• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှား ငလျင်လှုပ်ခတ်မှု ဖြစ်ပွား

(GMT+08:00) 2018-08-08 14:58:27

ယခုလ ၇ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ ဘေးအန္တရာယ် ခုခံကာကွယ်ရေးဌာနမှ ထုတ်ပြန်ချက် အရ ယခုလ ၅ရက်နေ့က လွန်ဘုတ်ကျွန်းတွင် ဖြစ်ပွားခဲ့သော ငလျင် လှုပ်ခတ်မှုကြောင့် လူ၁၀၅ဦးထက်မနည်း သေဆုံးပြီး ၂၃၆ဦး ဒဏ်ရာရရှိကာ အိုးအိမ်နှင့် အဆောက်အအုံ ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရကြောင်း၊ ဘေးသင့်သူ ၈သောင်း၎ထောင် ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

လွန်ဘုတ်ကျွန်းရှိ မာလက္ကာရွာသည် ယခုအကြိမ် ငလျင်လှုပ်ခတ်မှု၏ ငလျင်ဗဟိုချက် နှင့် ကီလိုမီတာ ၅၀ခန့်သာ ကွာဝေး၍ အလွန်ဆိုးရွားသည့် ထိခိုက်မှု ခံရကြောင်း၊ ရွာရှိ အိုးအိမ်အားလုံးသည် ပျက်စီးခဲ့ကြောင်း၊ ယခုအကြိမ် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း၊ လွန်ဘုတ်ကျွန်း အနောက်မြောက်ပိုင်းရှိ ခရီးသည်များ ကြိုက်နှစ်သက်ကြသည့် ခရီးလှည့်လည်ရေးကျွန်း များလည်း ဂယက် ရိုက်ခတ်မှု ခံရပြီး ခရီးသည် ထောင်ပေါင်းများစွာ သောင်တင် ခဲ့ရကြောင်း၊ ၇ရက်နေ့ ညနေ ၃နာရီ အထိ ၄င်းခရီးသည်အားလုံးကို လွန်ဘုတ်ကျွန်းသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခုတွင် မီးသတ်သမား၊ ရဲတပ်သားနှင့် စေတနာ့ ဝန်ထမ်းများဖြင့် ဖွဲ့စည်းတည်ထောင် သောကယ်ဆယ်ရေး အဖွဲ့များသည် ကယ်ဆယ်ရေး လုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက် နေကြကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်း၏ ညှိနှိုင်းရေး ဝန်ထမ်း တစ်ဦးက မြေတူးစက် မရှိခြင်းသည် ယခု ကယ်ဆယ်ရေး လုပ်ငန်းတွင် ရင်ဆိုင်နေရသော အကြီးဆုံး အခက်အခဲ ဖြစ်ကြောင်း သတင်းထောက်အား ပြောကြားသည်။

လွန်ဘုတ်ကျွန်းသို့ ပြောင်းရွှေ့ခဲ့သော ဗြိတိန် ခရီးသည် တစ်ဦးက မိမိသည် ယင်းကဲ့သို့ ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကို မကြုံတွေ့ခဲ့ဖူးကြောင်း၊ ကံကောင်း သည်ကတော့ အင်ဒိုနီးရှား အစိုးရ အနေနှင့် မိမိတို့ကို အစွမ်းကုန် ကူညီပံ့ပိုးနေကြောင်း သတင်းထောက်အား ပြောကြားသည်။

 

   Webradio