• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲ ပိုမို ပြင်းထန်အောင် လုပ်ဆောင်ခြင်းသည် ပြဿနာ ဖြေရှင်းဖို့အတွက် အကျိုးရှိမှာ မဟုတ်

(GMT+08:00) 2018-09-19 09:49:59

အမေရိကန်ဟာ ပြည်တွင်းပြည်ပမှ အများစုကြီး ဖြစ်တဲ့ ကန့်ကွက် ဆန့်ကျင်မှုတွေကို လျစ်လျူရှုပြီး ဒီလ ၂၄ ရက်နေ့က စပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းအပေါ် ၁၀ ရာခိုင်နှုန်း အခွန် တိုးကောက်ဖို့၊ ဆက်လက်ပြီးလည်း တခြားသော အခွန် တိုးကောက်ရေး ဆောင်ရွက်မှုများ ပြုလုပ်ဖို့ ကြေညာခဲ့ပါတယ်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ အမေရိကန်ရဲ့ အဲဒီ လုပ်ရပ် အပေါ် လွန်စွာ ဝမ်းနည်းကြောင်း၊ မိမိတို့၏ တရားမျှတသော အခွင့်အရေးနှင့် နိုင်ငံတကာ လွတ်လပ်စွာ ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းဖို့အတွက် တရုတ်နိုင်ငံဟာ မလုပ်မဖြစ် တုံ့ပြန် ဆောင်ရွက်မှာ ဖြစ်ကြောင်း ၁၈ ရက်နေ့က ပြောကြားခဲ့တယ်။

အမေရိကန်က အထက်ပါ ဆင်ခြင်ဉာဏ် မရှိတဲ့ ဆုံးဖြတ်ချက် ပြုလုပ်ခြင်းဟာ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကို ဆက်လက် ပြင်းထန် ဆိုးဝါးလာစေမှာ  ဖြစ်ပါတယ်။ မကြာခင်ကပဲ အမေရိကန်ဟာ ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲကို ပြုလုပ်ဖို့ တရုတ်ပြည်အား ဖိတ်ခေါ်ခဲ့တယ်၊ တရုတ်ပြည်ကလည်း ယင်းကို ကြိုဆိုတယ်လို့ ဖေါ်ပြ ခဲ့တယ်၊ နိုင်ငံတကာ ဈေးကွက်များလည်း ဒါ့အတွက်ကြောင့် ရှင်သန်ဖွယ်ရာ လက္ခဏာများ ပေါ်လာခဲ့တယ်။ ဒါပေမဲ့ အခု အမေရိကန်က ရုတ်တရက် အဲဒီ ဆုံးဖြတ်မှုကို ထုတ်ပြန်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ တရုတ်ပြည်အား ဆက်လက် လွန်ကဲစွာ ဖိအားပေးဖို့ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တရုတ်ပြည်ဘက်က၊ အမေရိကန်က ဇွတ်အတင်း အခွန် တိုးကောက်ခြင်းဟာ နှစ်ဖက် တိုင်ပင်ဆွေးနွေးမှု အပေါ် မတည်ငြိမ်ဖွယ်ရာများ ဖြစ်စေပြီး၊ အမေရိကန် အနေနဲ့ အဲဒီ ဆောင်ရွက်မှုကြောင့် ဖြစ်စေနိုင်တဲ့ ဆိုးကျိုးများကို နားလည်သိရှိနိုင်၍ ယုံကြည်ရတဲ့ နည်းလမ်းနဲ့ အချိန်မီ ပြုပြင်ဖို့ မျှော်လင့်ကြောင်း ဖေါ်ပြထားပါတယ်။

အမေရိကန်က ဘယ်လိုပဲ အကြိမ်ကြိမ်အဖန်ဖန် ပြောင်းလဲ ပြောင်းလဲ၊ တရုတ်နိုင်ငံဟာ မိမိရဲ့ ကိစ္စရပ်များကို ကောင်းမွန်အောင် လုပ်ဆောင်စွမ်း ရှိပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံတော်ရဲ့ အမြုတေကျ အကျိုးစီးပွါးနဲ့ ပြည်သူပြည်သားများရဲ့ အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်သွားမယ်။ လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ နိုင်ငံစုံ စနစ်ကိုလည်း ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်သွားမှာ ဖြစ်ပါတယ်။

ထရန့်က၊ အမေရိကန်ရဲ့ သမ္မတ အနေနဲ့ အမေရိကန် အလုပ်သမား၊ လယ်သမား၊ မွေးမြူရေးသမား၊ လုပ်ငန်းကုမ္ပဏီများနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွါးကို ထိန်းသိမ်း ကာကွယ်ဖို့ဟာ မိမိရဲ့ တာဝန်ဝတ္တရားပဲလို့ ပြောခဲ့တယ်။ တကယ် ဒီလို ဖြစ်ရင်၊ ထရန့်ဟာ အမေရိကန် လုပ်ငန်း အသင်းအဖွဲ့ ၁၅၀ ကျော်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကို ကန့်ကွက်တဲ့ အိတ်ဖွင့်စာကို သေချာ ဖတ်သင့်တယ်၊ အမေရိကန် လုပ်ငန်း အသင်းအဖွဲ့ ၈၀ ကျော်တို့ရဲ့ "အခွန်တိုးကောက်ခြင်းဟာ အမေရိကန်ကို လေးနက်စွာ ထိခိုက်နေ" ဆောင်ပုဒ် ဖြစ်တဲ့ ဆန္ဒတင် လှုပ်ရှားမှုမှာ ပါဝင်သူများရဲ့ အသံကို သေချာ နားထောင်သင့်တယ်။ ထရန့် အနေနဲ့ တကယ်စင်စစ် နိုင်ငံတော်၊ လုပ်ငန်းကုမ္ပဏီနဲ့ ပြည်သူများရဲ့ အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ် လိုပါက၊ ဆင်ခြင်ဉာဏ် ကင်းမဲ့သော ဆုံးဖြတ်ချက်ကို အမြန်ဆုံး ပြုပြင်ပြီး တရုတ်နဲ့ အမေရိကန်ရဲ့ အငြင်းပွါးမှု ဖြေရှင်းရေး တိုင်ပင်ဆွေးနွေးမှု အတွက် ကတိသစ္စာနဲ့ သဘောထားကောင်းမှုများကို ပေးကမ်းသင့်ပါတယ်။

   Webradio