• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေး ကျင်းပ ပြီးစီး

(GMT+08:00) 2018-09-05 08:56:14

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးကို ယခုလ ၄ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီးခဲ့ပါသည်။ အစည်းအဝေးတွင် ပီကင်း ကြေညာစာတမ်းနှင့် ပီကင်း ဆောင်ရွက်မှု စီမံကိန်း အပါအဝင် အောင်ကျိုးရလဒ် စာတမ်း နှစ်ရပ်ကို ထုတ်ပြန်ပြီး မျက်မှောက် နိုင်ငံတကာ အရေးကြီး အကြောင်းကိစ္စရပ်များ အပေါ် သဘောတူညီမှုများကို ဘက်စုံ ပြသနေပါသည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ပီကင်း ထိပ်သီး အစည်းအဝေးသည် တရုတ်-အာဖရိက ဆက်ဆံမှု၏ သမိုင်းဝင် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပြီး ယနေ့ခေတ်၏ ကမ္ဘာ့ တောင်ဖက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်ကို ထူထောင်ထားကြောင်း ပြောကြားပါသည်။

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဖိုရမ်၏ ပူးတွဲ သဘာပတိနိုင်ငံ တောင်အာဖရိကနိုင်ငံ သမ္မတ လာမာဖူစာတို့သည် ၄ ရက်နေ့က ထိပ်သီး ခေါင်းဆောင်များ စားပွဲဝိုင်း အစည်းအဝေးကို အသီးသီး ကြီးမှူး ကျင်းပခဲ့ပြီး အောင်ကျိုးရလဒ် စာတမ်း နှစ်ရပ်ကို အတည်ပြုခဲ့ပါသည်။ အစည်းအဝေးများ အပြီးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ သမ္မတ လာမာဖူစာနှင့် ဖိုရမ် ပူးတွဲ သဘာပတိနိုင်ငံအသစ် ဆီနီဂေါ နိုင်ငံ သမ္မတ စာလေတို့သည် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေးသည် "ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရရှိခြင်း၊ ပိုမို ရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ခြင်း" ကို ဆောင်ပုဒ်အဖြစ် ထားပြီး တရုတ်-အာဖရိက ဆက်ဆံမှု အနာဂတ် တိုးတက်ရေးကို စီမံ ထားကြောင်း ပြောကြားပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ယခုအကြိမ် အစည်းအဝေးတွင် "ပိုမို ရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်း ထူထောင်ရေး ပီကင်း ကြေညာစာတမ်း " ကို ထုတ်ပြန်ပြီး၊ တရုတ်နှင့် အာဖရိကတို့၏ မျက်မှောက် အရေးကြီး နိုင်ငံတကာနှင့် ဒေသ ရေးရာ ကိစ္စရပ်များအပေါ် သဘောတူညီမှုများကို ဖေါ်ပြကာ တရုတ်-အာဖရိက လက်တွဲ ချီတက်ရန် ကမ္ဘာကြီးအား အချက်ပြနေကြောင်း၊ အစည်းအဝေးတွင် "၂၀၁၉-၂၀၂၁ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ဆောင်ရွက်မှု စီမံကိန်း"ကို ထုတ်ပြန်ပြီး၊ လာမည့် သုံးနှစ်အတွင်း တရုတ်နှင့် အာဖရိကတို့သည် ဆောင်ရွက်မှု ၈ ရပ် အကောင်အထည်ဖေါ်ဆောင်ရေးကို အဓိက အဖြစ် ထားပြီး နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံ တွန်းအားပေးမည်ဟု ချမှတ်ထားကြောင်း ပြောကြားပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နှင့် အာဖရိကတို့သည် သွေးစည်းညီညွတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဦးလည်မသုန် တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အပြန် အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုးတူ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်း ပေါ်တွင် လက်တွဲ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဖရိက နိုင်ငံများနှင့် အတူ နှစ်ဖက်အကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ပိုမို ထိရောက်၊ နက်ရှိုင်း လာအောင် လက်တွဲ ကြိုးပမ်း ဆောင်ရွက်လိုပါကြောင်း ပြောကြားပါသည်။

သမ္မတ လာမာဖူစာက၊ မိမိတို့အားလုံး ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော Belt and Road အဆိုပြုချက်ကို အားပေး ထောက်ခံပါကြောင်း၊ ဤသို့ဖြင့် မိမိတို့ ရင်ဆိုင်နေသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားသွားမည် ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် တရုတ် အစိုးရသည် သော့ချက်ကျနယ်ပယ်များတွင် အာဖရိက အတွက် ငွေရင်း ထောက်ပံ့ပေးရန်အတွက် မိမိတို့ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

   Webradio