• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားနိုင်ငံက စင်ကာပူ ကုန်သည်များ အသင်း နှီးနှောဖလှယ်ပွဲ ကျင်းပ အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မိန့်ခွန်းပြောကြား

(GMT+08:00) 2017-09-28 14:42:43

အင်ဒိုနီးရှား နိုင်ငံက စင်ကာပူ ကုန်သည်များ အသင်းသည် ယခုလ ၂၆ရက်နေ့က "Belt and Road အဆိုပြုချက်- အာဆီယံ နိုင်ငံများ၏ အခွင့်ကောင်း" ဟူသော ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ကြောင်း၊ အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ရှူဘုသည် ၄င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစား၏ ဝက်ဘဆိုက်မှ သတင်းရရှိသည်။

အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီးဟောင်း၊ အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ်ကြီး၊ အင်ဒိုနီးရှား နိုင်ငံက စင်ကာပူ ကုန်သည်များ အသင်း ဥက္ကဋ္ဌ၊ တရုတ်၊ စင်ကာပူနှင့် အင်ဒိုနီးရှား ကုမ္ပဏီများမှ ကိုယ်စားလှယ် ၅၀ကျော်တို့သည် ၄င်းနှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

သံအမတ်ကြီး ရှူဘုက မိန့်ခွန်းပြောကြားရာတွင် ပြီးခဲ့သည့် သီတင်းပတ်က စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်ရာ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် တရုတ်-စင်ကာပူ ဆက်ဆံမှု အပေါ် များစွာ ချီးကျူးပြီး Belt and Road တည်ဆောက်ရေးကို လက်ရှိအချိန်၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အလေးထားချက် အဖြစ် ထားရှိရန် တညီတညွတ်တည်း သဘောတူကြကြောင်း၊ Belt and Roadသည် ပွင့်လင်းမှုနှင့် သက်ညှာထောက်ထားမှုကို တိုက်တွန်းပြီး ခေတ်ရေစီးကြောင်း နှင့်ကိုက်ညီသော အဆိုပြုချက် ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံများသည် Belt and Road၏ ကုန်းပိုင်းနှင့် ပင်လယ် ဆက်စပ်ထားသည့် ဒေသတွင် တည်ရှိ၍ Belt and Road တည်ဆောက်ရေး တွန်းအားပေးရန် အတွက် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး ပြုလုပ်သည့် အရေးကြီး မိတ်ဖက် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက စင်ကာပူနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံသည် အရေးကြီးသည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ဖြစ်ပြီး "၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး"တွင် ပါဝင်ဆောင်ရွက် နေကြသော အရေးကြီးသည့် နိုင်ငံများလည်း ဖြစ်ကြကြောင်း၊ Belt and Road တည်ဆောက်ရေးကို ခြေလှမ်းမှန်မှန်ဖြင့် တွန်းအားပေးပြီး တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် ဇောက်ချပြုလုပ်သည်နှင့် အမျှ စင်ကာပူနှင့် အင်ဒိုနီးရှား လုပ်ငန်းရှင်များသည် ပိုမိုများပြားသည့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ ရရှိမည် ဖြစ်ကြောင်း၊ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသော လုပ်ငန်းရှင်များက တရုတ် မိတ်ဖက်နှင့် နွေးထွေးစွာ ပူးပေါင်းဆောင်ရွက်ပြီး Belt and Road အတူ တည်ဆောက်ရေးတွင် ပိုမိုများပြားသော အခွင့်ကောင်းများ ရှာကြံရရှိကာ အဆက်မပြတ် ဖွံ့ဖြိုးကြီးထွားရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

   Webradio