• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကားနင်းခံရသည့် ခွေးကို ပြန်ကယ်ရန် ကားနောက်ပြန်ဆုတ်လည်း အလကားပဲ

(GMT+08:00) 2018-08-29 21:30:54

ယခုလ ၂၀ရက်နေ့မှ ၂၇ရက်နေ့အထိ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး သည် "၃၀၁စုံစမ်းစစ်ဆေးရေး" ရလဒ်အရ တရုတ်ပြည်မှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် အခွန် တိုးကောက်ရန် ကိစ္စနှင့် ပတ်သက်၍ ကြားနာစစ်ဆေးပွဲကို ကျင်းပခဲ့ကြောင်း၊ ယခုလ ၂၂ရက်နေ့က တရုတ်ပြည်မှ အမေရိကန်သို့ တင်သွင်းသည့် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ဖိုးရှိသော ကုန်ပစ္စည်းများ အပေါ် အမေရိကန် အစိုးရမှ အခွန် တိုးကောက်ရန် ကိစ္စနှင့် ပတ်သက်၍ ကျင်းပခဲ့သည့် ကြားနာစစ်ဆေးပွဲတွင် အမေရိကန် ပေါင်းမြက်ရှင်းလင်းခြင်း စက်ကိရိယာ ထုတ်လုပ်မှု ကုမ္ပဏီ ဥက္ကဋ္ဌ မိုင်ကယ် ကာစီက ပေါင်းမြက်ရှင်းလင်းခြင်း စက်ကိရိယာများ အပေါ် အခွန် ကောက်ယူခြင်းက အမေရိကန် ကုန်ထုတ်လုပ်မှု(သို့) အမေရိကန်၏ အလုပ်အကိုင် နေရာချထားရေး အတွက် အထောက်အကူ ပြုစေမယ် ဆိုတဲ့ အမြင်ဟာ နင်းကြိတ် ခံထားရတဲ့ ခွေးတစ်ကောင်ကို ပြန်ကယ်ဆယ်ဖို့ ကားနောက်ပြန်ဆုတ်မောင်းသူလို ဖြစ်နေမယ့် အမြင်မျိုး ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မိုင်ကယ် ကာစီသည် ၄င်းကြားနာစစ်ဆေးပွဲသို့ တက်ရောက်သူ အများစု၏ ရင်ဖွင့်သံကို ဖော်ပြခဲ့ကြောင်း၊ ၄င်းတို့က အမေရိကန် အစိုးရအား အမေရိကန် စားသုံးသူများနှင့် ကုမ္ပဏီများ၏ အကျိုးစီးပွားကို အပြည့်အဝ စဉ်းစားပြီး ချင့်ချင့်ချိန်ချိန် မူဝါဒချမှတ်ရန် ပန်ကြားလိုက်ကြောင်း စီအာအိုင်က ဖော်ပြသည်။

၎င်းကြားနာစစ်ဆေးပွဲတွင် စကားပြောချင်သူ ဦးရေ မူလလျာထားသည်ထက် ပိုများသောကြောင့် မူလ အစီအစဉ် အတိုင်း ၃ရက်ကြာ ကျင်းပမည့် ကြားနာစစ်ဆေးပွဲကို  ၆ရက်ကြာ ကျင်းပခဲ့ကြောင်း၊ ကြားနာစစ်ဆေးပွဲခွဲ စုစုပေါင်း ၄၆ခုကို ကျင်းပပြီး ကုမ္ပဏီနှင့် လုပ်ငန်းအသင်း ၃၀၀ကျော်မှ ကိုယ်စားလှယ်များသည် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယခုအကြိမ် ကြားနာစစ်ဆေးပွဲတွင် ပညာရှင်အဖွဲ့သည် ပါဝင်သည့် ကုမ္ပဏီနှင့် လုပ်ငန်း အသင်းများမှ ကိုယ်စားလှယ်များအား ထောက်ပံ့ရေး စနစ်နှင့် ပတ်သက်၍ မေးမြန်းချက်များစွာကို ထုတ်၍ မေးခဲ့ကြောင်း၊ ဥပမာပြောရလျှင် "တရုတ်ပြည်အပြင်၊ အခြား ထောက်ပံ့ရေး နည်းလမ်းရှိသေးသလား"၊" ထောက်ပံ့ရေးစနစ်ကို တရုတ်ပြည်မှ အခြားနိုင်ငံသို့ ရွှေ့ပြောင်းရန် အချိန်ဘယ်လောက်ကြာကြာလိုသလဲ"နှင့် "ဘာဖြစ်လို့ တရုတ်ပြည်ရှိ ခင်ဗျားတို့ရဲ့လုပ်ငန်းများကို ဗီယက်နမ်သို့ မရွှေ့ပြောင်းတာလဲ" အပါအဝင် မေးမြန်းချက် များစွာရှိကြောင်း၊ အထက်ပါ မေးမြန်းချက်များကို ပြန်လည်ဖြေးကြားရာတွင် အခွန်ကောက်ယူရန် ဆန့်ကျင်သည့် ကုမ္ပဏီများက "မရှိဘူး"၊ "အင်မတန် ရှည်ကြာတဲ့အချိန်လိုတယ်" နှင့် "မရဘူး၊ ထောက်ပံ့ရေး အရည်အသွေးနှင့် အရေအတွက် မမီနိုင်ဘူး"လို့ ပြောကြားကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေး၌ ကမ္ဘာ့ ထောက်ပံ့ရေး စနစ်၏ အချိုးအစားသည် ရာခိုင်နှုန်း ၈၀ခန့်ရှိကြောင်း၊ ဗြိတိန်နိုင်ငံရှိ ဈေးကွက် စုံစမ်းလေ့လာရေး အဖွဲ့ ဖြစ်သည့် IHS Markitကုမ္ပဏီမှ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်ရပ်တွင် တရုတ်ပြည်သည် ကမ္ဘာ့ ထောက်ပံ့ရေးစနစ်၏ ဗဟိုစင်တာ ဖြစ်လာသည်ဟု ဖော်ပြကြောင်း၊ ဥပမာ ပြောရလျှင် အမေရိကန် နိုင်ငံတွင် ထောက်ပံ့ရေး လုပ်ငန်း လုပ်ကိုင်သူ အဆက်မပြတ် လျော့နည်း သွားသောကြောင့် နှစ်ပေါင်း ၁၂၀ကျော်ကြာ လုပ်ကိုင်သည့် အမေရိကန် ပေါင်းမြက် ရှင်းလင်းစက် ထုတ်လုပ်မှု ကုမ္ပဏီ တစ်ခုသည်  ၂၀၁၅ခုနှစ်က ၄င်း၏ထုတ်လုပ်မှု လုပ်ငန်း အားလုံးကို တရုတ်ပြည်သို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ ယင်းသည် အမေရိကန် စားသုံးသူများ၏ ရွေးချယ်ချက် ဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ ဈေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန် သော တရုတ်ကုန်ပစ္စည်းများသည် အမေရိကန် အလယ်အလတ်တန်း လူတန်းစား၏ အေးချမ်းတည်ငြိမ်သော နေထိုင်မှုကို ကျားကန်ပေးနေကြောင်း၊ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုသည် လက်တွေ့ကျသော ထောက်ပံ့ရေး စနစ်ဆိုင်ရာ ဆက်ဆံရေးဖြင့် လွန်စွာ အပြန်အလှန် အားကိုးအားထားပြီး အတူယှဉ်တွဲ နေထိုင်ကြ ကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန် ကုမ္ပဏီ အနည်းစုသည် ၄င်းကြားနာစစ်ဆေးပွဲကို အသုံးပြုပြီး ပြိုင်ဘက်များကို ချိုးနှိမ်ကြောင်း၊ ယင်းလုပ်ရပ်သည် ဈေးကွက်အရ ထိန်းညိရေး အခြေခံမူကို ကျောခိုင်းဖောက်ဖျက်ကြောင်း၊ ယခုအထိ အမေရိကန်သည် "၃၀၁ စုံစမ်းစစ်ဆေးရေး ရလဒ်"နှင့် ပတ်သက်သော ကြားနာစစ်ဆေးပွဲ ၃ကြိမ်ကို ကျင်းပခဲ့ ကြောင်း၊ အမေရိကန် လက်လီရောင်းချရေး၊ အဝတ်တန်ဆာ၊ စားသောက်ကုန် အချောကိုင် လုပ်ငန်း၊ စက်ယန္တရား ထုတ်လုပ်မှု၊ ချိစ်(ပ်)ပြား စီမီကွန်ဒတ်တာ စသည့် နယ်ပယ်များမှ ကုမ္ပဏီများက အခွန် မကောက်ယူရန် အမေရိကန် အစိုးရအား ပန်ကြားကြောင်း၊ သို့သော် အမေရိကန် ပြည်တွင်းရှိ သံနှင့်သံမဏိ၊ အလူမီနီယမ် ပစ္စည်း ထုတ်လုပ်မှု ကုမ္ပဏီများသည် တရုတ်ပြည်မှ ပြိုင်ဘက်များအား ပစ်ပယ်ရန် အတွက် "ပုဒ်မ ၂၃၂"အရ အခွန် ကောက်ယူရန် အပြင်၊ "ပုဒ်မ ၃၀၁"အရ နှစ်ထပ်ကွမ်း အခွန် ကောက်ယူရန်လည်း အမေရိကန် အစိုးရအား တောင်းဆိုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထို့အပြင်၊ အမေရိကန်သည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ကို အဓိကကျဆုံးသော စတင်တည်ထောင်သူ အနေနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ အပေါ် "ပုဒ်မ ၃၀၁"ကို ချုပ်ထိန်းစွာ အသုံးပြုမည်ဟု ကတိပြုခဲ့ဖူးကြောင်း၊ ယခုတွင် အမေရိကန်သည် တစ်ဖက်က ၄င်း၏ ပြည်တွင်းဥပဒေအရ တစ်ဖက်သတ် ကုန်သွယ်မှု ကန့်သတ်ရေး ဆောင်ရွက်ချက်ကို ကျင့်သုံးကြောင်း၊ နောက်တစ်ဖက် ကတော့ အမေရိကန်မှ တရုတ်ပြည်သို့ တင်ပို့သည့် ကန်ဒေါ်လာ ဘီလီယံ၅၀ဖိုးရှိသော ကုန်ပစ္စည်းများ အပေါ် တရုတ်ပြည်မှ ညီမျှသော အခွန်ကောက်ယူခြင်း ဆိုင်ရာ တုံ့ပြန်ရေး ဆောင်ရွက်ချက် တရားမဝင်ဟု တရုတ်ပြည်ကို ပြစ်တင်ရှုတ်ချပြီး ၄င်းကို အကြောင်းပြုကာ ကန်ဒေါ်လာ ဘီလီယံ ၂၀၀ဖိုးရှိသော တရုတ်ပြည်မှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးကောက်ရန် စီစဉ်ထားကြောင်း စီအာအိုင်က ဖော်ပြသည်။

အကယ်၍ ၁၉၉၄ခုနှစ် အခွန်နှင့် ကုန်သွယ်ရေး အထွေထွေ သဘောတူ စာချုပ်(GATT 1994)အရ အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းဥပဒေကို အရင် ဖောက်ဖျက်ပြီး အငြင်းပွားမှု ဖြေရှင်းရေး စနစ်နှင့် အညီ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ  တစ်ဖက်သတ် ဆောင်ရွက်ချက် ပြုလုပ်ကာ တရုတ်ကုန်ပစ္စည်းများ အပေါ် အခွန် ကောက်ယူသည့် အခြေအနေမျိုးတွင် တရုတ်ပြည်သည် တရားဝင်ပြီး တရားမှန်ကန်သော တုံ့ပြန်မှု ဆောင်ရွက်ချက် ကျင့်သုံးခွင့်ရှိကြောင်း၊ ထို့ကြောင့် တရုတ်ပြည်မှ အမေရိကန်သို့ တင်သွင်းသည့် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ဖိုးရှိသော ကုန်ပစ္စည်းများ အပေါ် အမေရိကန်မှ အခွန်တိုးကောက်ရန် အထောက်အပံ့ မရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ကျင်းပသည့် ကြားနာစစ်ဆေးပွဲ ပြီးဆုံးပြီ ဖြစ်ကြောင်း၊ ယင်းသည် အမေရိကန် အစိုးရမှ အခွန်တိုးကောက်ရန် လိုအပ်သည့် ပုံမှန် အစီအစဉ် ဖြစ်သော်လည်း အမေရိကန် အစိုးရ၏ မူဝါဒ ချမှတ်ခြင်းကို အဆုံးအဖြတ် မပေးနိုင်ကြောင်း၊ ယခုအကြိမ် ကြားနာစစ်ဆေးပွဲ ကျင်းပပြီး အမေရိကန် အစိုးရ အနေနှင့် "ကားနင်းခံရသည့် ခွေးကို ပြန်ကယ်ရန် ကားနောက်ပြန်ဆုတ်ခြင်း" နည်းလမ်းဖြင့် နောက်ထပ် အသုံးပြုပြီး အခွန်တိုးကောက်ခြင်းကို ဆက်လက် ပြုလုပ်ပါက အမေရိကန် ကုမ္ပဏီနှင့် စားသုံးသူများ အတွက် စိတ်ပျက်ခြင်းကို သာမကဘဲ၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း ကိုလည်း ဆောင်ကြဉ်းလာနိုင်ဖွယ်ရာရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio