• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းအပေါ် အမေရိကန် အခွန် တိုးကောက်ရန် အစီအစဉ်နှင့် ပတ်သက်ပြီး၊ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက၊ အမေရိကန်၏ လုပ်ဆောင်မှုကို ကြည့်ပြီး တုံ့ပြန် ဆောင်ရွက်မည် ဆို

(GMT+08:00) 2018-09-06 17:49:41

ယခုလ ၆ ရက်နေ့ ညနေပိုင်းက ကျင်းပသော တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင်၊ မီဒီယာ တစ်ခုက၊ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းအပေါ် အမေရိကန် အခွန် တိုးကောက်ရန် အများပြည်သူ့ ဆန္ဒ ခံယူမှု ပြီးဆုံး ပြီးနောက်၊ လူ ၉၀ ရာခိုင်နှုန်းကျော် ကန့်ကွက် သော်လည်း ထရန့်သည် အများပြည်သူ့ဆန္ဒ ခံယူချိန် ပြီးနောက် အခွန် တိုးကောက်ရန် ဆက်လက် တွန်းအားပေး ဆောင်ရွက်ဖို့ ရှာကြံနေသည်ဟု ဖေါ်ပြခဲ့သည်။

ယင်းနှင့် ပတ်သက်ပြီး တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက၊ အချိန်ပိုင်း တစ်ပိုင်းအတွင်း အမေရိကန်ပြည်ဘက်သည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းစည်းကမ်းများကို ပြင်းထန်စွာ ကျောခိုင်း ဖျောက်ဖျက်ပြီး၊ တစ်ဖက်သတ် ဆောင်ရွက်မှုများကို အဆက်မပြတ် ထုတ်ပြန်ကာ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှုကို ဆက်တိုက် ပြင်းထန်ဆိုးရွားလာစေကြောင်း၊ ယင်သည် နှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီနှင့် စားသုံးသူများ၏ အကျိုးစီးပွါးကို ထိခိုက် ရုံသာမက၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် တန်းဖိုးကွင်းဆက်လုံခြုံမှုကိုလည်း ထိခိုက် လိုက်ကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ကောဖုန်းက၊ အကယ်၍ အမေရိကန်ပြည်ဘက်သည် အများပြည်သူ့ဆန္ဒ ခံယူမှုတွင် လုပ်ငန်းကုမ္ပဏီ အများစုကြီး၏ ကန့်ကွက်မှုကို လစ်လျူရှုပြီး ထင်သလိုကြိုက်သလို လုပ်ဆောင်ကာ တရုတ်ပြည်အား အခွန် တိုးကောက်ရန် ဆောင်ရွက်မှုသစ် ပြုလုပ် ပါက၊ တရုတ်ပြည်ဘက်သည် လိုအပ်သော တုံ့ပြန် ဆောင်ရွက်မှုများကို မလုပ်မဖြစ် လုပ်ရမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်း၌ မည့်သည့် ဖိအားပေး ဆောင်ရွက်မှု မဆို တရုတ်ပြည် အဖို့ ယုတ္တမတန် ဖြစ်၍ အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ဟု တရုတ်ပြည်ဘက်က ထပ်လောင်း ပြောကြားကြောင်း၊ ကုန်သွယ်ရေး စစ်ပွဲသည် မည်သည့် ပြဿနာ မဆို ဖြေရှင်း နိုင်မည် မဟုတ်ဘဲ တန်းတူရည်တူ၊ ကတိသစ္စာ ရှိသည့် တိုင်ပင်ဆွေးနွေးမှု မှသာ နှစ်ဖက် ကုန်သွယ်ရေး အငြင်းပွါးမှုကို ဖြေရှင်းရန် မှန်ကန်သော ရွေးချယ်ခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

ဒါအပြင် ကောဖုန်းက၊ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်မှ အခွန် တိုးကောက်ရန် အစီအစဉ်ကို ထုတ်ပြန် ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် သြဂုတ်လ ၃ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ခန့် တန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်း အပေါ် အခွန် တိုးကောက်ရန် တုံ့ပြန် ဆောင်ရွက်မှုကို ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ ကုန်ပစ္စည်း စာရင်းဇယားကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားပါသည်။

ကောဖုန်းက၊ တရုတ်နိုင်ငံသည် အမေရိကန်၏ ဆောင်ရွက်မှုကို ကြည့်ပြီး လိုအပ်သော တုံ့ပြန်ဆောင်ရွက်မှုကို ပြုလုပ်မည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် အခွန် တိုးကောက်ခြင်းကြောင့် ဖြစ်စေသော ဂယက်ရိုက်ခတ်မှုများကိုလည်း မျက်ခြေမပြတ် အာရုံစူးစိုက်မည် ဖြစ်ပြီး တရုတ်ပြည်၌ လုပ်ငန်း ဆောင်ရွက်နေသော ပြည်တွင်းပြည်ပ လုပ်ငန်းကုမ္ပဏီများ အခက်အခဲ ကျော်လွှားနိုင်ရန် ထိရောက်စွာ ကူညီပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်ပြည် စီးပွါးရေး မှန်မှန် တိုးတက်ရန်ကို ထိန်းသိမ်းကာကွယ်ဖို့ ယုံကြည်စိတ်၊ နည်းလမ်းနှင့် လုပ်နိုင်စွမ်း ရှိကြောင်း ပြောကြားပါသည်။

ယခုလောလောဆယ်တွင် တရုတ်နှင့် အမေရိကန် နှစ်ဖက်တို့သည် တိုင်ပင်ဆွေးနွေးမှု ဆက်လက် ပြုလုပ်နိုင်မနိုင်၊ အချိန်နှင့်ဒေသ သတ်မှတ်ခြင်း ရှိမရှိ ဟူသော မီဒီယာ၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ကောဖုန်းက၊ သြဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ နှစ်ဖက်အကြား စီးပွါးကုန်သွယ်ရေး ပြဿနာဆိုင်ရာ ဝါရှင်တန် ဒုဝန်ကြီးအဆင့် တိုင်ပင် ဆွေးနွေးပွဲ ပြီးဆုံး ပြီးနောက်၊ နှစ်ဖက် သက်ဆိုင်ရာတို့သည် ကူးလူးဆက်ဆံမှု ဆက်လက် ထိန်းသိမ်းနေပြီး နှစ်ဖက် အာရုံစူးစိုက်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကာ နှစ်ဖက် စီးပွါးကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းဖို့ ကြိုးပမ်းနေကြောင်း ပြောကြားပါသည်။

   Webradio