• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမဆုံးအကြိမ်အဖြစ် ခရိုအေရှအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ရောက်

(GMT+08:00) 2018-07-12 15:13:56

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နောက်ဆုံးပွဲစဉ်အဖြစ်  ဒီကနေ့မနက်ပိုင်းက ခရိုအေရှအသင်းနဲ့ အင်္ဂလန်အသင်းတို့ ကစားခဲ့ရာ ခရိုအေရှအသင်းက အင်္ဂလန်အသင်းကို (၂)ဂိုး(၁)ဂိုးနဲ့နိုင်ပြီး ပထမဆုံးအကြိမ်အဖြစ်  ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါ တယ်။ အဆိုပါပွဲစဉ်တွင် အင်္ဂလန်အသင်းက လင်းဂတ်၊ ဟယ်ရီကိန်း၊ စတားလင်း၊ ဟက်ဒါ ဆင်အက်စ်လေယန်းတို့နဲ့ ပွဲထွက်လာသလို ခရိုအေရှအသင်းကလည်း သူတို့ရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ မန်ဆူကစ်၊ မိုဒရစ်ရာကီတစ်၊ ပါရီဆစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ နှစ်သင်းလုံးအတွက် ဗိုလ်လုပွဲနိုင်ဖို့  အရေးကြီးပွဲစဉ်ဖြစ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် တိုက်စစ်ဖွင့်ကစားခဲ့ကြပြီး ပွဲအစ(၅)မိနစ်မှာ နောက်တန်းကစားသမား ထရစ် ပီယာရဲ့သွင်းဂိုးနဲ့ အင်္ဂလန်အသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ခရိုအေရှ အသင်းဟာ ချေပဂိုးပြန်လည်ရရှိနိုင်ရေး တိုက်စစ်ပိုမြှင့်ခဲ့ပေမယ့် ပထမပိုင်းမှာ (၁)ဂိုးဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ပွဲပြီးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ခရိုအေရှ ကစားကွက်အပြောင်းအလဲတွေနဲ့ တိုက်စစ်ဖွင့် လာခဲ့ပြီး (၆၈)မိနစ်မှာ အိုင်ဗန် ပါရီဆစ် က ခရိုအေရှအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ ပါတယ်။ အဲဒီနောက်ပိုင်း နှစ်သင်းလုံး ကစားသမားအ၀င်အထွက်တွေနဲ့ အနိုင်ရရေး ကစား ခဲ့ကြပေမယ့် သာမန်ပွဲကစားချိန် မိနစ်(၉၀)ပြည့်ချိန်မှာ တစ်ဖက်တစ်ဂိုးစီဖြင့်သာ သရေကျ နေခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် အချိန်ပို မိနစ်(၃၀)ဆက်လက်ကစားစေရာမှာတော့ ပွဲကစားချိန် (၁၀၉)မိနစ်မှာ မန်ဆူကစ်က ခရိုအေရှအသင်းအတွက် အနိုင်ရရေး သေချာ စေတဲ့ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် တစ်ဖက်နဲ့တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် အချိန်ပိုမိနစ်(၃၀)ပြည့်ချိန်မှာ ခရိုအေရှအသင်းက အင်္ဂလန်အသင်းကို (၂)ဂိုး(၁)ဂိုး ရလဒ်နဲ့နိုင်ကာ ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါတယ်။ ဒါဟာ ခရိုအေရှ အသင်းအတွက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါ တယ်။ ခရိုအေရှအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အမြင့်ဆုံးအောင်မြင်မှုအနေနဲ့ ၁၉၉၈ခုနှစ်မှာ တတိယတစ်ကြိမ်ရရှိထားဖူးပါတယ်။

၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယလုအဖြစ် ဇူလိုင်လ (၁၄)ရက်နေ့မှာ အင်္ဂလန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်း၊ ဗိုလ်လုပွဲအဖြစ် ဇူလိုင်လ (၁၅)ရက်နေ့မှာ ပြင်သစ် အသင်းနဲ့ ခရိုအေရှအသင်းတို့ ကစားသွားကြမှာဖြစ်ပါတယ်။

   Webradio