• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံ၌ရုံးခွဲဖွင့်လှစ်ခြင်းနှင့် စီမံကိန်းဖော်ဆောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားကျင်းပ

(GMT+08:00) 2018-09-06 17:59:17

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း(China Foundation for Poverty Alleviation) မြန်မာနိုင်ငံ၌ ရုံးခွဲနှင့်စီမံကိန်းဖော်ဆောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့က ရန်ကုန် တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စီအာအိုင်မှသတင်းရရှိပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းဦး ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး သံမှူး Mr.Yang Shouzheng ၊ CFPA ဒုတိယ အတွင်းရေးမှူး Mr.Chen Hongtao ၊ CFPA နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန ဌာနမှူး Mr.Wu Peng၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပညာသင်ထောက်ပံ့ကြေးရရှိသည့် ကျောင်းသား/သူများ အပါ အ၀င် စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေဝင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် လွန်ခဲ့သည့် (၃)နှစ်တာကာလအတွင်း CFPA အနေဖြင့် မြန်မာ နိုင်ငံရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်ပေါင်း (၁၁)ခုရှိ ကျောင်းသားကျောင်းသူ(၁၂၀၀)ဦးအား ပညာသင်စရိတ် ထောက်ပံ့ကူညီခဲ့ကြောင်း ၊ ပေါက်ဖော်ပညာသင်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအနက် (၁၀)ဦးအား တရုတ်နိုင်ငံသို့ လေ့လာရေးခရီးများ စေလွှတ်ပေးခဲ့ကြောင်း ၊ ယခုလို CFPA၏ မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့သည်။

အဲဒီနောက် တရုတ်သံမှူး Mr.Yang Shouzheng မိန့်ခွန်းပြောကြားရာ  CFPA သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးမှတ်ပုံတင်သည့် တရုတ်နိုင်ငံမှ NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကျေးလက်ဒေသများ တွင် အခြေစိုက်ပြီး  ပြည်နယ်နှင့်တိုင်းဒေသကြီး (၈)ခုတွင် လူပေါင်း (၄) သောင်းကျော်ကို လက်တွေ့ကျသည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ CFPA က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါသည့် တာဝန်များထမ်းဆောင်ခဲ့ကြောင်း ၊ အနာဂတ်တွင် CFPA ကဲ့သို့သော တရုတ်နိုင်ငံ NGO အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး သွားပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး  ပိုမိုဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ကြောင်း၊ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ ပြည်သူများ လူမှုဘဝမြင့်တင်ရေးနယ်ပ်ာများတွင် တရုတ်နိုင်ငံဖက်မှ ဆက်တိုက်အားကုန် ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CFPA ဒုတိယအတွင်းရေးမှူး Mr.Chen Hongtaoကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် ချစ်ခင် ရင်းနှီးသည့် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံများ ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောင်ရွက် သည့် စီမံကိန်းအား "ပေါက်ဖော်ပညာသင်ဆု စီမံကိန်း"အမည်ပေးထားခဲ့ကြောင်း ၊ CFPA အနေဖြင့် (၃)နှစ်တာ ကာလ အတွင်း ထောက်ပံ့ရေးစရိတ်နှင့် ထောက်ပံ့ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ တရုတ်ယွမ်ငွေ (၁၆.၈၉) သန်း အသုံးပြုပြီး ပေါက်ဖော်ပညာသင်ငွေကြေးထောက်ပံ့ဆု၊ အပြည်ပြည်ဆိုင်ရာစေတနာ့ ၀န်ထမ်းများ၊ ကွန်ပျူတာ စာသင်ခန်း ၊ သန့်ရှင်းသည့်သောက်သုံးရေ ၊ တရုတ်-မြန်မာချစ်ကြည်ရေးပညာရေး ထောက်ပံ့ ဆု စီမံကိန်းနှင့် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းမှ ဆရာဆရာမများ တရုတ်ပြည်သို့သွားရောက် လေ့လာ ရေးခရီးစဉ် အစရှိ သည့်စီမံကိန်း(၁၀)ခုကို အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်ခဲ့သည့် တာဝန်ရှိသူများက သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး မှ ကိုယ်စားလှယ်များအား ပေါက်ဖော်ပညာသင်ဆုများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ပေါက်ဖော်ပညာသင်ဆုရရှိခဲ့သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသူ မခင်သီရိမွန်က ကျေးဇူး စကားပြောကြားရာတွင် CFPA ၏ ပညာသင်ထောက်ပံ့ကြေးက မိမိအတွက်များစွာ အထောက်အကူ ဖြစ်စေ ခဲ့ပြီး၊ ပေါက်ဖော်ပညာသင်ဆုရပြီးမှ မိမိသည် တရုတ်နိုင်ငံရှမ်ဟိုင်းသို့ လေလာခွင့်ရရှိပြီး အတွေ့အကြုံများစွာ ရရှိခဲ့သည့်အပြင် တရုတ်ဘာသာစကားအပါအဝင် မိမိစိတ်ဝင်စားသည့် သင်တန်းများ တက်ရောက်နိုင်ပါ ကြောင်း၊ ထို့ကြောင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့သည့် CFPAအား ကျေးဇူးအထူးတင်ရှိကြောင်း ပြော ကြားခဲ့သည်။

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်းကို ၁၉၈၉ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူများအား အရည်အသွေးကောင်းမွန်သော ပညာရေး ၊ ကျန်းမာရေး ၊ အသက်မွေးဝမ်း ကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘေးအန္တာရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စသည့်ကဏ္ဍများတွင် စုစုပေါင်းလူဦးရေ (၂) သန်းခန့်ကို ကူညီထောက်ပံ့လျှက်ရှိပါ သည်။

   Webradio