• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗီယက်နမ် ဝန်ကြီးချုပ် နွမ်ရွှမ်ဖူနှင့် တွေ့ဆုံ

(GMT+08:00) 2017-11-11 20:38:31
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၁ ရက်နေ့က ဒါနမ်မြို့၌ ဗီယက်နမ် ဝန်ကြီးချုပ် နွမ်ရွှမ်ဖူနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ မျက်မှောက်အချိန်တွင် တရုတ်-ဗီယက်နမ် ဆက်ဆံမှု အရှိန်ကောင်းမွန်စွာဖြင့် တိုးတက် လာနေကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံမှုကို လွန်စွာ အလေးထားကြောင်း၊ ယခုအကြိမ် ခရီးစဉ်တွင် နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံမှုနှင့် အတူ အရေးစိုက်ကြသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဗီယက်နမ် ခေါင်းဆောင်များနှင့် အမြင်ချင်း ဖလှယ်၍ နှစ်နိုင်ငံ အကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တိုးတက်ရေး အဆင့်ကာလသစ်သို့ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။
နွမ်ရွှမ်ဖူက၊ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး အစဉ်အလာကို တန်ဖိုးထားကြောင်း၊ ဗီယက်နမ်-တရုတ် ဆက်ဆံမှု အရည်အချင်းကို မြှင့်တင်ရေးသည် ဗီယက်နမ် ပါတီနှင့် အစိုးရ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဦးစားပေး ရွေးချယ်ဖွယ်ရာ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေး၊ ကုန်ထုတ်စွမ်းအား၊ သိပံ္ပနည်းပညာ၊ လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ်ဓါတ်အား၊ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး၊ နိုင်ငံဖြတ်ကျော် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး စသည့် နယ်ပယ်များတွင် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။
   Webradio