• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျန်ကျားဟို အပိုင်း-၁

(GMT+08:00) 2018-07-06 08:24:24

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ တရုတ်သက္ကရာဇ် ၁၂လပိုင်း(ဆောင်းလ) ၂၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီအချိန်တွင် မီနီဘတ်စ် ၃စီးက လျန်ကျားဟိုရွာအ၀င်ဝရဲ့ ခပ်လှမ်းလှမ်းမှာရပ်တန့်သွားပြီး ကားပေါ်ကလူအချို့ဆင်းလာကာ ရွာထဲသို့ ခပ်သုတ်သုတ်ဝင်သွားကြပါတယ်။

ကျင့်ဖိန်ပြန်လာပြီဟေ့ အော်သံနဲ့အတူ ရွာသားတွေအားလုံး ရွာထိပ်ဆီသို့ပြေးထွက်သွားကြပါတယ်။

မြေ၀ါကုန်းပြင်မြင့်ရဲ့အတွင်းပိုင်းဒေသမှာတည်ရှိတဲ့ လျန်ကျားဟို ဆိုတဲ့ရွာငယ်လေးဆီ ရှီကျင့်ဖိန် ပြန်ရောက်လာခဲ့တာပါ။ သူ့စိတ်အစဉ်မှာ စွဲလမ်းနေခဲ့တဲ့ဒီနေရာလေး….. တွက်ကြည့်မယ်ဆိုရင် ဒီနေရာလေးနဲ့ခွဲခွာခဲ့တာ နှစ်ပေါင်း ၄၀ တိတိရှိပြီပေါ့။

ဟိုအရင်က ခွန်အားစိုက်ထုတ်အလုပ်လုပ်ပြီး ရှင်သန်နေထိုင်ခဲ့ရတဲ့ မြေကြီးပေါ်ကို ခြေချလိုက်ရတဲ့အခါ ဟိုအရင်က နေ့နေ့ညညအတူတကွရှိခဲ့ကြဖူးတဲ့ တသက်တာလုံး အောက်မေ့နေခဲ့ရတဲ့ ရွာသူရွာသား ဆွေမျိုးများကို တွေ့မြင်လိုက်ရတဲ့အခါ ရှီကျင့်ဖိန်ဟာ ကိုယ့်ရဲ့လှုပ်ရှားနေတဲ့စိတ်အစဉ်ကိုတောင် ဖုံးကွယ်မထားနိုင်တော့ပါဘူး။

အားလုံးက ရှီကျင့်ဖိန် နားဝန်းရံထားကြပြီး စကားတွေပြောကြရင်း ဆက်လျှောက်လာကြပါတယ်။

ရွာအုပ်ချုပ်ရေးအဖွဲ့ရုံးတံခါးဝနားရောက်တော့ လူတွေပိုများလာကြပြီး ရှီကျင့်ဖိန် နားမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ၀ိုင်းအုံ့နေကြကာ ဘယ်သူကမှ ခြေတလှမ်းမျှ မခွာလိုကြပါဘူး။

ဟိုအရင်တချိန်က အတွင်းရေးမှူးဟောင်း လျန်ယွိမင် ကတော့ ရောက်လာတာနောက်ကျနေလို့ အရှေ့ရောက်ဖို့မနည်းကိုတိုးဝှေ့ခဲ့ရပါတယ်။ ရှီကျင့်ဖိန်က သူ့ကိုနွေးထွေးစွာနဲ့ လက်ဆွဲနှုတ်ဆက်တော့ လျန်ယွိမင်ခမျာ ၀မ်းသာစွာနဲ့ပဲ မင်းအလုပ်ရှုပ်နေတယ်မလား။ ငါအိမ်ပြန်နှင့်ပြီး ထမင်းဝိုင်းပြင်ထားလိုက်မယ်။ ခဏ နေအိမ်မှာ ထမင်းလာစားကွာ။ လို့ပြောလိုက်ပါတယ်။

ရှီကျင့်ဖိန်နဲ့ လူငယ်တသိုက် စကားစမြည် ပြောနေကြပါတယ်။ ဘာနဲ့ အသက်မွေးဝမ်းကျောင်းပြုကြလဲ။ ပုံမှန်ဆိုဘာတွေစားကြလဲ။ အဖိုးအဖွားတို့ရောနေကောင်းကြလား။ ကလေးတွေရော ဘာတွေလုပ်နေကြလဲ။ စားဝတ်နေရေးအဆင်ပြေကြရဲ့လား။ ဆန်ဝယ်လို့ရကြရဲ့လား။ မကြာခဏရောအသားဟင်းစားဖြစ်ကြရဲ့လား။ အစရှိသဖြင့်ပေါ့။

လူငယ်လေးတွေကလည်း ရှီကျင့်ဖိန်ကို အခုစီးပွားရေးကောင်းလာပါပြီ။ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ထမင်း၊ အသားဟင်း စားချင်တဲ့အချိန် စားလို့ရနေပါပြီ လို့ပြန်ဖြေကြပါတယ်။

လူငယ်လေးတွေရဲ့အဖြေကို ကြားရပြီး ရှီကျင့်ဖိန်လည်း စိတ်ချမ်းသာစွာပြုံးလို့ "ကောင်းတယ်။ ကောင်းတယ်။ ကိုယ့်ရွာသူရွာသားတွေ အဆင်ပြေနေကြတယ်ဆိုရင် ကျွန်တော်စိတ်ချရပါပြီ"လို့ ကျေနပ်အားရစွာနဲ့ပဲပြောပါတယ်။

၁၉၇၅ ခုနှစ်မှာ ရှီကျင့်ဖိန် ဟာ လျန်ကျားဟိုကနေ ထွက်လာခဲ့တာဖြစ်ပြီး ဒီတခေါက်ကတော့ သူဒုတိယအကြိမ်မြောက် ပြန်လာခြင်းဖြစ်ပါတယ်။

ရွာသားတွေကလည်း သူပထမတကြိမ်ပြန်လာတာ ၁၉၉၃ ခုနှစ်တုန်းကဆိုတာကို သေသေချာချာကိုမှတ်မိနေကြပါတယ်။

၁၉၉၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ ထိုအချိန်က ဖူကျန့်ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီ အလုပ်အမျှုဆောင်ကော်မတီဝင် ဖူကျိုးမြို့ကွန်မြူနစ်ပါတီအတွင်းရေးမှူး ရှီကျင့်ဖိန်အဖြစ်နဲ့ လျန်ကျားဟိုရွာကို ပထမဆုံးအကြိမ်ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။

ထိုစဉ်က သူဟာ တအိမ်ဝင်တအိမ်ထွက် အိမ်ပေါက်စေ့ လည်ပတ်ကြည့်ရှု့ခဲ့ပါတယ်။ အားလုံးကိုလည်း ၀မ်းရေးပြဿနာကို ဖြေရှင်းရမှာဖြစ်ပေမယ့် ပညာရေးပြဿနာကိုလည်းဖြေရှင်းကြရမယ်လို့ မှာကြားခဲ့ပါတယ်။ အိမ်တိုင်းကိုလည်း ကလေးငယ်များ ကျောင်းနေတဲ့အခါသုံးဖို့ရာ လျှပ်စစ်နာရီတစ်လုံးစီ လက်ဆောင်ပေးခဲ့ပြီး ကလေးငယ်များကို ပိုမိုကောင်းမွန်တဲ့ပညာရေး ကိုရရှိစေဖို့မျှော်လင့်ကြောင်းလည်းပြောကြားခဲ့ပါသေးတယ်။ ဒီတခေါက် ၂၀၁၅ ခုနှစ် တရုတ်နှစ်သစ်ကူးမတိုင်ခင် ပြန်လာတဲ့အခါမှာတော့ အိမ်တိုင်းအတွက် ဆန်၊ ဂျုံ၊ ဆီ၊ အသား၊ တရုတ် ရိုးရာ နှစ်သစ်ကူး ချိတ်ဆွဲ စာပေစာတမ်းများ၊ နှစ်သစ်ကူးပန်းချီကားချပ်များ စသဖြင့် နှစ်သစ်လက်ဆောင်များကို ကိုယ်တိုင်ငွေကုန်ကြေးကျခံကာ ၀ယ်ယူလာခဲ့ပါတယ်။ အိမ်တိုင်းအတွက်ကို ပါ ပါတယ်။

        ချောင်းလေးအတိုင်း သွားပြီး ကွေ့လိုက်မယ်ဆိုရင် ဟိုအရင်က ရှီကျင့်ဖိန် ၅ နှစ်တာနေခဲ့ဖူးတဲ့ ပညာတတ်လူငယ်များခြံဝန်းကို ရောက်မှာဖြစ်ပါတယ်။ ခြံဝန်းထဲမှာ ဂူပေါက် ၆ပေါက်ရှိပြီး ၁၉၇၀ ခုနှစ်က ထုတ်ကုန်အဖွဲ့က လူငယ်တွေအတွက် သီးသန့်ဆောက်လုပ်ပေးထားခဲ့တာဖြစ်ပါတယ်။ ဆောက်လုပ်ပြီးတဲ့နောက်မှာ ရှီကျင့်ဖိန်ဟာ ဒီနေရာမှာနေထိုင်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှာတော့ ဒီနေရာကထွက်ခွာခဲ့ပါတယ်။ ပညာတတ်လူငယ်များခြံဝန်းထဲကိုဝင်ရောက်ပြီး ဂူပေါက်တိုင်းကိုဝင်ရောက်ကြည့်ရှု့ခဲ့ပါတယ်။ ဟိုအရင်တချိန်ကနေထိုင်ခဲ့ဖူးတဲ့ ဂူထဲရောက်တော့ ပြတင်းပေါက်ကိုလက်ညိုးထိုးပြီး အဲ့တုန်းက ဒီနေရာမှာ အစိမ်းရောင်စားပွဲရှည်လေးတစ်လုံးချထားတယ်။ ဟိုဘက်မှာ စင်တစ်ခုရှိသေးတယ် ကျွန်တော်တို့ဝန်စည်စလယ်တွေကို အဲ့စင်ရဲ့အပေါ်မှာတင်ထားတာပေါ့ လို့သတိတရ ဆိုပါတယ်။ ပညာတတ်လူငယ်များခြံဝန်းအပြင်က နွံအောင်းဓာတ်ငွေ့ကန်ကတော့ ထိုအချိန်က ရှီကျင့်ဖိန်ကိုယ်တိုင် ဦးဆောင်ပြီး ရွာသားတွေနဲ့အတူ တည်ဆောက်ထားတဲ့ ဆန်ရှီးပြည်နယ်ရဲ့ပထမဆုံးသော နွံအောင်းဓာတ်ငွေ့ကန်ပဲဖြစ်ပါတယ်။ ကန်ဘေးက နံရံပေါ်မှာတော့ "ကိုယ့်ခွန်အားကိုမပျောက်ပျက်စေပဲ ဇွဲလုံ့လစိုက်ထုတ်ကြိုးစားလို့ ခက်ခဲကြမ်းတမ်းမှု့ကို ရင်ဆိုင်နိုင်ရမည်" ဆိုတဲ့အဓိပ္ပာယ်ရတဲ့ အနီရောင်တရုတ်စာလုံး ၈ လုံးကို လက်ရေးအလှနဲ့ ပန်းချီကားချပ်ပမာ ရေးဆွဲခြယ်မှုန်းထားခဲ့ပါတယ်။ ဒီပန်းချီကားကြီးတောင် အနှစ် ၄၀ကျော် ရှိပြီပဲလို့ ရှီကျင့်ဖိန်က စိတ်လှုပ်ရှားစွာရေရွတ်နေခဲ့ပါတယ်။

        ခြေလှမ်းတွေတုံ့ဆိုင်းနေသလို စကားတိုင်းမှာလည်းခံစားချက်တွေအပြည့်နဲ့ပါပဲ။ လျန်ကျားဟိုရဲ့ တောတောင်ရေမြေတွေ၊ ရွာသူရွာသားတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်တိုင်းကို ရှီကျင့်ဖိန်တစ်ယောက် တသသမေ့မရဖြစ်နေရပါတယ်။

        ထိုအချိန်က ကုန်ထုတ်လုပ်မှုကော်မတီအဖွဲ့ ကွန်မြူနစ်ပါတီခွဲ အတွင်းရေးမှူး ရှီကျင့်ဖိန်ဦးဆောင်ပြီးတာတွေဖို့ပြီးရလာတဲ့ လယ်မြေကောင်းတွေက အခုချိန်ထိ လျန်ကျားဟိုရဲ့ရွာသူရွာသားတွေအတွက် ကောင်းကျိုးများစွာ ဖြစ်ထွန်းနေဆဲပါပဲ။

        အဲ့ဒိအချိန်တုန်းက တာဖို့ကြဖို့အတွက်  ကိုယ့်ကျန်းမာရေး နောက်ပိုင်းအကျိုး ဆက်တွေဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှမတွေးခဲ့ကြပဲ ဘောင်းဘီကို ခေါက်တင်ပြီး အေးစက်နေတဲ့ရေခဲရေထဲ ခုန်ဆင်းလိုက်ကြတာပါပဲ။ ဟိုတလောလေးက ရာသီဥတုအေးလာတာနဲ့ ရှီကျင့်ဖိန်တစ်ယောက်ခြေထောက်ကိုက်တော့တာပဲ။ ဒါဟာ အဲ့ဒိအချိန်တာဖို့ခဲ့စဉ်က ရေခဲရေထဲ မတ်တပ်ရပ်ခဲ့ရတဲ့ အကျိုးဆက်ပါပဲ။

ရွာသားတွေရဲ့အမြင်မှာတော့ ကိုယ့်အနားက အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်ဟာ ဟိုအရင်တချိန်တုန်းက ပင်ပန်းဆင်းရဲခံပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ စာဖတ်ဝါသနာကြီးတဲ့ မျိုးဆက်သစ်လေးပါပဲ။ ဒီလို သံယောဇဉ်မျိုးက အနှစ် ၄၀ ကြာပြီးတဲ့နောက်မှာ ပိုမိုခိုင်မြဲပြီး ပိုမိုနက်နဲလာပါတယ်။

        ၁၉၆၉ ခုနှစ် ရှီကျင့်ဖိန် လျန်ကျားဟိုမှာ နားရက်ယူပြီး သိပ်မကြာခင်ပဲ ကျန်းဝေဖန်နဲ့ ကျန်းကွေ့လင်တို့ရဲ့သမီးလေး မင်္ဂလာဆောင်ပါတယ်။ နေတဲ့နေရာချင်းနီးတော့ ရှီကျင့်ဖိန်နဲ့ကျန်းဝေဖန်တို့ သိပ်မကြာခင်ပဲ ရင်းနှီးခဲ့ကြပါတယ်။

        ထိုစဉ်က ကျန်းဝေဖန်ရဲ့မိသားစုက စားဝတ်နေရေးအရမ်းကိုခက်ခဲနေတော့ ရှီကျင့်ဖိန်တစ်ယောက် ကွန်မြူနစ်ပါတီခွဲရဲ့အတွင်းရေးမှူးတာဝန်ကိုယူပြီး သိပ်မကြာခင်မှာပဲ ကျန်းဝေဖန် ကိုကူညီတဲ့အနေနဲ့ ကိုယ့်ရဲ့ရိက္ခာဝေစုကို ကျန်းဝေဖန်ကို ပေးပြီး သူတို့အိမ်မှာပဲ ထမင်းအတူဝင်စားပါတယ်။ ရှီကျင့်ဖိန် လျန်ကျားဟိုကနေ ပေကျင်းမြို့ရှိတက္ကသိုလ်ကို ကျောင်းပြန်တက်ဖို့ ထွက်ခွာရတဲ့အခါမှာတော့ စောင်နှစ်ထည်၊ အနွေးထည် ၂ထည်နဲ့ အပ်ချည်အပ်ဗူးထုပ်ကို ကျန်းဝေဖန်ကို ပေးခဲ့ပါတယ်။

        ၁၉၉၃ ခုနှစ် ရှီကျင့်ဖိန် လျန်ကျားဟိုကိုပြန်ရောက်လာတဲ့အချိန်မှာ ကျန်းဝေဖန်တစ်ယောက်တောင်ပေါ်မှာ ဂျုံစိုက်နေခဲ့ပါတယ်။ ရှီကျင့်ဖိန်ပြန်လာတဲ့ သတင်းကိုကြားတာနဲ့ တောင်ပေါ်ကပြေးဆင်းလာတာ လမ်းတ၀က်မှာပဲ ရှီကျင့်ဖိန်နဲ့ဆုံတွေ့ခဲ့ကြပါတယ်။ ကျင့်ဖိန်က ကျွန်တော့်ကိုတွေ့တော့ ကျွန်တော့်တကိုယ်လုံး ရွံ့တွေပေနေတာကို မရွံပဲ လှမ်းဖက်ပြီးတော့ စကားစမြည်ပြောတော့တာပဲဗျာ။ ကျွန်တော်ကတော့ စိတ်လှုပ်ရှားလွန်းလို့ ဘာပြန်ပြောရမှန်းကိုမသိအောင်ပါပဲလို့ ကျန်းဝေဖန်ကဆိုပါတယ်။

        ထိုအချိန်တုန်းက ရွာသားတွေက ကျွန်တော့်ကို လူ့ဘ၀မှာ ဘယ်လိုရှင်သန်နေထိုင်ရမယ် ဘယ်လိုလှုပ်ရှားရုန်းကန်ရမယ် ဆိုတာကိုသင်ပေးခဲ့ပါတယ်။ ကျွန်တော်ရခဲ့တဲ့အကျိုးအမြတ်ကမနည်းမနောပါပဲဗျာ။ အဲ့ဒိတုန်းက ကျွန်တော်က ၁၅-၁၆ နှစ်လောက်ပဲရှိသေးတဲ့လူငယ်လေးလေ။ ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ပေါ့။ နောက်တော့ အကုန်တတ်သွားတယ်လေ။ ခေါက်ဆွဲလုပ်ဖို့ ဂျုံနယ်တာ၊ မုန့်လုံးပေါင်းတာ၊ ချဉ်ဖတ်စိမ်တာ စသဖြင့် ဘာမဆိုအကုန်လုပ်တတ်သွားတယ်။ အဲ့ဒီချဉ်ဖတ်တောင်မစားတာကြာတော့ လွမ်းသားဗျာ လို့ ရှီကျင့်ဖိန်ကပြောခဲ့ဖူးပါတယ်။

        လျန်ကျားဟိုရဲ့ချဉ်ဖတ်ကို ရှီကျင့်ဖိန်တစ်ယောက်တသသနဲ့စွဲလန်းနေခဲ့တာပါ။ ၂၀၁၄ ခုနှစ် မတ်လ ၇ ရက်နေ့ တနိုင်ငံလုံးဆိုင်ရာ NPC and CPPCC အစည်းအဝေး ကျင်းပစဉ်ကာလအတွင်းမှာ ကွေ့ကျိုးပြည်နယ်ကိုယ်စားလှယ်အဖွဲ့ရဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာ တွေးနွေးပြောကြားစဉ်မှာ ၁၉၆၉ ခုနှစ် ဇန်န၀ါရီလက တောရွာမှာ အလုပ်လုပ်ခဲ့စဉ်မှာ ပြည်သူတွေကကျွန်တော့်ကိုကူညီခဲ့ကြတယ်။ သူတို့မှာ ရှိတဲ့အစားအစာကို ကျွန်တော့်ကိုဝေမျှကျွေးခဲ့တယ်။ ကျွန်တော့်ကို ချဉ်ဖတ်တစ်ခွက်ပို့ခဲ့ရင် ကျွန်တော့်အဲ့ဒိနေ့ထမင်းမြိန်တာပဲဗျာ။ အခုဆို ဆင်းရဲနွမ်းပါးတဲ့ဒေသကပြည်သူတွေကို မြင်ရရင် ကျွန်တော်ရင်ထဲအသည်းထဲကနေကို ကိုယ်ချင်းစာတယ်။ ကျွန်တော်တို့ ကွန်မြူနစ်ပါတီဝင်တွေအနေနဲ့ သူတို့အတွက် တကယ့်ကိုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ သူတို့အတွက် ထည့်စဉ်းစား ပေးသင့်ပါတယ်။ မဟုတ်ရင် ကျွန်တော်တို့ အသိဥာဏ်မဲ့ရာ ကျပါတယ် လို့ပြောကြားခဲ့ပါတယ်။

        လျန်ကျားဟိုကိုခွဲခွာခဲ့တဲ့ နှစ်ပေါင်း ၄၀ တလျှောက်မှာ ရှီကျင့်ဖိန်ဟာ အမြဲတမ်းလိုလို လျန်ကျားဟိုကို ဂရုတစိုက်စောင့်ကြည့်နေခဲ့ပြီး လျန်ကျားဟိုက ရွာသူရွာသားများကိုလည်း ဂရုစိုက်စောင့်ရှောက်ခဲ့ပါတယ်။

        ၁၉၉၄ ခုနှစ်မှာ လွီဟိုဆန်းရဲ့ ညာဘက်ခြေထောက်မှ ရိုးတွင်းခြင်ဆီရောင်ရမ်းခြင်းကို ဆေးရုံမှာ ၂လကြာကုသခဲ့ရာ ယွမ် ၆၀၀၀ ကျော်ကုန်ခဲ့ပေမယ့်လည်း ပြန်ကောင်းလာခြင်းမရှိခဲ့ပါဘူး။ နဂိုထဲက ဆင်းရဲရှာတဲ့ လွီဟိုဆန်းဟာ ဘယ်လိုမှမတတ်သာတဲ့အဆုံးမှာတော့ ရှီကျင့်ဖိန်ဆီကို စာရေးပြီး သူ့အခြေအနေကိုပြောပြခဲ့ပါတယ်။ လ၀က်တောင်မကြာလိုက်ပါဘူး။ ရှီကျင့်ဖိန်က သူ့ကို လမ်းစရိတ် ယွမ် ၅၀၀ ပေးပို့လာပြီး ဖူကျိုးမှာ ရောဂါကုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဖူကျိုးမှာ ကုသစဉ်ကာလအတွင်း ရှီကျင့်ဖိန်ဟာ မြို့ထဲရောက်တာနဲ့ ညတိုင်းလိုလို လွီဟိုဆန်းဆီ လူနာသတင်းမေးလာပါတယ်။ သူက ဟိုဆန်းရေ မင်းကို ဆေးကုတာ ဘယ်လောက်ကုန်ကုန် ငါကုပေးမှာပါကွာ လို့အားပေးစကားပြောခဲ့ပါသေးတယ်။

        ကုသမှုတွေခံပြီးနောက် လွီဟိုဆန်းရဲ့ရောဂါက နဲနဲသက်သာလာတယ်လို့ ယူဆရပြီး စမ်းရှီးပြည်နယ် ပြန်တော့မယ်လုပ်တဲ့အခါ ရှီကျင့်ဖိန်က သူ့အတွက် လေယာဉ်လက်မှတ်ဝယ်ပေးတဲ့အပြင် ယွမ် ၂၀၀၀ ကို သူ့လက်ထဲအတင်းထည့်ပေးခဲ့ပါတယ်။ လွီဟိုဆန်းခမျာ ကျေးဇူးတင်လွန်းလို့ ကျင့်ဖိန်ရေ ငါတကယ်တောင်းပန်ပါတယ်ကွာ ဒီတခါလာတာ ငါ့အတွက်နဲ့ မင်းပိုက်ဆံတွေအများကြီးကုန်သွားရပြီ လို့ အားနာစွာနဲ့ပြောတော့ ရှီကျင့်ဖိန်က ငါတို့က သူငယ်ချင်းတွေပဲလေကွာ လို့ပြန်အားပေးနှစ်သိမ့်ရှာပါတယ်။

        ၁၉၉၉ ခုနှစ် အောက်တိုဘာလကုန်လောက်မှာပဲ လွီဟိုဆန်းတစ်ယောက် ထိုက်ရွမ်မှာ ခြေထောက်ဖြတ်လိုက်ရပါတော့တယ်။ ရှီကျင့်ဖိန်ဟာ သတင်းကြားကြားချင်းပဲ ဆေးကုသစရိတ်အားလုံးကို ပေးချေပေးခဲ့ပါတယ်။ ဒေသခံရုံးအမှု့ထမ်းတစ်ယောက်ကို ဆက်သွယ်ပြီး သူ့ကိုစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခဲ့ပါသေးတယ်။ လွီဟိုဆန်းဟာ ဒီကိစ္စကိုပြောတိုင်း မျက်ရည်တွေဝဲပြီး ကျင့်ဖိန်က  ကျွန်တော့်အပေါ်သိပ်ကောင်းရှာတယ်ဗျာ။ ကျွန်တော့်ရဲ့ဟောဒီခြေထောက်အတွက် သူ့မနည်းဘူးကုန်ကျခံပေးခဲ့တာ လို့ပြောရှာပါတယ်။

        ရှီကျင့်ဖိန်ဟာ ရွာအတွက် လျှပ်စစ်မီးရအောင် လုပ်ပေးခဲ့ပြီး ကျောင်း၊ တံတားတွေကိုလည်း ပြုပြင်ပေးခဲ့ပါတယ်။ ရှီကျင့်ဖိန်ရဲ့ ရွာသားများအပေါ်ထားတဲ့ သံယောဇဉ်ကတော့ ကြီးမား နက်ရှိုင်း လွန်းလှပါပေတယ်။ သူတို့ကလည်း ကျင့်ဖိန်ရဲ့နှလုံးသားဟာ လျန်ကျားဟိုမှာပဲ အမြဲရှိနေခဲ့တာလို့ ဂုဏ်ယူစွာနဲ့ပြောနေကြပါတော့တယ်။

   Webradio