသူကြီးသစ် ရွေးချယ်တင်မြှောက်ရေး အစီအစဉ်ကို တားမြစ်ခဲ့တယ်၊ ဒီ့နောက်မှာလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ တားဆီးမှုများ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် ဖြေရှင်းရေး အဆိုပြုချက် တစုံတခု တင်ပြခြင်း ဘယ်တော့ကမှ မရှိဘူး။ ဥရောပသမဂ္ဂက၊ တကယ်လို့ အမေရိကန်က WTO စွဲချက်တင်ဌာန တရားသူကြီးသစ် ရွေးချယ် တင်မြှောက်ရေးကို ဆက်လက် တားမြစ်ပါက၊ WTO အငြင်းပွါးမှု ဖြေရှင်းရေးစနစ်ကို နောက်ဆုံး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အထိသာ ထိန်းသိမ်းထားနိုင်မယ်လို့ သတိပေး ပြောဆိုပါတယ်။

ဒုတိယအချက်ကတော့ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါးကာကွယ်ရေးနဲ့ တစ်ဖက်သတ် ဝါဒကို တားမြစ် တိုက်ဖျက်ဖို့ ဖြစ်တယ်။ အမေရိကန်ဟာ WTO စွဲချက်တင်ဌာန တရားသူကြီးများအား ခန့်အပ်ရေးလုပ်ငန်း အပေါ် အတားအဆီး ပြုနေတဲ့ အပြင်၊ အမေရိကန်ဟာ ကုန်သွယ်ရေး အငြင်းပွါးမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ WTO ကို ဘေးဖယ်ပြီး ကိုယ့်ပြည်တွင်းဥပဒေအရ ကမ္ဘာ့ အဓိက စီးပွါးရေး အုပ်စုများအပေါ် အခွန် တိုးကောက်၍ အဲဒီ စီးပွါးရေးအုပ်စုများက အမေရိကန်အား အညံ့ခံ အလျှော့ပေးအောင် အကျပ်ကိုင် လုပ်ဆောင်နေတယ်။ အဲဒါဟာ WTO ရဲ့ သြဇာအာဏာကို ပြင်းထန်စွာ ထိခိုက်နေပြီး နိုင်ငံတကာ နိုင်ငံစုံ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းကို ဖျက်ဆီးနေပါတယ်။ ဒါကို ရည်စူးပြီး ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ဟာ လက်ရှိ နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းကို ခေတ်မီရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့၊ အဖွဲ့ဝင်နိုင်ငံများရဲ့ ကုန်သွယ်ရေး ဆောင်ရွက်မှုအပေါ် WTO ရဲ့ ကြီးကြပ်မှုကို တိုးမြှင့်ဖို့ တင်ပြထားပါတယ်။

တတိယအချက်ကတော့၊ တညီတညွတ်တည်းဖြစ်အောင် တိုင်ပင်ဆွေးနွေးရေး မူကို စွဲကိုင်ဖို့ ဖြစ်တယ်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ WTO ပြုပြင်ပြောင်းလဲရေးရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဖက်ခြမ်း ကွာဟမှု ပိုမို တိုးလာစေဖို့ မဟုတ်ဘဲ၊ နိုင်ငံအသီးသီးတို့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အောင်ကျိုးရလဒ်များကို ပိုမို တရားမျှတစွာ မျှဝေခံစားစေဖို့ပဲ ဖြစ်တယ်လို့ ပြောကြားပါတယ်။ ပြီးတော့ တညီတညွတ်တည်းဖြစ်အောင် တိုင်ပင်ဆွေးနွေးရေး မူဟာ WTO စေ့စပ်ဆွေးနွေးရေးစနစ်ဆိုင်ရာ အခြေခံမူ တစ်ရပ်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

   Webradio