• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွယ်ရာမှာ မိတ်ဆွေ ဒုက္ခရောက်အောင် လုပ်တာ၊ အမေရိကန်ကို ယုံကြည်လို့ ရလား

(GMT+08:00) 2018-08-13 09:45:48

တူရကီ လီရာငွေ အကျပ်အတည်း ကြုံတွေ့ပြီး တန်ဖိုး တရှိန်ထိုး ကျဆင်းလာတဲ့ အချိန်အခါမှာ ဒီလ ၁၀ ရက်နေ့က အမေရိကန် သမ္မတ ထရန့်ဟာ တွစ်တာကတစ်ဆင့် အမိန့်ချပြီး၊ တူရကီရဲ့ သံမဏိနဲ့ အလူမီနီယမ် ကုန်ပစ္စည်းအပေါ် အခွန် တစ်ဆ ပို တိုးကောက်ဖို့ တစ်နည်းပြောမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်း အသီးသီး အခွန်ကောက်ဖို့ ထုတ်ပြန်ခဲ့တယ်။ ယင်းမတိုင်မီကလဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ တူရကီ တရားရေး ဝန်ကြီးနဲ့ ပြည်ထဲရေး ဝန်ကြီးတို့ရဲ့ အမေရိကန် ပြည်တွင်းရှိ ငွေကြေးဓနဥစ္စာများ ချိတ်ပိတ်တယ်လို့ ကြေညာခဲ့တယ်။

အားလုံး သိကြတဲ့ အတိုင်းပဲ၊ တူရကီဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ ဖြစ်တယ်။ အမေရိကန်ဟာ မဟာမိတ်နိုင်ငံကိုတောင် ဒုက္ခရောက်အောင် ထိခိုက် လုပ်ဆောင်တယ် ဆိုရင် တခြားနိုင်ငံတွေကိုရော၊ ဘယ်လို လုပ်တတ်မလဲလေ။ အမေရိကန်ဟာ တာဝန် ကျေပွန်စွာ ထမ်းဆောင်တတ်တဲ့၊ ယုံကြည်လို့ရတဲ့ နိုင်ငံတကာ မိသားစုဝင် ဖြစ်သေးတာလား။

အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အကြောင်း ပြောမယ် ဆိုရင်၊ "အမေရိကန်ကို ဦးစား ပေးရ" ဆိုတာဟာ အဖြေမှန်ပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ "အမေရိကန်ကို ဦးစား ပေးရ" ဆိုတာဟာ တခြားနိုင်ငံရဲ့ ခေါင်းဆောင်များကို ဘေးဖယ်ပြီး မိမိက ရှေ့တန်း အလယ် တည့်တည့်နေရာမှာ မတ်တတ်ရပ် နေရတာသာ မကဘဲ၊ ယူသင့်တဲ့ တာဝန်ဝတ္တရားကို ဘေးဖယ်ပြီး ကတိသစ္စာတွေကို ထင်သလို ကြိုက်သလို ချိုးဖေါက်လို့ရတာ ဆိုခြင်း ဖြစ်တယ်။ နိုင်ငံ ၁၂ နိုင်ငံတို့ နှစ်ပေါင်းများစွာ စေ့စပ်ဆွေးနွေးပြီး ရရှိခဲ့တဲ့ ပစိဖိတ်ဒေသ ဖြတ်ကျော် မိတ်ဖက် ဆက်ဆံမှု စီမံကိန်း TPP ကို ထရန့်က သမ္မတ အဖြစ် ထမ်းဆောင် ခဲ့တဲ့ စတုတ္ထနေ့မှာပဲ အမေရိကန်က နှုတ်ထွက်ခဲ့တာကြောင့် ဖျက်သိမ်းခဲ့ရတယ်။ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ဖို့ အတွက်၊ ကမ္ဘာ့ နိုင်ငံ အသီးသီးတို့ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ စေ့စပ်ဆွေးနွေးပြီး ရရှိတဲ့ ပါရီ သဘောတူစာချုပ်ကိုလည်း အမေရိကန် အစိုးရက စွန့်ပစ်လိုက်တယ်။ ကမ္ဘာပေါ်မှာ ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု အများဆုံးသော နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်ရဲ့ အကြောင်းပြချက်ဟာ ပါရီ သဘောတူစာချုပ်ဟာ အမေရိကန် စီးပွါးရေး ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်နေခြင်း ဖြစ်တယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လက၊ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း ကောင်စီဝင် ငါးနိုင်ငံနဲ့ ဂျာမဏီတို့က အီရန်နိုင်ငံနဲ့ နှစ်ပေါင်း များစွာ စေ့စပ်ဆွေးနွေးခဲ့ပြီးနောက် ရရှိခဲ့တဲ့ အီရန် နျူကလီးယား ပြဿနာဆိုင်ရာ သဘောတူစာချုပ်ကိုလည်း၊ ပြီးခဲ့တဲ့ သုံးလကျော်က အမေရိကန်က အသုံးမကျတော့တဲ့ စက္ကူ အဖြစ် ဆုတ်ပစ်လိုက်တယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး အမေရိကန်ဟာ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၊ လူ့အခွင့်အရေး အဖွဲ့ စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှလည်း နှုတ်ထွက် လိုက်တယ်။

နိုင်ငံတကာ မိသားစုကြီးမှာ ကတိပြုချက်တွေကို အချိန်မရွေး စွန့်လွှတ် နိုင်တဲ့၊ နိုင်ငံတကာ တာဝန်ဝတ္တရားကို ထမ်းဆောင်ဖို့ ငြင်းပယ်တဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ တခြားနိုင်ငံတွေရဲ့ လေးစား ယုံကြည်မှု ရရှိနိုင်လား။ ကုန်သွယ်မှုပြဿနာနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ WTO ဦးစီးမှု ပြုတဲ့ နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို စွန့်ပစ်ပြီး တစ်ဖက်သတ် ဝါဒကို ပြုလုပ်ဖို့ ရှာကြံတယ်။ ဒါကြောင့် အမေရိကန်ဟာ မဟာမိတ်နဲ့ အရေးကြီး ကုန်သွယ်ရေး မိတ်ဖက်များ ဒုက္ခရောက်အောင် အကြိမ်ကြိမ် ထိခိုက် လုပ်ဆောင်ခဲ့တယ်။ အဲဒါတွေအနက် ဥရောပ၊ ကနေဒါ၊ မက္ကဆီကို၊ ရုရှား၊ တရုတ်၊ တူရကီ၊ အိန္ဒိယ စတာတွေ ပါဝင်ထားတယ်။ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့ အမေရိကန်ဟာ ယုံကြည်အားထားလို့ လုံးဝ မရဘူး ဆိုတာ ထင်ရှားသိသာပါတယ်။

ဂျာမဏီ စစ်တမ်းကောက်ယူမှု ဌာန ရွေးချယ်တင်မြှောက်မှု လေ့လာရေး အဖွဲ့မှ ထုတ်ပြန်တဲ့ စာရင်းအရ၊ ဂျာမဏီ နိုင်ငံသား ၈၂ ရာခိုင်နှုန်းဟာ အမေရိကန်က ယုံကြည်အားထားလို့ ရတဲ့ မိတ်ဖက် မဟုတ်ဘူးလို့ ယူဆကြတယ်။ ဂျာမဏီ နိုင်ငံသားများသာ ဒီလို ယူဆတာ မဟုတ်ဘူး ဆိုတာ ထင်ရှားသိသာပါတယ်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio