• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား "အရှေ့ဘက်ကြည့်"၊ "ရှုခင်းသာ" ၃ခုကို တွေ့မြင်

(GMT+08:00) 2018-09-11 17:29:49

စတုတ္ထအကြိမ် အရှေ့တိုင်း စီးပွားရေး ဖိုရမ်ကို ယခုလ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ရုရှား နိုင်ငံ အရှေ့ဖျားဒေသ Vladivostokမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အရှေ့မြောက် အာရှ နိုင်ငံများမှ နိုင်ငံတော်နှင့် အစိုးရ ထိပ်သီးခေါင်းဆောင်များ၊ နိုင်ငံ ၆၀ကျော်မှ ကိုယ်စားလှယ်များသည် တက်ရောက် ကြကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ အတိုင်းအတာနှင့် အဆင့်သည် စံချိန်သစ်တင်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

အရှေ့တိုင်း စီးပွားရေး ဖိုရမ်ကို ၂၀၁၅ခုနှစ်က ရုရှား သမ္မတ ပူတင်၏ ကမကထ ပြုခြင်းဖြင့် စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသည် ရုရှား အနေနှင့် အမေရိကန်၊ ဥရောပနှင့် ဆက်ဆံမှု ဆိုးရွားသွားခဲ့သည့် အခြေအနေမျိုးတွင် ပြုလုပ်ခဲ့သော "အရှေ့ ဘက်သို့ကြည့်ခြင်း" ဆုံးဖြတ်ချက်များတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ "အရှေ့ဘက်သို့ ကြည့်ခြင်း" မူဝါဒသည် အရေးယူမှု ဆိုင်ရာ ဖိအားပေးမှုကို လျှော့ပါးစေရန် ရုရှား နိုင်ငံမှ "ယာယီ ပရိယာယ် ထိန်းညှိမှု"ဖြစ်သည်ဟု အနောက် နိုင်ငံများက ယူဆကြကြောင်း၊ သို့သော် မကြာခင် နှစ်များက ရုရှားနိုင်ငံ အနေနှင့် အရှေ့ဘက်သို့ ချီတက်သည့် ခြေလှမ်း အရှိန်မြင့်လာသည်နှင့် အမျှ ၄င်းမူဝါဒသည် ရုရှား၏ ရေရှည် နိုင်ငံတော် မဟာဗျူဟာ၏ ထူးခြားချက်များကို တစ်နေ့တခြား ပေါ်လွင်လာစေခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

အရှေ့ဘက်သို့ ကြည့်ပြီး ရုရှားသည် တရုတ်-ရုရှား ပူးပေါင်း ဆောင်ရွက်ရေးမှ ဖန်တီးပေးလာသော ကြီးမားသည့် အကျိုးစီးပွားများကို တွေ့မြင်ရကြောင်း၊ ရုရှား၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ အနေနှင့် တရုတ်ပြည်သည် ၂၀၁၅ခုနှစ် ပထမဆုံး အကြိမ် အရှေ့တိုင်း စီးပွားရေး ဖိုရမ်မှ ယခုနှစ်အထိ နှစ်စဉ် အတိုင်းအတာကြီးမားသော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး တက်ရောက်ကြောင်း၊ ယခုအကြိမ် ဖိုရမ်တွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ကိုယ်တိုင် တက်ရောက်ခြင်းသည် တရုတ် နိုင်ငံတော် ထိပ်သီး အနေနှင့် အရှေ့ဖျား စီးပွားရေး ဖိုရမ်တွင် ပထမဆုံး အကြိမ် တက်ရောက်ခြင်းဖြစ်ပြီး အရှေ့ဖျား ပူးပေါင်းဆောင်ရွက်ရေးတွင် တရုတ်ပြည် အနေနှင့် ပါဝင်လိုသည့် သဘောထားကို အပြည့်အဝ ဖော်ပြနေကြောင်း၊ တရုတ်ပြည်သည် အရှေ့ဖျားဒေသတွင် ရုရှားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သကဲ့သို့ ရုရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးသော နိုင်ငံလည်း ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ဘီလီယံရှိကြောင်း၊ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ခြင်းသည် ရုရှား "အရှေ့ဘက်သို့ ကြည့်ခြင်း"မူဝါဒ၏ အရေးကြီးအစိတ်အပိုင်း ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

အရှေ့ဘက်သို့ ကြည့်ပြီး ရုရှားသည် အရှေ့မြောက်အာရှ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး ရှေ့အလားအလာကို တွေ့မြင်ရကြောင်း၊ အရှေ့မြောက် အာရှ ဒေသတွင် သယံဇာတ ပေါကြွယ်ဝပြီး ဈေးကွက် ရင့်ကျက်ကာ ကြီးမားသော ရှေ့အလားအလာ ရှိကြောင်း၊ အရှေ့တိုင်း စီးပွားရေး ဖိုရမ်ကို ၃ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး အရှေ့မြောက် အာရှတွင် ကောင်းမွန်သော သြဇာသက်ရောက်မှု ရှိကြောင်း၊ ယမန်နှစ် ဖိုရမ် ကျင်းပစဉ် အတွင်း စာချုပ်ချုပ်ဆိုမှု စုစုပေါင်း ပမာဏမှာ ရုရှား ရူဘယ်ငွေ ဘီလီယံ ၂၅၀၀ ရှိကြောင်း၊ ယခုနှစ်တွင် ရူဘယ်ငွေ ဘီလီယံ ၃၅၀၀ကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပြင်၊ မွန်ဂိုလီးယား နိုင်ငံ သမ္မတ ဘာတူလ်ဂါ၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးနှင့် တောင်ကိုးရီးယား ဝန်ကြီးချုပ် လီနတ်ယုံတို့သည်လည်း ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်ကြကြောင်း၊ လက်ရှိအချိန်တွင် အရှေ့မြောက် အာရှ ဒေသတွင် နှစ်ဖက်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်သည် တဖြည်းဖြည်း ဖြစ်တည် လာနေကြောင်း၊ ဒေသတွင်း နိုင်ငံများသည် Belt and Road အပေါ် သဘောတူညီမှု တဖြည်းဖြည်း ရရှိနေကြကြောင်း၊ ယင်းအခြေအနေမျိုးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အရှေ့မြောက် အာရှ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ အရှေ့တိုင်း စီးပွားရေး ဖိုရမ်သို့ တက်ရောက်ခြင်းသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့် တိုးမြှင့်ရန် တွန်းအားပေးပြီး အရှေ့မြောက် ဒေသတွင် Belt and Road တည်ဆောက်ခြင်း ဇောက်ချပြုလုပ်ရေးကို တစ်ဆင့်တိုး တွန်းအားပေးမည် ဖြစ်ကြောင်း၊ ယင်းသည် ရုရှားနိုင်ငံ၏ အရှေ့ဖျား ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် များစွာ အကျိုးရှိနိုင်ကြောင်း စီအာအိုင်က ဖော်ပြသည်။

အရှေ့ဘက်သို့ ကြည့်ပြီး ရုရှားသည် အာရှနှင့် ပစိဖိတ် စီးပွားရေး "အမြန်မောင်း ရထား"မှ ဆောင်ကြဉ်းလာသော ဖွံ့ဖြိုးရေး အခွင့်ကောင်းများကို တွေ့မြင်ရကြောင်း၊ အရှေ့ဖျားဒေသတွင် အလွန် ပေါကြွယ်ဝသော သဘာဝ သယံဇာတ ရှိသော်လည်း စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းနှင့် အခြေခံ အဆောက်အအုံ ခေတ်နောက်ကျခြင်း စသည်များကြောင့် ရှိသင့်သည့် မဟာဗျူဟာ အနက်အဓိပ္ပါယ်နှင့် စီးပွားရေး တန်ဖိုးကို ယခုအထိ မပေါ်လွင်စေနိုင်ကြောင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ညီမျှစွာ ဖွံ့ဖြိုး တိုးတက်ရေးကို မူတည်ပြီး မကြာခင် နှစ်များက ရုရှားသည် အရှေ့ဖျား ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတော် မဟာဗျူဟာ အဆင့်သို့ တိုးမြှင့်ခဲ့ကြောင်း၊ အာရှနှင့် ပစိဖိတ် စီးပွားရေးအဝိုင်း သည် ရုရှား အတွက် ကြီးမားသည့် စားသုံးမှု ဈေးကွက် ဖြစ်ကြောင်း၊ အရှေ့ဖျား ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးသည် ဒေသတွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၏ လိုအပ်မှု ဖြစ်ကြောင်း၊ ရုရှားတစ်နိုင်ငံလုံးသည် အရှေ့ဖျား ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးဖြင့် အာရှနှင့် ပစိဖိတ် စီးပွားရေး "အမြန်မောင်း ရထား"ကို စီးရန် ဆောင်ရွက်နေကြောင်း စီအာအိုင်က ဖော်ပြသည်။

အနောက်နိုင်ငံများနှင့် ဆက်ဆံမှု ဆိုးရွားသွားခြင်းကြောင့် ရုရှားနိုင်ငံ၏ အရှေ့ဘက် သို့ ချီတက်သည့် ခြေလှမ်းကို အသင့်အတင့် အရှိန်မြှင့်သော်လည်း ဥရောပသည် ရုရှား၏ အရေးကြီး ကုန်သွယ်ဖက် ဖြစ်မြဲဖြစ်နေသေးကြောင်း၊ ၂၀၁၇ခုနှစ်တွင် ရုရှားနှင့် ဥရောပ သမဂ္ဂ နိုင်ငံများ၏ ကုန်သွယ်မှု ပမာဏသည် ရုရှား၏ နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း ပမာဏ၏ ရာခိုင်နှုန်း ၄၀ကျော်ရှိနေသေးကြောင်း၊ "အရှေ့ဘက်သို့ကြည့်ခြင်း" မူဝါဒကျင့်သုံးခြင်းသည် ရုရှား အနေနှင့် အနောက်နိုင်ငံများ၊ အထူးသဖြင့် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်မှုကို လက်လွှတ်ရာ မကျရောက်ကြောင်း၊ ရုရှားသည် အရှေ့ဘက်နှင့် အနောက်ဘက် နှစ်ဖက်စလုံးကို ကြည့်မည် ဖြစ်ကြောင်း၊ သို့သော် အရှေ့ဘက်သို့ ကြည့်လျှင် မြင်ကွင်းပိုမိုကျယ်ပြန့်ပြီး ရှုခင်းလည်း ပိုမိုသာယာကြောင်း စီအာအိုင်က ဖော်ပြသည်။

 

   Webradio