• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျန်ကြားဟို အပိုင်း ၆

(GMT+08:00) 2018-07-06 08:47:19

ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒက လျန်ကြားဟိုရွာက ပြည်သူတွေရဲ့ ဘဝကို သာယာကောင်းမွန်လာစေခဲ့ပါတယ်။

လျူလွေ့လျန်ဟာ ဘဝပေး အခြေအနေ မကောင်းခဲ့ရှာတဲ့ ကလေးတစ်ယောက်ပါ။ သူ့ရဲ့ ငယ်ဘဝ မှတ်ဉာဏ်ထဲမှာ  သူရယ် သူ့မောင်လေးညီမလေးရယ်ဟာ နွေရာသီမှာ ဖိနပ်တောင် မစီးခဲ့ကြရရှာဘူး၊ ညဘက်ဆိုရင် ကလေးငယ် လေးယောက်ဟာ စောင်တစ်ထည်ကို အတူမျှခြုံခဲ့ကြရရှာတယ်၊ မန်ထိုလေးတစ်နပ်လောက် စားရဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရရှာတာပါ။

အသက် ၁၇ နှစ်အရွယ်မှာ လျူလွေ့လျန်ဟာ လျန်ကြားဟိုရွာက ကုန်ကျိန့်ဖူနဲ့ အကြောင်းပါခဲ့တယ်၊ အိမ်ထောင်ကျပြီးနောက်မှာလည်း ဘဝက ခက်ခဲမြဲ ခက်ခဲနေခဲ့ပါတယ်။

.

ရှီကျင့်ဖိန် လျန်ကြားဟို အဖွဲ့ကြီးပါတီကလာပ်စည်းအတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်လာပြီးနောက်ပိုင်း သံလုပ်ငန်းအသင်း၊ အရောင်းကိုယ်စားလှယ်ဆိုင်၊ အပ်ချုပ်အသင်းတို့ကို တည်ထောင်ပေးခဲ့တယ်။ အပ်ချုပ်အသင်းရဲ့ အသင်းဝင်အဖြစ် အမျိုးသမီးသုံးဦးကို ရွေးချယ်တဲ့အခါမှာ လျူလွေ့လျန်လည်း မထင်မှတ်ဘဲ အရွေးခံခဲ့ရတာကြောင့် ပျော်လွန်းလို့ တစ်ညလုံး အိပ်လို့တောင် မပျော်ခဲ့ဘူး။

အပ်ချုပ်အသင်းက တစ်ထည်ချင်း လုပ်အားမှတ် တွက်ပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့တယ်။ လုပ်အားမှတ် များများရရှိဖို့အတွက် လျူလွေ့လျန်က ခင်ပွန်းသည်ဖြစ်သူ ကုန်ကျိန့်ဖူနဲ့ တိုင်ပင်ပြီးတော့ ငွေချေးပြီး "TYPICAL" တံဆိပ် အပ်ချုပ်စက်တစ်လုံး ဝယ်လိုက်တယ်။ သူဟာ အမြဲလိုလို ထမင်းနှစ်လုတ်သုံးလုတ် ခပ်သုတ်သုတ်စားပြီးတာနဲ့ အလုပ်လုပ်တော့တာပါပဲ၊ လက်ချုပ် ချုပ်ဖို့ လိုတာတွေကိုတော့ အိမ်ယူလာပြီး ညကျမှ ဆက်ချုပ်တယ်...

၁၉၈၄ ခုနှစ် နွေဦးမှာ၊ "တစ်အိမ်ထောင်ချင်း ပုတ်ပြတ်ယူ တာဝန်ခံစနစ်"ကို လျူလွေ့လျန် ပထမဆုံးအကြိမ် ကြားဖူးလာခဲ့တယ်၊ အဲဒီတုန်းက သူဟာ မိမိဘဝအပေါ် အဲဒီဝေါဟာရရဲ့ လေးနက်မှုကို မသိခဲ့သေးဘူး၊ တရုတ်ပြည် ကျေးလက်တစ်ခုလုံးကို ပြောင်းလဲပေးမယ့် ပြောင်းလဲမှုတစ်ခု စတင်နေပြီဆိုတာကို သူ မသိခဲ့ဘူး။

.

ဆန်ရှီးပြည်နယ်မြောက်ပိုင်းက တောင်သူလယ်သမားအများစုနည်းတူ လျူလွေ့လျန်တို့မိသားစုလည်း အလုပ်ကြိုးစားမှုကတစ်ဆင့် စားဝတ်နေရေး ပြေလည်တဲ့ လှပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်လာခဲ့ကြတယ်။ စားရေးသောက်ရေး ပြေလည်သွားပေမဲ့ သုံးစရာ ငွေက လိုနေသေးတယ်လေ။ သူများတွေ အပြင်ထွက် အလုပ်လုပ်ကြတာကို မြင်တော့ လျူလွေ့လျန်လည်း မြို့တက်ပြီး အလုပ်ရှာဖို့ စိတ်ကူးနေမိတယ်။ လယ်ယာလုပ်ငန်း အားလပ်ချိန်မှာ သူတို့လင်မယားဟာ ယန်ချွမ်းမြို့ကို တက်လာပြီး၊ သူများဆီမှာ ရေခဲချောင်းထုပ်၊ တောက်တိုမယ်ရအလုပ်ကလေးတွေ လုပ်ကြရင်းက ဘဝဟာလည်း တဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာခဲ့တယ်။ သူတို့တစ်တွေကို လျန်ကျားဟိုရွာရဲ့ "ပထမမျိုးဆက်ရွှေ့ပြောင်းလုပ်သား"လို့ ခေါ်တွင်လာခဲ့ကြတယ်။

ပြုပြင်ပြောင်းလဲရေးက ကျေးလက်ဒေသကို မကြုံစဖူး ပြောင်းလဲမှုတွေ ဆောင်ကြဉ်းပေးလာခဲ့သလို၊ တံခါးဖွင့်ဝါဒကလည်း အဲဒီ ပြောင်းလဲမှုတွေအတွက် အကန့်အသတ်မဲ့သော ဖြစ်တန်စွမ်းတွေ ပံ့ပိုးပေးလာခဲ့တယ်။

.

၁၉၉၃ ခုနှစ်မှာ၊ ထိုစဉ်က ဖူကျိုးမြို့ပါတီကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တဲ့ ရှီကျင့်ဖိန် လျန်ကြားဟိုကို ပြန်ရောက်ဖြစ်တဲ့အခါ ရပ်ဆွေရပ်မျိုးတွေ စားဝတ်နေရေးအတွက် မတောင့်တ မကြောင့်ကြရတော့တာကို မြင်ရတော့ သူလည်းပဲ ရပ်ဆွေရပ်မျိုးတွေနည်းတူ ဝမ်းသာခဲ့ရပါတယ်။ ထမင်းဝရေးဆိုတာ တစ်ချိန်တုန်းက သူနဲ့ ရပ်ဆွေရပ်မျိုးတွေရဲ့ အိပ်မက်တစ်ခု ဖြစ်ခဲ့တာကိုး၊ အခုလို အိမ်တိုင်းအိမ်တိုင်းမှာ စာနပ်ရိက္ခာပိုလျှံနေတာကို မြင်ရတော့ သူလည်း ဝမ်းမသာဘဲ ဘယ်နေနိုင်ပါ့မလဲ။

.

၁၉၉၉ ခုနှစ်ဟာ ယန်အန်းစီးပွားရေးအသိုက်အဝန်း ဖွံ့ဖြိုးမှုရဲ့ နယ်ခြားစည်းတစ်ခု ဖြစ်တယ်။ နိုင်ငံတော်ရဲ့ လယ်ယာရုပ်သိမ်း သစ်တောပြန်ပြောင်းရေး မူဝါဒအရ ယန်အန်းဟာ ၂၅ ဒီဂရီအထက် တောင်ယာတွေအကုန်လုံးကို လယ်ယာရုပ်သိမ်း သစ်တောပြန်ပြောင်းရေး လုပ်ပြီး၊ "အစိမ်းရောင်" တော်လှန်ရေးတစ်ခုကို တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ လျင်မြန်စွာ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြတယ်။

၁၉၉၉ ခုနှစ်၊ လယ်ယာရုပ်သိမ်းပြီးနောက်ပိုင်း၊ ယန်အန်းမှာ ရုပ်သိမ်းလယ်ယာမြေ မူ (၁ မူ = .၁၆၅ ဧက) ဆယ်သန်းကျော် ရှိလာတယ်၊ ယန်အန်းမြေကြီးမှာ အဝါရောင်မှအစိမ်းရောင်သို့ ပြောင်းလဲရေးကြီးကို ဖော်ဆောင်နိုင်ခဲ့တယ်။

.

၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်၊ ရှီကျင့်ဖိန်က ကျေးရွာပြည်သူတွေဆီ ရေးတဲ့ ပြန်စာထဲမှာ၊ လျန်ကြားဟိုက တောင်တွေ စိမ်းလန်း၊ ရေတွေ ကြည်လင်လာပြီဖြစ်ကြောင်း ကြားသိရလို့ သူ အလွန်ဝမ်းသာမိတဲ့အကြောင်း ဆိုထားတယ်။ စာထဲမှာ၊ သူက ရပ်ဆွေရပ်မျိုးတွေကို အားပေးထားသေးတယ်၊ ပါတီရဲ့ ပြည်သူ့ကြီးပွားရေးမူဝါဒရဲ့ မှန်ကန်တဲ့ လမ်းညွှန်မှုအောက်မှာ၊ ကျေးရွာပါတီကလာပ်စည်းနဲ့ ကျေးရွာကော်မတီတို့ရဲ့ ဦးဆောင်မှုအောက်မှာ ရပ်ဆွေရပ်မျိုးတို့ အတူတကွ ကြိုးစားလုပ်ကိုင်ကြရာကတစ်ဆင့် အားလုံးရဲ့ဘဝတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးကောင်းမွန်လာမှာပါလို့ သူက အားပေးခဲ့တယ်။

.

၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ ယန်အန်းမြို့ဟာ ၁၉၄၅ ခုနှစ် မိုးလေဝသအခြေအနေမှတ်တမ်းတင်မှု ရှိလာပြီးနောက်ပိုင်း အချိန်အရှည်ကြာဆုံး၊ ပြင်းအားအကြီးဆုံး၊ မိုးသည်းနေ့အများဆုံးဖြစ်တဲ့အပြင် ကြားရက်ခြားမှုအတိုဆုံးဖြစ်တဲ့ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်။ ယန်အန်းမြို့အပိုင် မြို့နယ် ၁၃ ခုထဲက စုစုပေါင်း လူဦးရေ ၁၅ သိန်း ၄ သောင်းခွဲ ကပ်ဘေးသင့်ခဲ့တယ်၊ တိုက်ရိုက် စီးပွားရေး ဆုံးရှုံးမှုတန်ဖိုး ယွမ် ၁၂ ဘီလျံကျော် ရှိခဲ့တယ်။ အဲဒီ ဆိုးရွားတဲ့ ကပ်ဘေးအတွင်း လျန်ကြားဟို တောင်သူလယ်သမားမိသားစု ၈၀% ရဲ့ လူနေလိုဏ်ခေါင်းတွေ ထိခိုက်ပျက်စီးပြီး၊ လူနေလိုဏ်ခေါင်းအချို့ ပြိုကျခဲ့တယ်။

ကပ်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်တဲ့အချိန်မှာ ဒေသအစိုးရက လျန်ကြားဟိုနေ ပြည်သူတွေကို နေရာပြောင်းရွှေ့အခြေချစေဖို့ ဆုံးဖြတ်ခဲ့တယ်၊ လျန်ကြားဟိုရွာက အိမ်ထောင်စု ၁၀၀ ကျော်ဟာ မြို့မှာ ပြောင်းရွှေ့ပြီး နေထိုင်ကြရတယ်၊ လျန်ကြားဟိုရွာက ကလေးတွေ အကုန်လုံးကို ဝန်အန်းယိမြို့ပေါ်က မူကြိုကျောင်းမှာ မူလတန်းတက်စေပြီး ပိုမိုကောင်းမွန်တဲ့ ပညာရေးကို ခံယူစေခဲ့တယ်။ လျန်ကြားဟိုရဲ့ နဂိုနေရာကို မူလပုံစံအတိုင်း ပြန်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အခြေခံပေါ်မှာ ပါတီဝင်ကေဒါပါတီစိတ်ဓာတ်ပညာပေးစခန်း၊ လူငယ်ပညာပေးစခန်း၊ လှပသော ကျေးလက်စံပြစခန်း တို့ကို တည်ဆောက်ခဲ့တယ်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာ လျန်ကြားဟို ကျေးရွာကော်မတီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်ထံ စာရေးပြီး၊ ရွာက စီးပွားရေးအသိုက်အဝန်း ဖွံ့ဖြိုးမှုနဲ့ ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ရဲ့ အခြေအနေတွေကို အသေးစိတ် အစီရင်ခံ တင်ပြခဲ့တယ်။ မေလ ရက်နေ့မှာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က လျန်ကြားဟိုကျေးရွာကို စာပြန်ခဲ့တယ်၊ စာထဲမှာ သူက ဒီလို ဆိုထားတယ်-

 "မနှစ်က နွေရာသီတုန်းက ယန်ချွမ်းမှာ ဆိုးရွားတဲ့ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှု ကပ်ဘေးကြီးနဲ့ ကြုံတွေ့ခဲ့ရတော့ ရွာက ရပ်ဆွေရပ်မျိုးတွေကို ကျွန်တော် အမြဲ သတိတရ ရှိနေခဲ့ပါတယ်။ ပါတီနဲ့ အစိုးရရဲ့ ပံ့ပိုးမှုအောက်မှာ ခင်ဗျားတို့က ရပ်ဆွေရပ်မျိုးတွေကို ဦးဆောင်ပြီး မိမိတို့ဘာသာ ကယ်ဆယ်ရေးတွေလုပ်၊ ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးတွေကို ဘက်ပေါင်းစုံက လုပ်ဆောင်၊ လယ်ယာထွက်ကုန် ဖွံ့ဖြိုးရေးကို တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်အောင် လုပ်ဆောင်ခဲ့ကြလို့ ကျေးရွာပြည်သူတွေရဲ့ ဝင်ငွေဟာ တစ်ဆင့်ထပ်ပြီး မြင့်တက်လာခဲ့ကြတဲ့အကြောင်းကို ကြားရတဲ့အတွက် ကျွန်တော် ရွှင်လန်းနှစ်သက်မိပါတယ်။ ဒီနှစ်မှာလည်း ရွာက ဖွံ့ဖြိုးရေးစီမံကိန်း ချမှတ်ထားလို့၊ ခင်ဗျားတို့ဘက်ကနေ ရပ်ဆွေရပ်မျိုးတွေကို ဦးဆောင်ပြီး လက်တွေ့ကျကျ လုပ်ဆောင်၊ ဘဝနေ့ရက်တွေ တစ်နေ့တခြား ပိုပြီးချမ်းမြေ့သာယာလာအောင် ကြိုးစားကြပြီးတော့ ရွာကိုလည်း လှသထက်လှအောင် တည်ဆောက်ကြမယ်လို့ မျှော်လင့်ပါတယ်"

ဟိုတုန်းက ရှီကျင့်ဖိန်ရဲ့ အိမ်ရှင်အမျိုးသမီး လျူကျင်းလျန်က ပြောတယ်၊ နောက်ထပ်တစ်ကြိမ် နေထိုင်မကောင်း ဖြစ်လို့ရှိရင် ဇွတ်အတင်းကြိတ်မှိတ်မခံတော့ဘူးတဲ့။ ၂၀၁၅ ခုနှစ်၊ ပထမနှစ်ဝက်မှာ လျူကျင်းလျန်ဟာ လက်မောင်း နာကျင်တဲ့ ဝေဒနာ ခံစားရလို့ ဆေးရုံမှာ ဆေးသွားစစ်ကြည့်ရာက အကြိတ်ဖြစ်နေမှန်း သိရှိခဲ့ရလို့၊ ခွဲစိတ်ကုသမှု ခံယူခဲ့တယ်။ ယွမ် ၈၀၀၀ နီးပါးကို စာရင်းတင်ပြပြီး ငွေထုတ်နိုင်လို့ အများကြီး အထောက်အကူဖြစ်ခဲ့တယ်လို့ လျူကျင်းလျန်က ပြောပြတယ်။

သမဝါယမ ကျန်းမာရေးစောင့်ရှောက်မှုအပြင် လျန်ကျားဟိုရွာ ပြည်သူတွေမှာ သက်ကြီးစောင့်ရှောက်မှုအာမခံလည်း ရှိတယ်၊ အသက် ၆၀ အထက် အဘိုးအဘွားတွေဟာ သူ့အဆင့်အလိုက် လစဉ် သက်ကြီးထောက်ပံ့ကြေးတွေ ရရှိခံစားနေကြတယ်။

ချမ်းသာလာတဲ့ လျန်ကြားဟိုနေ ပြည်သူတွေလည်း ကလေးတွေရဲ့ ပညာရေးကို ပိုပြီး အလေးထားလာကြလို့၊ ကလေးတွေကို မြို့မှာ ကျောင်းထားပေးကြပြီး၊ ပိုမိုကောင်းမွန်တဲ့ ပညာရေးကို ခံယူစေကြတာကြောင့်၊ တက္ကသိုလ်တက်နိုင်တဲ့လူ ဆယ်ယောက်ကျော် ရှိနေပြီဖြစ်တယ်။

ယခုအခါမှာ လျူကျင်းလျန်ဟာ လျန်ကျားဟို ကျေးလက်ယဉ်ကျေးမှု ခရီးသွားဖွံ့ဖြိုးရေး ကုမ္ပဏီလိမိတက်ရဲ့ သန့်ရှင်းရေးဝန်ထမ်း ဖြစ်လာခဲ့ပြီး၊ တစ်လကို ယွမ် ၁၂၀၀ လစာ ပုံမှန် ရနေပါတယ်။ သူက မိမိအိမ်ဝင်းထဲမှာလည်း ဆိုင်ကလေးတစ်ဆိုင် ခင်းပြီး လက်လုပ်ဖိနပ်အတွင်းခံတွေနဲ့ ဒေသထွက်ကုန်ပစ္စည်းတွေကို ရောင်းချနေပါတယ်။

.

ဟိုတုန်းက အပ်ချုပ်အသင်း အသင်းဝင် လျူလွေ့လျန်ကတော့ စေတနာ့ဝန်ထမ်း ဧည့်လမ်းပြ လုပ်နေတယ်၊ သူ့သား ကုန်ကန်က ယွမ် သိန်းခွဲ အရင်းအနှီးနဲ့ စိုက်ပျိုးဖျော်ဖြေရေး agritainment လုပ်ငန်း တည်ထောင်တယ်၊ ကုမ္ပဏီထောင် မှတ်ပုံတင်ပြီးတော့လည်း "လျန်ကြားဟို"တံဆိပ် ဆပ်နှံတို့၊ ဆီးသီးတို့ ထုတ်လုပ်သေးတယ်။

၂၀၁၇ ခုနှစ်မှာ လျန်ကြားဟိုရွာရဲ့ တစ်ဦးချင်း အသားတင်ဝင်ငွေဟာ ၂၀၈၂၆ ယွမ် ရှိခဲ့လို့၊ ရှေ့တစ်နှစ်ကထက် ၁၅.% တိုးတက်လာခဲ့တယ်။

 

လျန်ကြားဟို ကျေးလက်ယဉ်ကျေးမှုခရီးသွားဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက်၊ ဝက်မွေးမြူရေးလုပ်ငန်း သမဝါယမအသင်း၊ ပန်းသီးလုပ်ငန်းသမဝါယမအသင်း၊ အသေးစားကုန်ပစ္စည်းထုတ်လုပ်ရေးနဲ့ စိုက်ပျိုးဖျော်ဖြေရေး agritainment လုပ်ငန်း အစရှိတဲ့ အမျိုးမျိုးသော ကြီးပွားရေးပုံစံတွေဟာ အတူတကွ စုပေါင်းပြီးတော့ လျန်ကြားဟိုကို ဖွံ့ဖြိုးမှုလမ်းကြောင်းသစ်တစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ လျန်ကြားဟိုရွာက ပြည်သူတွေဟာ ကျေးရွာပါတီကလာပ်စည်းကို စုရုံးရောက်ရှိလာကြပြီး၊

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက် ဖွင့်ပွဲအခမ်းအနားကို စောင့်မျှော်နေခဲ့ကြတယ်။

ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီးထဲက လက်ခုပ်သံတွေ ညံမစဲသလို၊ လျန်ကြားဟို ကျေးရွာပါတီကလာပ်စည်း အစည်းအဝေးခန်းမထဲမှာလည်း အလားတူ သောင်းသောင်းဖြဖြ လက်ခုပ်သံတွေ ညံနေခဲ့တယ်။

အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်ရဲ့ အစီရင်ခံချက်ကို နားထောင်ကြပြီးတဲ့နောက်၊ အဲဒီထဲက စကားလုံးတိုင်းဟာ နှလုံးသားထဲကို ရောက်တဲ့ စကားလုံးတွေပဲလို့ ရွာသူရွာသားတွေ ခံစားမိကြတယ်။ အားလုံးက ပိုမိုလှပကောင်းမွန်တဲ့ အနာဂတ်ကို ယုံကြည်စိတ်အပြည့်နဲ့ မျှော်လင့်ရင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြတယ်။

လျန်ကြားဟို၊ သာမန်ရိုးရိုး တောင်ပေါ်ရွာကလေးတစ်ရွာ၊ တစ်ချိန်က အိပ်မက်တွေ တည်ဆောက်တဲ့ နေရာဟာ ခုချိန်မှာတော့ အိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်တဲ့နေရာ ဖြစ်လာခဲ့ပါပြီ။

   Webradio