• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် တရုတ်ပြည်ကို ရည်စူးသော ကုန်သွယ်ရေး ဆောင်ရွက်မှု ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက သတင်းထောက်၏ မေးမြန်းချက် ဖြေကြား

(GMT+08:00) 2018-06-16 09:51:24

အမေရိကန်သည် တရုတ်ပြည်ကို ရည်စူးသော ကုန်သွယ်ရေး ဆောင်ရွက်မှု ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက သတင်းထောက်၏ မေးမြန်းချက် ဖြေကြားပါသည်။

ပီကင်းစံတော်ချိန် ဇွန်လ ၁၅ ရက်နေ့ညက အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးသည် တရုတ်ပြည်မှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် အခွန် တိုးကောက်ရန် စာရင်းဇယားကို ထုတ်ပြန်ခဲ့ခြင်းအပေါ် တရုတ်ပြည်ဘက်က မည်သို့ ဝေဖန်သနည်း ဟူသော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာ၌ လူခမ်းက၊ မိမိသည် အလေးအနက် ပြောကြားရမည် ဖြစ်ကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် စီးပွါးကုန်သွယ်ရေး ပြဿနာနှင့် ပတ်သက်ပြီး အကြိမ်ပေါင်း များစွာ တိုင်ပင်ဆွေးနွေးခဲ့ဖူးကြောင်း၊ သဘောကွဲလွဲမှုကို ဖြေရှင်းပြီး နှစ်ဖက်စလုံး အကျိုးရှိစေရန် ကြိုးပမ်းခဲ့ကြောင်း၊ အမေရိကန်သည် နှစ်ဖက်တို့ ရရှိပြီး သဘောတူညီမှုကို လျစ်လျူရှုပြီး အကြိမ်ကြိမ် အဖန်ဖန် သဘောထား ပြောင်းလဲကာ ကုန်သွယ်ရေးစစ်ပွဲကို ပြုလုပ်ကြောင်း၊ ယင်းအပေါ် မိမိတို့ လွန်စွာ ဝမ်းနည်းကြောင်း၊ ၄င်းလုပ်ရပ်သည် နှစ်ဖက်တို့၏ အကျိုးစီးပွါးကို ထိခိုက် ရုံသာ မက နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ်ကိုလည်း ဖျက်ဆီးကြောင်း၊ တရုတ်ပြည်သည် ယင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ၁၅ ရက်နေ့က ပြောကြားပါသည်။  

လူခမ်းက၊ တရုတ်ပြည်ဘက်သည် ကုန်သွယ်ရေး စစ်ပွဲ မပြုလုပ်ချင်ကြောင်း၊ သို့သော် အမေရိကန်ဘက်၏ သူများ၏ အကျိုးစီးပွါးကို ထိခိုက်ပြီး ကိုယ့်အတွက်လည်း အကျိုးရှိမည် မဟုတ်သော အမျှော်အမြင် မရှိသော လုပ်ရပ်ကို ရင်ဆိုင်လျက်၊ တရုတ်ပြည်ဘက်သည် အင်အားရှိရှိဖြင့် တုံ့ပြန် ဆောင်ရွက်ရကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွါးနှင့် ပြည်သူများ၏ အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းပြီး စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ပြတ်ပြတ် သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ မိမိတို့သည် အတိုင်းအတာတူ၊ အင်အားတူ အခွန် ကောက်ယူရေး ဆောင်ရွက်မှုကို အမြန်ဆုံး ပြုလုပ်မည် ဖြစ်ပြီး တစ်ချိန်တည်းတွင် ယင်းမတိုင်မီက နှစ်ဖက် တိုင်ပင်ဆွေးနွေး ရရှိသော စီးပွါးကုန်သွယ်ရေး အကျိုးရလဒ် မှန်သမျှ အာဏာတည်မည် မဟုတ်တော့ကြောင်း ပြောကြားပါသည်။

လူခမ်းက၊ မျက်မှောက်ကာလ၌ ကုန်သွယ်ရေး စစ်ပွဲ ပြုလုပ်ခြင်းသည် နိုင်ငံတကာ အကျိုးစီးပွါးနှင့် မကိုက်ညီကြောင်း၊ နိုင်ငံ အသီးသီးတို့ အနေနှင့် လက်တွဲ ဆောင်ရွက်ပြီး ယင်းကဲ့သို့သော ခေတ်လွန်ပြီး နောက်ဆုတ်သော လုပ်ရပ်ကို ပြတ်ပြတ် သားသား တားဆီး၍ လူသား၏ တူညီသော အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်း ကာကွယ်ရန် မိမိတို့ ပန်ကြားကြောင်း ပြောကြားပါသည်။

 

   Webradio