• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ ရဲအဖွဲ့ ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ ရှီကျင့်ဖိန် တက်ရောက်

(GMT+08:00) 2017-09-27 15:22:24

နိုင်ငံတကာ ရဲအဖွဲ့၏ နှစ်ပတ်လည် ညီလာခံကို ယခုလ ၂၆ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့မိန့်ခွန်းပြောကြားရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဘက်အသီးသီးတို့အား လုံခြုံမှုရှိသော လူသား ကံကြမ္မာ အသိုက်အဝန်း အတူ တည်ဆောက်ရန် ပန်ကြားသည့် အပြင်၊ နိုင်ငံတကာ တရားဥပဒေ ကျင့်သုံးမှု ပူးပေါင်းဆောင်ရွက်ရေး အားဖြည့် ပြုလုပ်ရန်နှင့် ပတ်သက်၍ ခံယူချက် ၄ချက်ကို တင်ပြခဲ့ကြောင်းလည်း သိရသည်။

ကုလသမဂ္ဂ ပြီးလျှင် ဒုတိယအကြီးဆုံး အစိုးရချင်း နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည့် အနေနှင့် နိုင်ငံတကာ ရဲအဖွဲ့သည် ကမ္ဘာ့ရဲရေးရာ ပူးပေါင်းဆောင်ရွက်မှု ဇောက်ချ ပြုလုပ်ရေး၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ မှောင်ခိုရောင်းဝယ်မှု အပါအဝင် နိုင်ငံ ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ ထိရောက်စွာ တိုက်ဖျက်ရေးတွင် အစားထိုး၍ မရသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။

၂၆ရက်နေ့က ညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဥက္ကဋ္ဌရှီ ကျင့်ဖိန်က လက်ရှိကမ္ဘာပေါ်တွင် မတည်မငြိမ်ဖြစ်မှုများ ရှိနေသေးကြောင်း၊ အကြမ်းဖက်မှု၊ အင်တာနက် ပြစ်မှုကျူးလွန်မှုနှင့် ကြိုတင်ကြံစည်၍ ပြုလုပ်သော နိုင်ငံဖြတ်ကျော် ပြစ်မှု ကျူးလွန်မှု အပါအဝင် ဂလိုဘယ် လုံခြုံရေး ဆိုင်ရာ ပြဿနာများ တစ်နေ့တခြား သိသာ ထင်ရှားလာကြောင်း၊ လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများလည်း အဆက်မပြတ် တိုးပွား လာကြောင်း၊ လူသားသည် ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း  ပြောကြားသည်။

နိုင်ငံတကာ တရားဥပဒေ ကျင့်သုံးမှု ပူးပေါင်းဆောင်ရွက်ရေး အားဖြည့်ပြုလုပ်ရန်နှင့် ပတ်သက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ခံယူချက် ၄ချက်ကို တင်ပြပြီး ပူးပေါင်းဆောင်ရွက်ရေး နှင့်အတူတည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေး၊ ဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေး စိတ်ဓါတ်၊ အပြန်အလှန် အကျိုးရှိစေရေးနှင့် အတူအောင်မြင်မှုများ ရရှိရေး မူများကို စွဲကိုင်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

ထို့အပြင်၊ ရှီကျင့်ဖိန်က မကြာခင်နှစ်များက တရုတ် အစိုးရသည် "တည်ငြိမ်သော တရုတ်ပြည်နှင့် ဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေးရှိသော တရုတ်ပြည်" တည်ဆောက်ရေးကို အဆက်မပြတ် တွန်းအားပေးပြီး လူမှုရေး စီမံခန့်ခွဲရေး စနစ်နှင့် စီမံခန့်ခွဲနိုင်စွမ်း ခေတ်မီစေရေးကို တွန်းအားပေးနေကြောင်း၊ ပြည်သူများ အတွက် လုံခြုံတည်ငြိမ်သော နေထိုင်မှု ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးရန်သည် တရုတ်ပြည် နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး၏ အဓိက ရည်မှန်းချက် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio