• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Pyeongchang ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ဖြင့် တောင်မြောက်ကိုးရီးယား အကြား အပြန်အလှန် ချစ်ကြည်ရေးအချက်ပြ

(GMT+08:00) 2018-01-04 13:41:05

      မြောက်ကိုးရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအန်းသည် Panmunjomတွင် တောင်ကိုးရီးယားနှင့် ဆက်သွယ်ရေး ဟော့လိုင်း(hotline) ပြန်လည် ဖွင့်လှစ်ပြီး Pyeongchang ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်တွင် မြောက်ကိုးရီးယား ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စနှင့် ပတ်သက်၍ တောင်ကိုးရီးယားနှင့် ဆွေးနွေးရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း ယခုလ ၃ရက်နေ့က မြောက်ကိုးရီးယား ဗဟို ရုပ်မြင်သံကြားဌာနမှ ထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ကင်ဂျုံအန်း၏ ဖော်ပြချက်ကို တုံ့ပြန်သည့် အနေနှင့် တောင်ကိုးရီးယား သမ္မတ မွန်ဂျေအင်က Pyeongchang ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်တွင် မြောက်ကိုးရီးယား ပါဝင်ယှဉ်ပြိုင်နိုင်အောင် ယခုလ ၂ရက်နေ့က နှစ်သစ် ပထမဆုံး အကြိမ် နိုင်ငံခြားရေး အစည်းအဝေးတွင် အစိုးရ လုပ်ငန်းဌာနများအား သက်ဆိုင်ရာ အစီအစဉ်ကို လျင်မြန်စွာ ချမှတ်ရန် ညွှန်ကြားပြောဆိုသည်။ ယခုလ ၉ရက်နေ့ Panmunjomတွင် တောင်မြောက်ကိုးရီးယား အဆင်မြင့် စေ့စပ်ဆွေးနွေးပွဲ ကျင်းပရန် တောင်ကိုးရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနသည် မြောက်ကိုးရီးယားအား အဆိုပြုခဲ့သည်။

တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံသည် Pyeongchang ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ဖြင့် အပြန်အလှန် ချစ်ကြည်ရေး အချက်ပြပြီး ဆက်ဆံမှု ကောင်းမွန်စေရန် လိုအင်ဆန္ဒကို ပြင်းထန်စွာ ဖော်ပြသည်။ တောင်မြောက်ကိုးရီးယား အကြား ဆက်ဆံရေး တင်းမာမှုကို အဆုံးသတ်ပြီး စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှုကို လျော့ပါးကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ ဖန်တီးပေးရန်သည် နှစ်နိုင်ငံတို့၏ ဘုံလိုအင်ဆန္ဒ ဖြစ်ကြောင်း၊ မြောက်ကိုးရီးယား၏ ရည်ရွယ်ချက်မှာ ကုလသမဂ္ဂမှ အရေးယူမှုများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အခက်အခဲနှင့် နိုင်ငံတကာ ဖိအားပေးမှုများကို လျှော့ပေါ့ရန်၊ မြောက်ကိုးရီးယားနှင့် ဆက်ဆံရေး တင်းမာမှု လျော့ပါးစေရန်  တောင်ကိုးရီးယား မွန်ဂျေအင် အစိုးရမှ ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် အတည်ပြုခြင်းကို ဖော်ပြရန် ဖြစ်ကြောင်း၊ Pyeongchang ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ကျင်းပခြင်းသည် တောင်မြောက်ကိုးရီးယား ဆက်ဆံမှု ကောင်းမွန် စေရေး အတွက် အရေးကြီး အခွင့်ကောင်း ဖြစ်နိုင်ဖွယ်ရာရှိကြောင်း၊  အကဲခတ်များက ယူဆကြသည်။

   Webradio