• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ၏ ယုံကြည်မှု ဘယ်ကလာတာလဲ

(GMT+08:00) 2018-08-14 15:11:32

ယခုနှစ် ဖေဖော်ဝါရီလက တရုတ်ပြည် အမေရိကန် ကုန်သည်များအသင်းမှ ထုတ်ပြန်ခဲ့သော ၂၀၁၈ တရုတ် စီးပွားရေး အခြေအနေ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် ၂၀၁၇ခုနှစ်က တရုတ်ပြည်ရှိ အမေရိကန် ကုမ္ပဏီ၏ ၇၃ရာခိုင်နှုန်းသည် အမြတ်ရရှိခဲ့ ကြောင်း၊ ၇၄ရာခိုင်နှုန်းသည် ၂၀၁၈ခုနှစ်တွင် တရုတ်ပြည်၌ ရင်းနှီးမြှပ်နှံမှု တိုးပွားစေရန် စီစဉ်ထားပြီး မကြာခင် နှစ်များက အများဆုံး ဖြစ်ကြောင်း၊ ရာခိုင်နှုန်း ၆၀သည် တရုတ်ပြည်ကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသည့် နိုင်ငံများ စာရင်းတွင် ရှေ့တန်း ၃နေရာ၌ ထားရှိကြောင်း၊ စစ်ဆေးမှု လက်ခံသည့် ကုမ္ပဏီ ၄၆ရာခိုင်နှုန်းက လာမည့် ၃နှစ် အတွင်း တရုတ်ပြည်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် တစ်ဆင့်တိုး ဈေးကွက်ဖွင့်လှစ်မည်ဟု ယူဆကြကြောင်း၊ စစ်ဆေးမှု လက်ခံသည့် ကုမ္ပဏီ ၆၂ရာခိုင်နှုန်းက လွန်ခဲ့သည့် ၅နှစ် အတွင်း တရုတ် အစိုးရ၏ မူဝါဒ ရေးဆွဲချမှတ်ခြင်းနှင့် ကူးလူးဆက်ဆံခြင်း ဆိုင်ရာ ပွင့်လင်းမှုသည် အသင့်အတင့် တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားသည်။ ၄င်းစုံစမ်းစစ်ဆေးမှု အစီရင်ခံစာ၏ ရလဒ်သည် တရုတ်ပြည်ရှိ အမေရိကန် ကုမ္ပဏီ အများစု အနေနှင့် တရုတ် ဈေးကွက် အပေါ် အကောင်းဘက်မှ မြင်နေခြင်းကို ပြဆိုနေကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည်၌ အသစ်ဝင်ရောက် လုပ်ကိုင်သော နိုင်ငံခြား ကုမ္ပဏီ အရေအတွက်မှာ ၂၉၅၉၁ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၉၆့၆ရာခိုင်နှုန်း တိုးလာကြောင်း၊ နိုင်ငံခြား ရင်းနှီးမှုကို အသုံးပြုခြင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၆၈့၃၂ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၄့၁ရာခိုင်နှုန်း တိုးလာကြောင်း၊ တရုတ်ပြည်တွင် အမေရိကန်မှ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၉့၁ရာခိုင်နှုန်း တိုးလာကြောင်းလည်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားသည်။

တရုတ်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် တရုတ်-အမေရိကန် ကုန်သွယ်မှု စစ်ပွဲမှ ထိခိုက်မှုသည် လာမည့် အချိန်ကာလ အထိ ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိကြောင်း၊ သို့သော် အထက်ပါ ကိန်းဂဏန်းများသည် ကုန်သွယ်မှု စစ်ပွဲမှ ဆိုးကျိုးရှိမည်ဟု ခန့်မှန်းချက်များ ရှိသည့် အခြေအနေမျိုးတွင် တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေနှင့် ယုံကြည်မှု ရှိနေသေးခြင်းကို ပြဆိုနေကြောင်း၊ ယင်းနှင့် ပတ်သက်၍ အချက် ၅ချက်ရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

ပထမ အချက်က တရုတ်ပြည်သည် ထုတ်လုပ်မှုနှင့် စားသုံးမှု တိုးတက်ရန် အခွင့်အခါ ရှိကြောင်း၊ ဒုတိယ အချက်ကတော့ တရုတ်ပြည်သည် ဆက်စပ်မှု ရှိသော လုပ်ငန်းစုံရှိခြင်း အားသာချက် ရှိကြောင်း၊ တတိယ အချက်က တရုတ်ပြည်၏ အတိုင်းအတာ အသင့်အတင့်ရှိသော ထုတ်လုပ်နိုင်စွမ်းနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ဆန်းသစ်တီထွင်မှုသည် အပြန်အလှန် ဖြည့်ဆည်းခြင်းရှိကြောင်း၊ စတုတ္ထအချက်ကတော့ ကုန်သွယ်မှု စစ်ပွဲမှ ဂယက်ရိုက်ခတ်မှု မဖြစ်ပေါ်နေသေး သော်လည်း ခြုံငုံကြည့်လျှင် ကမ္ဘာ့ စီးပွားရေး တဖြည်းဖြည်း နာလန်ပြန်ထူလာခြင်းသည် တရုတ်ပြည် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် အတွက် ကောင်းမွန်သည့် ပြင်ပ အခြေအနေ ဖန်တီးပေးမည် ဖြစ်ကြောင်း၊ ပဉ္စမ အချက်က တရုတ်ပြည်သည် လက်တွေ့ကျသော လုပ်ဆောင်မှုများဖြင့် တံခါးဖွင့်မှုကို ဆက်လက် တိုးချဲ့ကျင့်သုံးနေကြောင်း စီအာအိုင်က ဖော်ပြသည်။

ထို့ကြောင့် တရုတ် စီးပွားရေး တည်ငြိမ်စွာ လည်ပတ်နိုင်မည်ဆိုလျှင် ကြီးမားသည့် တရုတ် ဈေးကွက်နှင့် တရုတ်ပြည်တွင် ကောင်းမွန်သည့် လုပ်ငန်းမျိုးစုံရှိခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်ရရှိမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု စစ်ပွဲကြောင့် တရုတ်ပြည်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်စွမ်း အပေါ် မယုံသင်္ကာဖြစ်ရန် မလိုကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။

   Webradio