• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျန်ကျားဟို အပိုင်း-၃

(GMT+08:00) 2018-07-06 08:27:34

လျန်ကျားဟိုကို ရောက်ကာစအချိန်တုန်းက ရှီကျင့်ဖိန်တို့တွေဟာ လယ်သမားများက ထမင်းဟင်းကို စားကြရပါတယ်။ အစားအစာတွေ ကတော့ ပြောင်းဖူးမန်ထို၊ ပဲမန်ထို တို့ဖြစ်ပြီး လယ်သမားများတောင် သာမန်အချိန်အခါမျိုးမှာ မစားရက်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ထမင်းစားချိန်မှာဆို ရွာထဲကကလေးတွေက ဘေးနားကနေလာရပ်ကြည့်ပြီး သွားရည်ကျနေကြပါတယ်။ ရွာမှာနေရထိုင်ရတာ ပေကျင်းနဲ့တော့ အကွာကြီးကွာနေတာပေါ့။ ဒါပေမယ့်လည်း သူတို့တွေရွာမှာနေရတာ ရွာကလူတွေထက်တော့ အများကြီးသာပါသေးတယ်။ လျန်ကျားဟိုမှာ ရွာသားတွေဟာ လစဉ်လူတစ်ယောက်အတွက်စားနပ်ရိက္ခာပမာဏက ၁၀ ကီလိုဂရမ်သာရှိပါတယ်။ သူတို့လူငယ်တွေကို ကျွေးရတာရဲ့တ၀က်တောင်မရှိပါဘူး။ ဗိုက်ဝဖို့အတွက် ရွာသားတွေဟာ ဖွဲနုနဲ့လုပ်ထားတဲ့မုန့်လုံးကြမ်းတွေ၊ မုန့်ညင်းခါးရွက်၊ ချောင်မိုင်ရွက် စတာတွေကို အဆာပြေစားကြရပါတယ်။

နောက်ပိုင်းမှာတော့ လူငယ်တွေဟာ ကိုယ့်ဘာသာပဲထမင်းချက်စားကြပါတယ်။ ကိုယ်တိုင်ချက်စားကြည့်မှပဲ အစားတလုတ်စားဖို့လုပ်ရတာဟာ အတော်လေး မလွယ်တဲ့ကိစ္စ ပါလားလို့ လူငယ်တွေ သိလာကြပါတော့တယ်။ ပထမဆုံး မလွယ်တဲ့အလုပ်ကတော့ မီးမွှေးဖို့ထင်းရှာရတာပါပဲ။ ဒီလိုတောင်တုံးလုံးပေါ်မှာ အပင်ကလည်းမရှိ ခြုံပုတ်လေးတောင်မရှိတဲ့နေရာမှာ ဘယ်နားမှာထင်းသွားရှာရပါ့မလဲပေါ့။ ဒေသခံရွာသားတွေကတော့ သာမန်အချိန်အခါမျိုးမှာ ထင်းကိုစုဆောင်းထားလေ့ရှိကြပါတယ်။ နွားတွေမစင်စွန့်တဲ့အခါ လက်နှစ်ဖက်နဲ့ယူလို့ မြေနံရံမှာ အခြောက်လှမ်းထားပြီး မီးမွှေးနိုင်ပါသေးတယ်။ တောင်ကျရေတံခွန်က ရေစီးသန်လာတဲ့အခါမှာလည်း ရေစီးနဲ့မျောပါလာတဲ့သစ်ကိုင်းတွေကို မီးမွှေးဖို့ မြစ်ထဲမှာ စွန့်စွန့်စားစားဆယ်ယူကြပါတယ်။ ဒါ့အပြင်ရွာသားတွေဟာ တောင်ကမ်းပါးကိုတက်ပြီး ၀ံပုလွေအစွယ်ဆူး(လန်ယာချင့်)လို့အမည်ရတဲ့ ခြုံပုတ်ပင်တစ်မျိုးကို တက်ခုတ်ကြပါသေးတယ်။ ဒီခြုံပင်ကအကိုင်းတွေက မီးစွဲတဲ့အတွက် သက်စွန့်ဆံဖျားတက်ခုတ်ကြပါတယ်။ အဲ့တာကြောင့်ပဲ တောင်အောက်ကိုပြုတ်ကျပြီး သေကြတဲ့လူတွေရှိသလို ခြေကျိုးလက်ကျိုးမသန်မစွမ်း ဖြစ်သွားကြတဲ့ လူတွေလည်းရှိပါတယ်။ လူငယ်တွေဟာ တောင်ကမ်းပါးရံကိုလည်းတွယ်မတက်နိုင်သလို ဒီလိုအဆူးတွေပါတဲ့ ခြုံပင်ကိုလည်းမကိုင်တွယ်နိုင်ပါဘူး။ အဲ့ဒိတော့တောင်ပေါ်တက်ပြီး သက်ကယ်မြက်တွေပဲသွားနုတ်ကြတာ အများကြီးရခဲ့ကြပါတယ်။ သို့ပေမယ့်လည်း မီးဖိုထဲထည့်ပြီး မီးမွှေးလိုက်တဲ့အခါ ခဏလေးနဲ့ပဲ ငြိမ်းသွားပါတော့တယ်။ ဒီလူငယ်လေး ၆ ယောက် မြက်ကောက်ပြီး မီးမွှေးတာ ထမင်းတအိုးတောင်မကျက်တဲ့အခါ အဖွဲ့က သူတို့ကို သိမ်းဆည်းထားတဲ့ ပြောင်းဖူးရိုးခြောက်တွေကို မီးမွှေးဖို့အသုံးပြုခွင့်ပေးလိုက်ပါတယ်။  အဲ့ဒိတော့မှပဲ သူတို့ရဲ့မီးမွှေးရတဲ့ ပြဿနာတစ်ရပ် ငြိမ်းအေးသွားပါတော့တယ်။

အငတ်ခံရတာတော့ မကြာခဏဆိုသလို ကြုံနေရတာပါပဲ။ အဖွဲ့ကတော့ ရံဖန်ရံခါမှာ ဂျုံနဲ့ခေါက်ဆွဲလုပ်ပြီး လူငယ်တွေကိုကျွေးပါတယ်။ တခါမှာတော့ လယ်ထဲအလုပ်လုပ်သွားရင်း ရှီကျင့်ဖိန်က မန်ထိုလေးတွေ ယူသွားတယ်။ နေ့လယ်ထမင်းစားချိန်ရောက်တော့ ရွာသားတွေက ဖွဲနုနဲ့လုပ်ထားတဲ့ မုန့်လုံးကြမ်းတွေပဲစားကြတာမြင်တော့ ပါလာတဲ့မန်ထိုတွေကိုထုတ်မစားရက်ပဲ အမျိုးသမီးလေးတွေကို မျှဝေကျွေးလိုက်ပြီး ကိုယ်တိုင်ကတော့ အငတ်ခံခဲ့ဖူးတာ မှတ်မိနေသေးတယ်လို့ ကုံကျန့်ဖူကဆိုပါတယ်။

ရှီကျင့်ဖိန်ဟာ လျန်ကျားဟိုမှာ ထမင်းဖြူတစ်ပန်းကန်စားခဲ့ဖူးပါသေးတယ်။ ဒါဟာ ရှီကျင့်ဖိန်လို လူငယ်တို့တောရွာသွားပြီး ပင်ပန်းဆင်းရဲခံရတဲ့ဘ၀မှာ တကြိမ်သာရှိဖူးခဲ့တာပါ။ ထိုစဉ်က စမ်းရှီးပြည်နယ်မြောက်ပိုင်းမှာ ဆန်စပါးဆိုတာ အလွန်ရှားပါးပါတယ်။ ပွဲတော်ရက်တွေမှာတောင် မစားနိုင်ပါဘူး။ ဒီထမင်းဖြူတစ်ပန်းကန်ကတော့ လီရင့်ထန် သူ့ကိုပေးခဲ့တာပါ။

လီရင့်ထန် ဆိုတာကတော့ ထုံချွမ်းမှာ အလုပ်လုပ်နေရတဲ့သူပါ။ ရှီကျင့်ဖိန်နဲ့အရမ်းခင်ပါတယ်။ တခါက သူအိမ်ပြန်တော့ ဆန်နည်းနည်းယူလာပြီး မိခင်ကိုချက်စေကာ ရှီကျင့်ဖိန်အတွက် အနည်းငယ်ယူလာပေးခဲ့တာဖြစ်ပါတယ်။ ရင့်ထန်ရဲ့မိခင်ဟာ ဆန်ကို သေချာစွာဆေးကြာချက်ပြုတ်ပြီး သားဖြစ်သူရင့်ထန်ကို ပူပူနွေးနွေးပဲ ရှီကျင့်ဖိန်စားဖို့ယူသွားစေပါတယ်။

လျန်ကျားဟိုရဲ့နွေးထွေးမှု့ကို ရှီကျင့်ဖိန် ထိတွေ့ခံစားလို့နေပါတယ်။  ကျွန်တော်ဗိုက်ဆာရင် ရွာသားတွေက ကျွန်တော့်ကိုထမင်းကျွေးတယ်။ ကျွန်တော့်အ၀တ်တွေညစ်ပတ်နေရင် ရွာသားတွေက ကျွန်တော့်ကိုလျှော်ပေးကြတယ်။ အင်္ကျံပြဲသွားရင် ပြန်ချုပ်ပေးကြတယ် လို့ သူကဆိုပါတယ်။

ကျေးတောရွာရဲ့လူမှု့လောက ကရိုးရှင်းပါတယ်။ ကျေးတောရွာရဲ့ကျင့်ဝတ်သိက္ခာ သတ်မှတ်ချက် တွေကလည်း ရိုးရှင်းလွယ်ကူပါတယ်။ အပင်ပန်းခံနိုင်တယ် ရိုးသားတယ် ဆိုရင်လူတွေက လေးစားကြတာပါပဲ။ လျန်ကျားဟိုမှာ ရှီကျင့်ဖိန်လုပ်တာ အများဆုံး အလုပ်ကတော့ တာဖို့ရခြင်း ဖြစ်ပါတယ်။

အဲ့ဒိအချိန်တုန်းက တောရွာတွေမှာ စက်ပစ္စည်းကိရိယာတွေမရှိတော့ လူအားနဲ့ပဲ မြေကိုတထပ်ချင်းပုံပြီး တာဖို့ရပါတယ်။ ပြီးမှ အလွန်လေးလံတဲ့ကျောက်တုံးနဲ့ ပွနေတဲ့မြေကို ကျစ်အောင်ထုပေးရပါတယ်။ အရမ်းကို အင်အားသုံးပြီးလုပ်ရတဲ့ ခွန်အားအလုပ်ပဲဖြစ်ပါတယ်။

အဲ့အချိန်အခါတုန်းက လုပ်ငန်းခွင်အန္တရာယ်ကင်းရေးလုပ်ဆောင်ချက်လိုဟာမျိုးမပြောနဲ့ လက်အိတ်တောင်မရှိပါဘူး။ ရှီကျင့်ဖိန်ဟာ လက်နဲ့ပဲ သစ်သားတုံးကြီးကို ဖမ်းကိုင်ပြီး အားနဲ့တချက်ချင်းထုရပါတယ်။ တနေကုန်ရင် လက်မှာအရည်ကြည်ဖုတွေ ဖြစ်လာတော့တာပါပဲ။ ဒါပေမယ့်လည်း မနားရပါဘူး။ နောက်ရက်ထပ်ထုရတဲ့အခါ အရည်ကြည်ဖုတွေပေါက်ပြဲပြီး သွေးတွေထွက်လာတော့တာပါပဲ။ ဘယ်လိုပဲ ခက်ခဲကြမ်းတမ်းပြီးပင်ပန်းပါစေ ကျင့်ဖိန်ကတော့ မနားတမ်းအားစိုက်လုပ်တာပါပဲ လို့ရွာသားတွေက မှတ်ချက်ပေးကြပါတယ်။

တာဖို့တာက များသောအားဖြင့် လယ်နားတဲ့ဆောင်းရာသီမှာလုပ်ကြပါတယ်။ အဲ့ဒီအချိန်တာဖို့ရတာအရမ်းပင်ပန်းပါတယ်။ တရုတ်ပြက္ခဒိန် ၂လ ၃လ ပိုင်းဆိုတာ စမ်းရှီးပြည်နယ်မြောက်ပိုင်းက နှင်းတွေအရည်ပျော်တဲ့အချိန်ပေါ့။ ရှီကျင့်ဖိန်က ဘောင်းဘီကိုခေါက်တင်ပြီး ခြေဗလာနဲ့ အရိုးကွဲလောက်အောင်အေးတဲ့ ရေခဲရေထဲ မတ်တပ်ရပ်ပြီး အလုပ်လုပ်ခဲ့တာ မှတ်မိနေသေးတယ်လို့ အဖွဲ့ဝင် လျန်ယိုချန်းကဆိုပါတယ်။

ဒီလို ရေသာမခိုပဲ ဇွဲလုံ့လနဲ့အားစိုက်အလုပ်လုပ်နေတဲ့ ရှီကျင့်ဖိန်ကို လူတွေအားလုံးက လက်မထောင်ပြီး တော်လိုက်တဲ့မျိုးဆက်သစ်လူငယ် ရယ်လို့ ချီးမွမ်းကြပါတယ်။

ရှီကျင့်ဖိန်က တဖက်က သူ့ရဲ့လယ်သမားဆန်ဆန်ဘ၀ကို လက်တွေ့ကျကျလုပ်ဆောင်နေသလိုပဲ တစ်ဖက်မှာလည်း စာအုပ်စာပေများထဲက အတွေးအခေါ်နဲ့စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ဖို့ ကြိုးစားသင်ယူနေပါတယ်။ လျန်ကျားဟိုက လူတွေရဲ့ရင်ထဲမှာ ရှီကျင့်ဖိန်ဟာ အမြဲလိုလို အုတ်နီခဲလောက်ထူတဲ့စာအုပ်တစ်အုပ်နဲ့ ထမင်းစားချိန်လည်းဖတ်တယ်။ တောင်ပေါ်မှာ ဆိတ်ကျောင်းတဲ့အချိန်တိုင်းလည်းဖတ်တယ်။ လက်ထဲမှာ အမြဲတမ်းဖတ်ဖို့စာအုပ်က မမေ့မလျော့ရှိနေတတ်တဲ့လူငယ်လေးပါပဲ။ အဲ့အချိန်တုန်းက လျှပ်စစ်မီးမရှိတဲ့အတွက် မိုးမှောင်ပြီဆို လျန်ကျားဟိုတရွာလုံး စောစောအိပ်ယာဝင်ကြတော့တာပါပဲ။ ရှီကျင့်ဖိန်တစ်ယောက်ပဲ ဂူပေါက်မှာ အလင်းရောင်လေးတစ်မျှင်နဲ့စာဖတ်နေခဲ့တာ။ ဒီအလင်းရောင်လေးတစ်မျှင်က ရှီကျင့်ဖိန်အတွက် ဘယ်လိုမျိုး ဥာဏ်ပညာ အလင်းရောင်ကို ဆောင်ကြဉ်းပေးခဲ့တယ်ဆိုတာ ဘယ်သူမှမသိလိုက်ကြပါဘူး။

ရှီကျင့်ဖိန်က ရုရှားစာပေအမြောက်အများ ဖတ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အဲ့ဒိခေတ်က လူတွေက ရုရှားရဲ့ဂန္တ၀င်စာပေလွှမ်းမိုးမှု့ကို တော်တော်ခံခဲ့ရတယ်။  Chernychevsky ရဲ့ How do I? ဆိုတဲ့စာအုပ်ကို ကျွန်တော်လျန်ကျားဟိုက ဂူပေါက်ထဲမှာ ဖတ်ခဲ့တာပေါ့။ စာအုပ်ထဲက ဇာတ်ကောင် Lage Mei Tov က ဇွဲသတ္တိကိုလေ့ကျင့်ဖို့အတွက် သံစိုက်ထားတဲ့ကုတင်ပေါ်မှာအိပ်တာ သံစူးလို့တကိုယ်လုံးသွေးတွေနဲ့ပေါ့။ အဲ့တုန်းက ကျွန်တော်တို့လည်း ဇွဲလုံ့လအတွက် အဲ့လိုပဲလေ့ကျင့်ခဲ့ကြတာပေါ့ဗျာ။ စောင်တွေဖယ်ပြီး ကြမ်းပြင်မှာ ဒီတိုင်းအိပ်ကြတယ်။ မိုးရွာတဲ့အခါ နှင်းကျတဲ့အခါလည်း အပြင်ထွက်ပြီး ခက်ခဲကြမ်းတမ်းတဲ့လေ့ကျင့်ခန်းတွေလုပ်ကြတယ်။ မိုးစိုခံကြတယ်။ နှင်းစိုခံကြတယ်။ ရေတွင်းမှာပဲ ရေအေးတွေနဲ့ချိုးကြတယ်။ ဒီစာအုပ်ရဲ့ လွှမ်းမိုးမှုတွေကြောင့်ပါပဲ လို့ ပြန်ပြောင်းအောက်မေ့ကာ ပြောပြခဲ့ပါတယ်။

နားရက်တွေမှာဆို ရှီကျင့်ဖိန်တစ်ယောက်နေရာအနှံ့မှာ စာအုပ်လိုက်ရှာပါတယ်။ ရန်ချွင်းဒေသထုတ် စာစောင် တောပန်း ဆိုတာလည်းသူဖတ်တဲ့စာပေထဲပါတာပေါ့။ တောပန်း စာစောင်ကနေ သူဟာ နောက်ပိုင်းမှာနာမည်ကျော်စာရေးဆရာဖြစ်လာသူ လုရောင် နဲ့သိကျွမ်းခဲ့ပါတယ်။ နှစ်ဦးသားမအိပ်မနေ စာပေ အကြောင်း ဆွေးနွေးကြပါတယ်။ နောက်တော့ လုရောင် အံ့သြစွာနဲ့ပြောခဲ့တာကတော့ ရှီကျင့်ဖိန်က သူ့ထက် ၄နှစ်ငယ်ပေမယ့် အသိပညာဗဟုသုတကြွယ်ဝမှုကသူ့ထက်အများကြီးသာပြီး ဇွဲနပဲလည်းကြီးပါတယ်တဲ့။

လျန်ကျားဟိုကိုရောက်ပြီး ၂နှစ်၃နှစ်လောက်ကြာတော့ ရှီကျင့်ဖိန်ဟာ ရန်ချွင်းစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်နေပြီဖြစ်ပါတယ်။ မြေတူးခြင်း၊ မစင်သယ်ခြင်း၊ လယ်စိုက်ခြင်း၊ မြေပေါက်ခြင်း၊ ရိတ်သိမ်းခြင်း၊ ရိက္ခာကိုတံပိုးဖြင့်ထမ်းခြင်း စသဖြင့် အများကဲ့သို့လုပ်နိုင်အောင် အကုန်သင်ယူလုပ်ကိုင်ပါတယ်။ အခက်အခဲတွေ့ရင် ရွာကလူတွေကို မေးမြန်းပါတယ်။ တဖြည်းဖြည်းနဲ့ရှိသမျှလယ်ယာအလုပ်အားလုံးကို ကျွမ်းကျင်တတ်မြောက်လာပြီး လယ်စိုက်တတ်တဲ့ ကျွမ်းကျင်လယ်သမားကြီး ဖြစ်လာပါတော့တယ်။

ရွာမှာရှိသမျှ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ရှီကျင့်ဖိန်ဟာ ကျွမ်းကျင်အောင်လုပ်ကိုင်နိုင်ရုံသာမကပဲ ကိုယ်တိုင်သိုးမွှေးထိုးခြင်း၊ အကျ ဘောင်းဘီဖာထေးချုပ်လုပ်ခြင်း စသဖြင့် သယ်လာတဲ့အပ်ချည်အပ်ဗူးတွေ အကုန် အသုံးဝင်အောင် သင်ယူတတ်မြောက်ခဲ့ပါသေးတယ်။ ပုံစံကျကျ ချုပ်တတ်တာတော့  မဟုတ်ပေမယ့်လည်း မဆိုးလှပါဘူးလို့ဆိုနိုင်ပါတယ်။

လျန်ကျားဟိုက ရှီကျင့်ဖိန်ကို မြေ နဲ့ပတ်သတ်တဲ့ အသိပညာရပ်တွေကို သင်ကြား ပေးလိုက်သလိုပဲ ရှီကျင့်ဖိန်ကလည်း လျန်ကျားဟို ကို ခေတ်မီ အသိပညာတွေကို မျှဝေပေးခဲ့ပါတယ်။

လျန်ကျားဟိုမှာ လတ်လျားလတ်လျားနဲ့ ဟိုခိုးဒီခိုးလုပ်နေတဲ့ သူတစ်ယောက်ရှိပါတယ်။ တရက်တော့ အဖွဲ့ထဲက ကြက်သွန်ကိုလာခိုးတာ မိသွားပါလေရော။ ထိုအချိန်ကပါတီအဖွဲ့စည်းမျဉ်းစည်းကမ်းအရကတော့ အဖွဲ့ဝင်တွေ အားလုံး အစည်းအဝေးခေါ်ပြီး အဖွဲ့ဝင်အားလုံးက အလှည့်ကျ ဆူဆဲတာကိုခံယူရတာဖြစ်ပါတယ်။ ရှီကျင့်ဖိန်ကတော့ မဆူဆဲခဲ့ပဲ သူ့ကို အကျိုးအပြစ်တစ်ခုချင်းစီသေချာရှင်းပြပြောပြခဲ့ပြီး သူ့အကျင့်ကိုပြင်ဖို့ပြောတဲ့အခါ ခေါင်းညိတ်သဘောတူခဲ့ပါတယ်။ ရှီကျင့်ဖိန်ရဲ့ ဒီလိုအကြောင်းအကျိုးနဲ့ရှင်းပြ ဖြေရှင်းတဲ့နည်းလမ်းကြောင့် သူ့ကို လျန်ကျားဟိုက လူတွေက ပေကျင်းသားလေးတော်တယ်ရယ်လို့ စိတ်ထဲကနေ လေးစား လာကြပါတယ်။ အမှန်တကယ်ပဲ ဒီလူရမ်းကားလေးဟာ တဖြည်းဖြည်းနဲ့ပြုပြင်ပြောင်းလဲလာပြီး ရွာထဲက အလုပ်တွေမှာ တက်ကြွစွာပါဝင်လာကာ အဖွဲ့ဝင်ကောင်း တစ်ယောက်ဖြစ်လို့ လာခဲ့ပါတယ်။ ကိစ္စဖြစ်ပြီးတဲ့နောက်မှာ လျန်ယွိမင်နဲ့ရှီကျင့်ဖိန်တို့ ဒီကိစ္စကို ပြောမိကြတဲ့အခါ ရှီကျင့်ဖိန်က ဒီကောင်က အမှား သေးသေးလေး တစ်ခု လုပ်မိလိုက်တာပါ။ လုံးဝပြုပြင်ပေးလို့ရတယ်။ စည်းလုံးလို့ရတဲ့ကောင်ပါပဲ။ ပညာနဲ့ပဲအဓိကသင်ပြပေးသင့်တယ် လို့ဆိုပါတယ်။

လေးစားတတ်တဲ့သူ ကူညီတတ်တဲ့သူ ဒါ့ထက်ပိုပြီး စည်းလုံးတတ်တဲ့သူ၊ လျန်ယွိမင်ရဲ့စိတ်ထဲမှာတော့ ခါတိုင်းစကားနည်းတဲ့ဒီလူငယ်လေးက လွယ်တော့ မလွယ်ဘူး ရယ်လို့ တွေးမိပါတယ်။ နောက်ပိုင်းမှာတော့ သူအခက်ကြုံတိုင်း ရှီကျင့်ဖိန်ကိုရှာပြီး တိုင်ပင်ဆွေးနွေးပါတော့တယ်။

တဖြည်းဖြည်းနဲ့ ရှီကျင့်ဖိန်နေတဲ့နေရာဟာ လျန်ကျားဟိုရွာရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ အားလုံးက သူ့ဆီလာပြီး သူနဲ့စကားစမြည်ပြောကြ သူ သမိုင်းကြောင်းတွေ ပြောတာကိုနားထောင်ကြ ပြင်ပက စိတ်ဝင်စားဖွယ်အကြောင်းအရာတွေပြောပြတာကို နားထောင်ရတာ ကြိုက်နှစ်သက်နေကြလို့ပါပဲ။ သူဟာ တကယ်ပဲ လျန်ကျားဟိုရဲ့တစိတ်တပိုင်းဖြစ်လို့လာခဲ့ပါပြီ။

   Webradio