• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ထရမ့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00) 2018-03-10 13:50:36

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၉ရက်နေ့က ချိန်းထားသည့် အတိုင်း အမေရိကန် သမ္မတ ထရမ့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ လက်ရှိအချိန်တွင် ကိုးရီးယား ကျွန်းဆွယ် အခြေအနေ၊ တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် ထရမ့်က မကြာမီက ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာနှင့် ပတ်သက်၍ ဆက်ဆံမှု ပြုလုပ်ရာ၌ တိုးတက်မှု ရရှိပြီး မြောက်ကိုးရီးယားသည် အပြုသဘောဆောင်သော သဘောထား ဖော်ပြကြောင်း၊ အမေရိကန်-မြောက်ကိုးရီးယား အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းသည် ဘက်အသီးသီးများ အတွက် ကောင်းမွန်းသည့် ကိစ္စဖြစ်ကြောင်း၊ ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာကို ငြိမ်းချမ်းရေး နည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ အမေရိကန်နှင့် မြောက်ကိုးရီးယားအကြား ဆွေးနွေးပွဲ ကျင်းပရန် ဥက္ကဋ္ဌ ရှီကျင့်ဖိန်မှ ထောက်ခံချက်က မှန်ကန်သည်ကို အဖြစ်မှန်များသည် ပြဆိုနေကြောင်း၊ အမေရိကန်သည် ကိုးရီးယား ကျွန်းဆွယ် ပြဿနာ ဖြေရှင်းရေးတွင် တရုတ်ပြည်မှ အရေးကြီး အခန်းကဏ္ဍ အပေါ် အလွန် ကျေးဇူးတင်ရှိပြီး လွန်စွာ အလေးထားကြောင်း၊ တရုတ်ပြည်နှင့် ဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို ဆက်လက် နွေးထွေးစွာ ပြုလုပ်လိုကြောင်းလည်း ပြောကြားသည်။

ရှီကျင့်ဖိန်က တရုတ်ပြည် အနေနှင့် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေး အကောင်အထည်ဖော်ခြင်း၊ ကိုးရီးယား ကျွန်းဆွယ် အေးချမ်းတည်ငြိမ်ရေး အတွက် ခိုင်မာပြတ်သားစွာ ကြိုးပမ်းဆောင်ရွက်ပြီး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ၄င်းပြဿနာ ကိုဖြေရှင်းရန် စွဲကိုင်ထားကြောင်း၊ လက်ရှိအချိန်တွင် ကိုးရီးယား ကျွန်းဆွယ် အခြေအနေ၌  ကောင်းမွန်သော ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းသည် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေး ဖြစ်စဉ်ကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေး လမ်းကြောင်းပေါ် ပြန်လည် တက်လှမ်းစေရေး အတွက် အကျိုးရှိပြီး မြောက်ကိုးရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အတည်ပြု ဆုံးဖြတ်ချက်က သတ်မှတ်ထားသော ဦးတည်ချက် နှင့်လည်း ကိုက်ညီကြောင်း၊ ကိုးရီးယား ကျွန်းဆွယ် ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး အတွက် သမ္မတ ထရမ့်၏ တက်ကြွသော လိုအပ်ဆန္ဒကို ချီးကျူးကြောင်း၊ အမေရိကန်နှင့် မြောက်ကိုးရီးယား အကြား တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ပြုလုပ်ပြီး အောင်မြင်မှုများ ရရှိရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

   Webradio