• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၆၀ ရာခိုင်နှုန်းဟာ အမေရိကန်က ပြိုင်ဘက်ကို ထားပေးတဲ့ မျဉ်းနီ တစ်ရပ် ဖြစ်တယ်

(GMT+08:00) 2018-08-10 18:57:17

မကြာခင်က အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ တစ်ဖက်သားရဲ့ ကုန်ပစ္စည်း စာရင်းဇယားကို အပြန်အလှန် ထုတ်ပြန်ခဲ့တယ်။ သို့ဖြစ်၍ အမေရိကန်က လှုံ့ဆော် ပြုလုပ်ပြီး တရုတ်နိုင်ငံက မလုပ်မဖြစ် တုံ့ပြန်ဆောင်ရွက်ရတဲ့ တစ်ဖက်သားရဲ့ ဒေါ်လာ ဘီလီယံ ၅၀ တန်ဖိုးရှိ ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်တဲ့ ပထမ အကျော့ ကုန်သွယ်ရေးစစ်ပွဲ စတင်နေပြီ။

တရုတ်ပြည်ကို ရည်စူးတဲ့ အမေရိကန်ရဲ့ ဒီအကြိမ် အခွန် တိုးကောက်ခြင်း မူဝါဒဟာ အပေါ်ယံမှကြည့်ရတာ နှစ်ဖက်အကြား "မတရားမျှတတဲ့ ကုန်သွယ်မှု" ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်၊ ဒါပေမယ့် ကိန်းအောင်းထားတဲ့ အမေရိကန်ရဲ့ ရေရှည် မဟာဗျူဟာ ရည်ရွယ်ချက်လည်း ထင်ရှားသိသာတယ်၊ အဲဒါကတော့ အမေရိကန်ဟာ လျင်မြန်စွာ ရှင်သန် ဖွံ့ဖြိုးလာတဲ့ ပြိုင်ဘက်ကို ဖိနှိပ် ဟန့်တားရတာပဲ ဖြစ်တယ်၊ ရည်ရွယ်ချက်ဟာ အမေရိကန်ဒေါ်လာရဲ့ ဗိုလ်ကျစိုးမိုးမှုကို ဆက်လက် ထိန်းသိမ်းဖို့၊ ဒါနဲ့ အကြီးဆုံးသော စီးပွါးရေး အကျိုးအမြတ်ကို ရယူဖို့ပဲ ဖြစ်တယ်။

အမေရိကန်နိုင်ငံ တည်ထောင်ခဲ့တာ နှစ် ၂၀၀ ကျော်သာ ရှိတယ်၊ ဒါပေမယ့် ပြိုင်ဘက်ကို ဖိနှိပ် ဟန့်တာတာကတော့ တော်တော် ကျွမ်းကျင်တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်က အမေရိကန်ဟာ ပြိုင်ဘက်က အမေရိကန်ကို ကျော်လွန်မယ်လို့ စိုးရိမ်မကင်း ဖြစ်ခြင်း နှစ်ကြိမ် ဖြစ်ပွါးခဲ့ဖူးတယ်။ တစ်ကြိမ်ကတော့ ယခင် ဆိုဗီယက် ပြည်ထောင်စုရဲ့ ဂျီဒီပီဟာ အမေရိကန် ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ခြင်း ဖြစ်တယ်။ အမေရိကန်ဟာ ဆိုဗီယက်ပြည်ထောင်စုကို အားဖြည့် ဖိနှိပ် ဟန့်တားပြီး၊ တစ်ချိန်တည်းမှာ ဆိုဗီယက်ပြည်ထောင်စုကလည်း သော့ချက်ကျ နယ်ပယ်မှာ မှားယွင်းမှု ဖြစ်ခဲ့တာကြောင့် နောက်ဆုံးမှာ ပြိုကွဲသွားခဲ့ရတယ်။ ဒုတိယ အကြိမ် ကတော့ ဂျပန်ရဲ့ ဂျီဒီပီဟာလည်း တစ်ခါက အမေရိကန် ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ဖူးတယ်။ အမေရိကန်က အကျပ်ကိုင်နည်းလမ်းနဲ့ ဂျပန်ကို "ရင်ပြင်ကြီး စာချုပ်"ကို အတင်းအဓမ္မ ချုပ်ဆို ခိုင်းပြီး ဂျပန် ယမ်းငွေ တန်ဖိုး တက်သွားခဲ့တယ်။ ဒါ့အပြင် ဂျပန်အစိုးရရဲ့ အခြေအနေ အပေါ် အကဲဖြတ်မှု မှားယွင်းပြီး ချောင်လည်တဲ့ ငွေကြေးမူဝါဒနဲ့ ဘဏ္ဍာရေးမူဝါဒကို ကျင့်သုံးတာကြောင့် နောက်ဆုံးမှာ "ဆုံးရှုံးသွားတဲ့ နှစ် ၂၀" ဖြစ်စေခဲ့တယ်။

ဆိုလိုတာက အမေရိကန် အဖို့ ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းဟာ မျဉ်းနီ တစ်ရပ် ဖြစ်ပြီး တစ်ဦးဦးက အဲဒီ မျဉ်းနီကို ကျော်လွန်ပါက အမေရိကန်ဟာ ရှိသမျှ နည်းလမ်းနဲ့ ဖိနှိပ် ဟန့်တားတတ်တယ်။

၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံရဲ့ ဂျီဒီပီဟာ အမေရိကန် ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့တယ်။ အမေရိကန်ရဲ့ ရှုထောင့်အရ ကြည့်ရင် တရုတ်နိုင်ငံဟာ အနာဂတ်မှာ အမေရိကန်ကို ကျော်လွန်နိုင်စရာ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ အမေရိကန်က တရုတ်ပြည်အား ဖိနှိပ် ဟန့်တားမှု ပြုတာဟာ မလွဲမသွေပဲ ဖြစ်တယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်ဟာ တရုတ်ပြည်ကို ရည်စူးတဲ့ ၃၀၁ စုံစမ်းစစ်ဆေးမှုကို တရားဝင် စတင် ပြုလုပ်ပြီး ဒီ့နောက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတွေထဲမှာ တရုတ်ပြည်ကို ပြိုင်ဘက် အမှတ်အသားကို တပ်ထားလိုက်၍ တရုတ်ပြည်အား ဖိနှိပ် ဟန့်တားမှုလည်း တနေ့တခြား ပြင်းထန် ဆိုးရွားလာတယ်။

ဒါပေမယ့် ယနေ့ တရုတ်နိုင်ငံဟာ အရင်တုန်းက ဂျပန်နိုင်ငံ မဟုတ်ဘူး။

ပထမ ဦးစွာ၊ တရုတ်နိုင်ငံဟာ ကြီးမားလှတဲ့ ပြည်တွင်း စားသုံးကုန် ဈေးကွက်နဲ့ အတူတိုင်ပင် အတူ တည်ဆောက် အတူ မျှဝေရေး မူပေါ်မှာ အခြေခံထားတဲ့ Belt and Road အပါအဝင် အမျိုးအစားသစ် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းများ ရှိပါတယ်။ ဒီနှစ် ပထမ ၇ လအတွင်း တရုတ်နိုင်ငံက Belt and Road တလျှောက်မှ နိုင်ငံနဲ့ ဒေသများနဲ့ ကုန်သွယ်မှု စုစုပေါင်း ပမာဏဟာ ယွမ် ဘီလီယံ ၄၅၇၀ ရှိပြီး နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း ပမာဏရဲ့ ၂၇့ ၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ပြီးတော့ တရုတ်နိုင်ငံဟာ ခိုင်ခံ့ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်နဲ့ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ ရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ တစ်ကမ္ဘာလုံးမှာ အတိုင်းအတာ အကြီးမားလုံး၊ အမျိုးအစား အစုံလင်ဆုံးသော စက်မှုလုပ်ငန်း စည်းစနစ်လည်း ပိုင်ဆိုင်ထားပြီး၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နဲ့ ဖြန့်ဖြူး ရောင်းချရေးဆိုင်ရာ သော့ချက်ကျ အချက် တစ်ရပ် ဖြစ်လာနေပြီ။

တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံတို့ဟာ လျင်မြန်စွာ ရှင်သန် ဖွံ့ဖြိုးလာတဲ့ ဖြစ်စဉ်မှာ အမေရိကန်မှ ဟန့်တား ဖိနှိပ်မှု ခံရတဲ့ ဖြစ်ရပ်ဟာ တူညီတာ ဖြစ်တယ်၊ ဒါပေမဲ့ နှစ်နိုင်ငံရဲ့ ကံကြမ္မာကတော့ လုံးဝမတူဘူး ဖြစ်သွားမယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အရင်းခံ ဇာစ်မြစ်ဟာ ဆက်လက် ခိုင်ခံ့သွားမှာ ဖြစ်တယ်။ တရုတ်ပြည် စီးပွါးရေးဟာ အဟန့်အတား အခက်အခဲများကို ကျော်လွှားပြီး ဆက်လက် ချီတက်သွားမှာ မုချဧကန်ပဲ။

   Webradio