• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ ရှန်ဟိုင်းမြို့၌ ကျင်းပမည်

(GMT+08:00) 2018-01-18 14:34:58

၂၀၁၇ ခုနှစ် မေလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Xi Jinping သည် The Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်၌ တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ်မှစ၍ တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (China International Import Expo) ကို ကျင်းပမည်ဖြစ်ပြီး ပထမအကြိမ် သွင်းကုန် ကုန်စည်ပြပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ ဈေးကွက်ဖွင့်လှစ်ပြီး ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သည့် အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်သည်သာမက နိုင်ငံအသီးသီးမှ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ပြသ၍ တစ်ကမ္ဘာလုံး စီးပွားကူးသန်းရောင်းဝယ်မှု ခေါင်းစဉ်ကို ဆွေးနွေးသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး စင်မြင့်လည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ပါဝင်ပြသမည့် နိုင်ငံများအတွက် အဆင်ပြေနိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံများအတွက် အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် လိုအပ်သလို ကူညီထောက်ခံသွားမည် ဖြစ်ပါသည်။

ပထမအကြိမ် ကုန်စည်ပြပွဲတွင် အပိုင်း ၃ ပိုင်းဖြင့် ဖွဲ့စည်းထားသည်။ ပထမအပိုင်းသည် နိုင်ငံတော် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အထွေထွေပြပွဲဖြစ်ပြီး ပြပွဲသီးသန့်၊ ရောင်းချမှုမပါဝင်ပါ။ ဒုတိယအပိုင်းသည် စီးပွားရေးလုပ်ငန်းရှင် ကုန်ပစ္စည်းပြပွဲဖြစ်ပြီး နိုင်ငံအသီးသီးမှ လုပ်ငန်းရှင်များ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုပြသ၊ ညှိနှိုင်း၊ ရောင်းချခြင်းဖြစ်သည်။ တတိယအပိုင်းသည် နိုင်ငံတကာ ကုန်သွယ်မှုဖိုရမ်ဖြစ်ပြီး နိုင်ငံအသီးသီးမှ တစ်ကမ္ဘာလုံး စီးပွားကူးသန်းရောင်းဝယ်ရေးခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန်ဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲသည် အဓိကအားဖြင့် အောက်ပါထူးခြားချက်များ ပါရှိသည်။

၁။ တရုတ်နိုင်ငံ၏ ဈေးကွက်သည်ကြီးမားသည်။ တရုတ်နိုင်ငံသည် လူဦးရေ အများဆုံးရှိပြီး ကမ္ဘာတွင် ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စု၊ ဒုတိယအများဆုံး သွင်းကုန်နိုင်ငံနှင့် စားသုံးသူနိုင်ငံ ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံ၏ စားသုံးမှု အတိုင်းအတာသည် အဆက်မပြတ် တိုးမြင့်လာသည့် အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး စားသုံးမှုနှင့် သွင်းကုန်ပမာဏ တိုးတက်ရန် ကြီးမားသည့် အလားအလာရှိပါသည်။ လာမည့် ၅ နှစ်အတွင်း တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀၀၀ ကျော် တန်ဖိုးရှိ ကုန်ပစ္စည်းနှင့် ဝန်ဆောာင်မှုများကို တင်သွင်းမည်ဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီများအတွက် တရုတ်နိုင်ငံဈေးကွက်ကြီးသို့ ဝင်ရောက်ရန် သမိုင်းဝင်အခွင့်အရေး ဖန်တီးပေးမည်ဖြစ်သည်။

၂။ ရှန်ဟိုင်းမြို့၏ အားသာချက် တမူထူးခြားပါသည်။ ရှန်ဟိုင်းသည် ယန်စီမြစ် မြစ်ဝကျွန်းပေါ်ဒေသ စီးပွားရေးဇုန်တွင် တည်ရှိပြီး တည်ရှိသည့်နေရာ အားသာချက် ထူးခြားသည်။ စီးပွားရေး အင်အား တောင့်တင်း၍ ဝန်ဆောင်မှုလုပ်ငန်း တိုးတက်လျက်ရှိပါသည်။ တစ်ကမ္ဘာလုံးမှ အရင်းအမြစ် စုစည်းနိုင်သည့် စွမ်းအား ရှိပါသည်။ ရှန်ဟိုင်းဆိပ်ကမ်း၏ ကွန်တိန်နာ ဝင်ထွက်မှု အရေအတွက်သည် ပြီးခဲ့သော ၇ နှစ်ဇာတ်တိုက်တွင် ကမ္ဘာအများဆုံးဖြစ်ပါသည်။ လေဆိပ်မှ ဝင်ထွက်သွားလောသော ခရီးသည် အရေအတွက်သည် တစ်နှစ်လျှင် သန်း ၁၀၀ ကျော်ရှိပြီး လေကြောင်းလိုင်းသည် တစ်ကမ္ဘာလုံးမှ ၂၈၂ မြို့သို့ ရောက်ရှိနေပါသည်။

၃။ ပြပွဲ၏ အတိုင်းအတာ ကြီးကျယ်ခမ်းနားပါသည်။ ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်မှ ကုမ္ပဏီများ ပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲတွင် ရောင်းဝယ်သူ တွေ့ဆုံညှိနှိုင်းပွဲ၊ လုပ်ငန်းသီးခြား ဆွေးနွေးပွဲ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲများနှင့် သက်ဆိုင်ရာ အစီအစဉ်များ တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်ပါသည်။

၎။ ဝန်ဆောင်မှုလုပ်ငန်းများ အပြည့်အစုံ အာမခံဆောင်ရွက်ပေးမည်ဖြစ်သည်။ ကုန်စည်ပြပွဲ အိမ်ရှင်ဘက်အနေဖြင့် Custom ဖြတ်သန်းရန်နှင့် ကုန်စည်စစ်ဆေးမှု ရောဂါတားဆီး ကာကွယ်မှု (Inspection and Quarantine) နှင့် စသော ဘက်တွင် အဆင်ပြေစေရန် ဝန်ဆောင်မှုများ စီစဉ်ပေးရန် ရှိပါသည်။ ရောင်းဝယ်ရေးဝန်ဆောင်မှုကို online နှင့် offline တွင် အမြဲဆောင်ရွက်ပေးရန် အဆင်သင့်ရှိသည်။ အသိဉာဏမူပိုင်ခွင့်ကို ထိန်းသိမ်းကာကွယ်ရေး အလေးထား ဆောင်ရွက်သွားမည်။ ဖောက်သည်များ၏ အခွင့်အရေးအကျိုးအမြတ်ကို ကာကွယ်စောင့်ရှောက်သွားမည်။

၅။ ဝယ်လိုအားကြီးမားပါသည်။ CIIE ပွဲသို့ တရုတ်ပြည်တွင်းမှ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးမြို့တို့မှ နေရာအသီးသီး စီးပွားရေးလုပ်ငန်းရှင်များကို စုစည်း၍ လာရောက်ဝယ်ယူရန် စီစဉ်ပေးမည်။ အလားတူပင် တတိယနိုင်ငံမှ ကုန်သည်များလည်း လာရောက်ဝယ်ယူရန် ဖိတ်ခေါ်ပေးမည်။ ခန့်မှန်းခြေအရ ပြည်တွင်း ပြညပမှ သီးသန့်ဝယ်ယူမှု ကုမ္ပဏီပေါင်း တစ်သိန်းခွဲ ရှိနိုင်မည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ အစိုးရ အကြီးအကဲ၊ စက်မှုကုန်သွယ်ရေးကဏ္ဍမှ ပုဂ္ဂိုလ်များ၊ ပါဝင်ပြသမည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝယ်ယူမည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်၍ တရုတ်ဈေးကွက်ကို ထိုးဖောက်ရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ (CIIE) ၏ တရားဝင်ဝက်(ဘ်)ဆိုဒ်ကို လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။

http://www.shanghaiexpo.org.cn/
   Webradio