• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ္စနှင့် တွေ့ဆုံ

(GMT+08:00) 2018-06-28 08:20:27

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၇ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ္စနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်၊ ရှီကျင့်ဖိန်က၊ တရုတ်-အမေရိကန် ဆက်ဆံမှုသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော နိုင်ငံချင်းဆက်ဆံမှုများအနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံမှု ကောင်းမွန်ပါက နှစ်နိုင်ငံ ပြည်သူများနှင့် နိုင်ငံ အသီးသီးမှ ပြည်သူများအတွက် သုခချမ်းသာမှုများ ဆောင်ကျဉ်လာနိုင်ပြီး ကမ္ဘာနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး အတွက် အကျိုးရှိသည်ဟု တရုတ်- အမေရိကန် သံအဆက်အသွယ် ထားရှိသည့် နှစ် ၄၀ ခန့်မှ အဖြစ်မှန်များက ပြသ နေကြောင်း၊ နှစ်နိုင်ငံတို့သည် ကျယ်ပြန့်သော နယ်ပယ်များတွင် အကျိုးတူ ရှိပြီး တူညီမှုမှာ သဘောကွဲလွဲမှုထက် များစွာ ပိုများပါကြောင်း၊ နှစ်ဖက်တို့သည် အပြန်အလှန် လေးစားပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်ရေး မူအရ နှစ်နိုင်ငံ ဆက်ဆံမှုကို တွန်းမြှင့်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြန့်စုံမှု ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့၏ သဘောထားမှာ ရှင်းလင်း ပြတ်သားပါကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တပ်မတော်အကြား ဆက်ဆံမှုသည် နှစ်နိုင်ငံ ဆက်ဆံမှု၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံမှုသည် အရှိန် ကောင်းမွန်စွာ တိုးတက်လာကြောင်း၊ နှစ်နိုင်ငံ တပ်မတော်သည် ကူးလူးဖလှယ်မှု၊ အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး၊ အန္တရာယ်များကို ထိန်းချုပ်ကာ နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံမှုကို နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်ရေးအတွက် အကျိုးပြုနိုင်ဖို့ တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

မာတစ္စကလည်း၊ အမေရိကန်သည် နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံမှုကို လွန်စွာ အလေးထားကြောင်း၊ နှစ်ဖက် တပ်မတော် ဆက်ဆံမှုသည် နှစ်နိုင်ငံ ဆက်ဆံမှု၌ အခန်းကဏ္ဍ လွန်စွာ အရေးကြီးပါကြောင်း၊ အမေရိကန်သည် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တို့၏ သဘောတူညီမှုကို လမ်းညွှန်ချက်အဖြစ် ထားပြီး မဟာဗျူဟာအရ ကူးလူးဖလှယ်မှုကို အားဖြည့်ကာ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လိုပါကြောင်း၊ အန္တရာယ်များကို ထိန်းချုပ်ပြီး ရန်ငြိုးထားမှု ရှောင်ရှားကာ နှစ်ဖက် တပ်မတော်အကြား ဆက်ဆံမှုသည် နှစ်နိုင်ငံ ဆက်ဆံမှုကို တွန်းအားပေးရန် အပြုသဘော ဆောင်ရွက်သော အကြောင်းရပ် ဖြစ်လာအောင် ဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေး ဝန်ကြီး ဟွေ့ဖုန့်ဟိုသည်လည်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

   Webradio