• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖာတတ်ဟ်နှင့် ဟာမတ်စ်တို့ ပြန်လည်သင့်မြတ်ရေး စာချုပ် တရားဝင် ချုပ်ဆို

(GMT+08:00) 2017-10-13 16:05:07

ယခုလ ၁၂ရက်နေ့က ပါလက်စတိုင်း သမ္မတ အာဘာစ် ဦးဆောင်သော ပါလက်စတိုင်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့(ဖာတတ်ဟ်)နှင့် ပါလက်စတိုင်း အစ္စလာမ် ခုခံရေးလှုပ်ရှားမှု အဖွဲ့(ဟာမတ်စ်)တို့သည် အချိန်ရှည်ကြာစွာ တည်ရှိနေသော တကွဲတပြား ဖြစ်မှု အခြေအနေကို အဆုံးသတ်ရန် ယခုလ ၁၂ရက်နေ့က အီဂျစ် နိုင်ငံ ကိုင်ရိုမြို့တော် တွင် ပြန်လည်သင့်မြတ်ရေး သဘောတူ စာချုပ်ကို တရားဝင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဖာတတ်ဟ်သည် ယခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ မတိုင်မီတွင် ဟာမတ်စ် ထိန်းချုပ် ထားသော ဂါဇာဒေသကို လွှဲပြောင်းယူရန် နှစ်ဖက်တို့က သဘောတူကြကြောင်း သိရသည်။

၎င်းသဘောတူ စာချုပ် ချုပ်ဆိုပွဲ အပြီး ပါလက်စတိုင်း သမ္မတ အာဘာစ်က ကြေညာချက် တစ်ရပ် ထုတ်ပြန်ရာ ၄င်းသဘောတူ စာချုပ်သည် ပါလက်စတိုင်း အတွင်းရှိ တကွဲတပြားဖြစ်မှု အရှိန်မြှင့် အဆုံးသတ်မည် ဖြစ်ပြီး ပါလက်စတိုင်း ပြည်သူ၊ နယ်မြေနှင့် လုပ်ငန်းဌာနများ၏ တပေါင်းတစည်းတည်းဖြစ်ရေးကို ပြန်လည်ရရှိစေနိုင်မည် ဖြစ်ကြောင်း ဖော်ပြသည်။

ဖာတတ်ဟ် အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ မတ်ဟ်မွတ်က ထိုနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်ရာ ၄င်းစာချုပ်သည် အလွန် ကြီးမားသည့် အမျိုးသား အောင်မြင်မှု ဖြစ်ကြောင်း၊ ယင်းသည် ပါလက်စတိုင်း ပြည်သူများ အပေါ် တကွဲတပြား ဖြစ်မှုမှ ထိခိုက်မှုများကို အဆုံးသတ်ပြီး အမျိုးသား တပေါင်းတစည်းတည်း ဖြစ်ရေး ပြန်လည် ရရှိရန် အတွက် လမ်းစဖွင့်ပေးမည် ဖြစ်ကြောင်း ဖော်ပြသည်။

သို့သော် အစ္စရေး ဝန်ကြီးချုပ်ရုံးမှ ၁၂ရက်နေ့က ကြေညာချက် ထုတ်ပြန်ရာ ပါလက်စတိုင်း အမျိုးသား အာဏာပိုင်အဖွဲ့နှင့် ဟာမတ်စ်တို့ ရရှိသည့် ပြန်လည် သင့်မြတ်ရေး သဘောတူ စာချုပ် မှန်သမျှသည် နိုင်ငံတကာ သဘောတူ စာချုပ်နှင့် ကုလသမဂ္ဂ၊ အမေရိကန်၊ ရုရှားနှင့် ဥရောပ သမဂ္ဂ ပါဝင်သည့် အရှေ့အလယ်ပိုင်း ပြဿနာ ဆိုင်ရာ ၄ဖက်မှ သတ်မှတ်ချက်များကို လေးစားရမည် ဖြစ်ကြောင်း၊ အရေးအကြီးဆုံး အချက်များမှာ အစ္စရေးကို အသိအမှတ်ပြုရန်နှင့် ဟာမတ်စ်၏ လက်နက်ကို ဖျက်သိမ်းရန် ဖြစ်ကြောင်း ဖော်ပြသည်။

 

   Webradio