• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စကော်လာတို့အားမာန်များ အပိုင်း-၃

(GMT+08:00) 2017-09-06 17:34:19

            တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ  မြန်မာနိုင်ငံက ကျောင်းသားတွေလာရောက် ပညာ သင်ကြားနေကြတာ များစွာရှိနေပါတယ်။ ဒီလို လာရောက်ပညာသင်ကြားကြတဲ့အခါ ကိုယ့်စရိတ်နှင့်ကိုယ်၊ ဒါမှမဟုတ် တရုတ်နိုင်ငံကပေးတဲ့ စကော်လားရှစ်ရလို့လာရောက်တဲ့ သူအစုံပါဝင်ပါတယ်။ ဒီလိုအစုံပါဝင်နေပေမယ့် သူတို့ရဲ့တူညီတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားက သင်ယူခဲ့တဲ့ပညာရပ်တွေနှင့်အတူ မိမိနိုင်ငံအတွက် ပြန်လည်အကျိုး ပြုကြမယ် ဆိုတာပါပဲ။ ဖြစ်လာတာ မဖြစ်လာတာကတော့ အခြေအနေတစ်ခုစီပေါ်မှာ မူတည်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စကော်လာတို့ရဲ့ ရင်ထဲမှာတော့ အတွေးအခေါ်ခံယူချက်တွေ၊ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ များစွာရှိနေတာတော့ သေချာပါတယ်။  ဒါကြောင့် ဒီကဏ္ဍကနေ တရုတ်နိုင်ငံမှာ လာရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေရဲ့ အတွေးအမြင်၊ ခံယူချက်တွေနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက်တွေကို တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။ အခုတစ်ပတ်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CSC (china scholar- shipcouncil) ကပေးအပ်တဲ့ စကော်လာရှစ်နှင့် ပီကင်းမြို့ဆရာအတတ်အသင်တက္ကသိုလ် မှာ ပညာရေးဘာသာရပ်အဓိကနှင့် လာရောက်ပညာသင်ကြားနေတဲ့ ကိုမျိုးသန့်နိုင်ကို သူ့အနာဂတ်မျှော်မှန်းချက်တွေနှင့်ပတ်သက်ပြီး  အခုလိုတွေ့ဆုံမေးမြန်းထားပါတယ်။

 

မေး>>> မင်္ဂလာပါ။

မျိုး>>> ဟုတ်ကဲ့ မင်္ဂလာပါအစ်ကို။

မေး>>> ဒီမှာ ပညာသင်နှစ်က ဘယ်လောက်ကြာမှာလဲ။

မျိုး>>> ပညာသင်နှစ်က (၅)နှစ်ပါခင်ဗျ။ ဘွဲ့အတွက်က (၄)နှစ်နှင့်တရုတ်သာသာစကား သင်ဖို့အတွက်က (၁)နှစ်ဆိုတော့ စုစုပေါင်း (၅)နှစ်တက်ရမှာပေါ့။

မေး >>> ဟုတ်ကဲ့ပါ။ ကိုမျိုးသန့်နိုင်က ဒီမှာ ပညာသင်နှစ် တစ်နှစ်တက်ပြီးပြီဆိုတော့ ဒီတစ်နှစ်အတွင်းမှာ တွေ့ကြုံရရှိခဲ့တဲ့ အတွေ့အကြုံအသိအမြင်တွေရှိရင်လည်း  မျှဝေ ပေးပါဦး။

မျိုး >>> ဟုတ်ကဲ့။ အတွေ့အကြုံပြောရမယ်ဆိုရင်တော့ မြန်မာပြည်မှာကတည်းက တရုတ်စာနှင့်က အထိအတွေ့မရှိခဲ့တော့ အားလုံးက အစကနေ စသင်ရတာဖြစ်တဲ့အတွက် ကြောင့် အခက်အခဲတွေတော့အများကြီးရှိပါတယ်။ နောက်ပြီးတော့ ပထမဆုံး တရုတ်စာ တစ်နှစ်စသင်တဲ့အချိန်မှာသူတို့တွေက သင်ကြားသင်ယူမှုအပိုင်းမှာတော့ ကောင်းကောင်း မွန်မွန်ပေးပေမယ့် စာမေးပွဲတွေအရမ်းစစ်တယ်။ စာမေးပွဲတွေအရမ်းစစ်တဲ့အတွက် အများ ကြီးပြင်ဆင်ရတယ်။ ဒါပေမယ့် ဒီနှစ်မေဂျာသင်တဲ့အချိန်မှာ အခက်အခဲက ပိုပြီးတော့ များလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တရုတ်စာ သီးသန့်သင်နေရတဲ့အချိန်မှာ အတန်းထဲက ကျောင်းသူကျောင်းသားအားလုံးက နိုင်ငံခြားသားတွေချည်းပဲဖြစ်တဲ့အတွက် အဲလောက်ကြီးမခက်ပေမယ့် ဒီနှစ်မှာကျတော့ တရုတ်တွေနှင့်တန်းတူ တက္ကသိုလ်အတူတူ တက်ရတဲ့အတွက် အခက်အခဲတွေအများကြီးရှိပါတယ်။ တစ်ခါတစ်လေကျလို့ရှိရင် နားမလည်တာတွေ၊ နောက်ပြီး ဆရာမကို စာမေးချင်ပေမယ့်မမေးတတ်တဲ့အတွက် ကိုယ့်ဟာကိုယ်စာရှာရတဲ့အခက်အခဲတွေအများကြီးရှိပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ ကိုမျိုးသန့်နိုင်က ဒီမှာပညာတော်သင်လာနေတာဆိုတော့ မြန်မာ နိုင်ငံက ပညာရေးနှင့်စာလို့ရှိရင် ဒီနိုင်ငံကပညာရေးအပေါ်မှာ ဘယ်လို့သုံးသပ်ချင်ပါ သလဲ။

မျိုး>>> ဟုတ်ကဲ့ ဒီမှာရှိတဲ့ ပညာရေးကကျတော့ မြန်မာနိုင်ငံက ပညာရေးနှင့် နှိုင်းယှဉ် မယ်ဆိုရင် သူကအသေးစိတ်တယ်လို့ပြောရမှာပေါ့။ ဘက်ပေါင်းစုံကနေပြီးတော့ တက္ကသိုလ်ကျောင်းသားကျေုာင်းသူတွေကို ပြုစုပျိုးထောင်ပေးနေတယ်လို့ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အရင်ကမြန်မာပြည်မှာ (၆)လလောက် တက္ကသိုလ်တက် ဖူးပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်မှာပေါ့နော်။ ပညာရေးတက္ကသိုလ်ဆိုတော့ ကျွန်တော်တို့သင်တဲ့ အကုန်လုံးက ပညာရေးနှင့်ပတ်သက်တဲ့အတန်းတွေကို ဦးစားပေး တက်ရတာများပါတယ်။ ဒါပေမယ့် ဒီမှာကျတော့ ဆရာတစ်ယောက်အနေနဲ့ သိသင့်သိ ထိုက်တဲ့ အခြေခံဗဟုသုတအကုန်လုံးကို ပြုစုပျိုးထောင်ပေးတာတွေ့ရပါတယ်။ နောက်ပြီး တော့ တခြားမေဂျာတွေမှာဆိုလို့ရှိရင်လည်း သူ့မေဂျာနှင့်ဆက်စပ်တဲ့အသိပညာ ဗဟုသုတတွေပေးတာပေါ့။ ဥပမာအားဖြင့်ဆိုရင် ပထမနှစ်ဝက်မှာတုန်းက ဇိဝကမ္မဗေဒနှင့် လူ့ရဲ့ခန္ဓာဗေဒတွေ စတဲ့ဟာတွေပါသင်ရတယ်။ ဘာဖြစ်လို့လဲလို့ ကျွန်တော်တို့က စောဒကတက်တဲ့အခါမှာ ပညာရေးတက္ကသိုလ်ဘက်ကနေပြောတာက ကျွန်တော်ရွေးတဲ့ မေဂျာဟာ ပညာရေးမေဂျာဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူတွေရဲ့ ကိုယ်ကာယ ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအစရှိတဲ့ကဏ္ဍတွေကိုပါ ထဲထဲဝင်ဝင်သိဖို့အတွက် အခြေခံ ဖြစ်တဲ့ ဒီဇီဝကမ္မဗေဒတွေ နောက်ပြီးတော့ လူရဲ့ခန္ဓာဗေဒတွေကအစ စိတ်ပညာတွေကအစ သိရမယ်ဆိုတဲ့အတွက် သူတို့ပေးတဲ့ဗဟုသုတနယ်ပယ်က အင်မတန်မှ ကျယ်ပြောတယ် လို့ ကျွန်တော်ယူဆပါတယ်။

မေး>>> ဒါဆို မြန်မာနိုင်ငံရဲ့ပညာရေးက ဘယ်လိုအချက်တွေ ပြောင်းလဲဖို့လိုနေသလဲ။ နောက်ပြီး ဘာတွေပြုပြင်ဖို့လိုသလဲ။ တကယ်လို့ ကိုမျိုးသန့်နိုင်အနေနဲ့ အကြံပေးပါလို့ ဆိုရင် ဘယ်လိုအကြံပေးချင်ပါသလဲ။

မျိုး>>> မြန်မာနိုင်ငံအနေနဲ့ ပညာရေးပြောင်းလဲဖို့အဓိကလိုအပ်တာက ကျွန်တော့် အနေနဲ့ပြောရမယ်ဆိုရင် စာအုပ်စာပေနှင့် နောက်ပြီးတော့ ပညာရရှိနိုင်တဲ့လူ့စွမ်းအား အရင်းအမြစ်တွေပေါ့နော်။ ဥပမာအားဖြင့်ပေါ့ စာကြည့်တိုက် ၊ အင်တာနက်ပေါ်ကနေ ဗဟုသုတရနိုင်မယ့် wifi ပေါ့နော်။ wifi ရှိရမယ်။ အင်တာနက်ရှိမယ်။ နောက်ပြီးတော့ စာကြည့်တိုက်ရှိရမယ်။ ဒါတွေကကျတော့ ကိုယ်စာသင်တဲ့အချိန်ကာလရဲ့အပြင်မှာ ကျောင်းသားတွေက ကိုယ့်ဟာကိုယ်လေ့လာနိုင်မယ်။ သင်ယူနိုင်မယ်ဆိုလို့ရှိရင် ဒီကျောင်းသားတွေ ပုံမှန်အတန်းချိန်တက်တဲ့အချိန်ထက် သူတို့ဟာ ပိုပြီးတော့ ထိရောက်မှု များနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက ဆရာကိုအားကိုးနေလို့မရဘူးလေ။ ကိုယ့်ဟာကိုလေ့လာနေရမယ်။ အမြဲတမ်းသင်ကြားနေရမှာဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ ထောက်ပြချင်တာက အင်တာနက်ကောင်းရမယ်။ wifi ကောင်းရမယ်။ နောက်ပြီး တော့ စာကြည့်တိုက်မှာ အရင်းအမြစ်တွေကိုတိုးမြှင့်ရမယ်လို့ ယူဆပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ ဒီတရုတ်နိုင်ငံမှာဆိုရင် ပညာရေးနှင့်ပတ်သက်ပြီး ထောက်ပံ့ကူညီ မှုတွေ လုပ်ပေးထားတာအများကြီးရှိတယ်ပေါ့။ အဲဒီတော့ သူတို့ရဲ့ထောက်ပံ့ကူညီမှုနှင့် မြန်မာနိုင်ငံက ပညာရေးအပေါ်ထောက်ပံ့ကူညီမှုတွေက ဘာတွေကွာဟမှုတွေဖြစ်နေလဲ။

မျိုး>>> အဲဒါလည်း ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းအရာတစ်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံက ဆင်းရဲတယ်။ ဆင်းရဲတဲ့အတွက်ကြောင့် တက္ကသိုလ်ကိုမပြောနဲ့ အထက်တန်း၊ အလယ်တန်းတောင် ပညာဆက်မသင်နိုင်တဲ့ ကလေးတွေအများကြီးရှိတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ဥပဒေတစ်ခုရှိတယ်ဗျ။ အဲဒီ ဥပဒေကို ကျွန်တော်အရမ်းကြိုက်တယ်။ အဲဒီဥပဒေက ဘာလဲဆိုတော့  မိဘတစ်ယောက် ဟာ သူ့ရဲ့သားသမီးကို အနည်းဆုံး ကိုးနှစ်တာ ပညာပေးရမယ်။ အဲလိုပညာမပေးနိုင်ခဲ့ ဘူးဆိုရင် ကျောင်းသားကို ကျောင်းမတက်စေချင်ဘူးပေါ့ အဲလိုမျိုးဆိုလို့ရှိရင် ဒီမိဘကို ကျောင်းသားက တရားစွဲလို့ရတယ်။ ဒါက အခြေခံပညာအတွက်ပေါ့နော်။ တက္ကသိုလ်မှာ ဆိုလို့ရှိရင် ကျွန်တော့်တရုတ်သူငယ်ချင်းတွေဆီကနေ စုံးစမ်းသိရသလောက်က တကယ် လို့ သူတို့အိမ်ဟာ ပိုက်ဆံမရှိဘူး။ မိဘတွေက အထောက်အပံ့ မပေးနိုင်ခဲ့ဘူးဆိုရင် တရုတ်အစိုးရကနေ ချေးငွေပေးတယ်ခင်ဗျ။ ချေးငွေပေးတယ်ဆိုတာက တက္ကသိုလ် ကျောင်းသားဘ၀မှာ နေထိုင်စားသောက်စရိတ်အဖြစ်ချေးပေးတဲ့သဘောပေါ့။ တစ်လကို အနည်းဆုံး ယွမ် (၅၀၀)ကနေ အများဆုံးယွမ်(၁၁၀၀)အထိ ချေးပေးတယ်ခင်ဗျ။ ချေးပေး တဲ့အခါ တစ်လတည်းချေးပေးတာမဟုတ်ဘူး။ (၄)နှစ်တာကာလ အားလုံးချေးပေးတာ။ ချေးပေးပြီးတဲ့အခါ ကိုယ့်(၄)နှစ်တာကာလ ဒါမှမဟုတ် (၅)နှစ်တာကာလ ဘွဲ့ရပြီး အလုပ်ရ တဲ့အချိန်မှာ တစ်လကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ပြန်ဆပ်ပြီးလို့ ကျေတဲ့ အချိန်မှာ တော့ လွတ်လွတ်ကင်းကင်းဖြစ်သွားပြီ။ ဆိုလိုချင်တာက ကျောင်းသားကို မိဘတွေက ပိုက်ဆံမရှိလို့ ပညာမသင်ရဘူးဆိုတဲ့စနစ်ကို တိုက်ထုတ်ထားတာဖြစ်တဲ့ အတွက် ဒီလိုမျိုး လူ့စွမ်းအားအရင်းအမြစ်တွေပေါ်မှာ တန်ဖိုးထားတာတွေ ရင်းနှီးမြှပ်နှံတာတွေကို တော်တော်များများအားကျမိပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲလိုမျိုးမရှိသေးတဲ့အတွက် ဒီလိုရှိလာဖို့လည်း မျှော်လင့်ပါတယ်။ အစိုးရအနေနဲ့လည်း ပညာရေးကို အားပေးပြီးတော့ ဒီလိုမျိုးလူ့စွမ်းအားအရင်းအမြစ်တွေကို တန်ဖိုးထားမယ့် ဒီလိုမျိုး ကာကွယ်မယ့် ဥပဒေတွေ လည်းချမှတ်ဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ စကော်လာရှစ် ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကိုမျိုးသန့်နိုင်ရဲ့ အနာဂတ်ရည်မှန်းချက်ကိုလည်း သိပါရစေ။

မျိုး>>> ကျွန်တော့်ရည်မှန်းချက်ကိုပြောရမယ်ဆိုရင် မြန်မာပြည်ရဲ့ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲချင်တယ်။ ပြုပြင်ပြောင်းလဲတယ်ဆိုတာက စကားအရလွယ်ပေမယ့် ဘယ်လိုမျိုး အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြောင်းလဲမှာလဲ။ နောက်ပြီးတော့ ဘယ်လို နေရာတွေမှာ အရင်နှင့်မတူအောင်လုပ်မှာလဲ။ ဘယ်လိုနေရာတွေမှာ အဆင့်အတန်းမြှင့်မှာလဲဆိုတာ တော့ တစ်ယောက်တည်းအားနှင့်မရဘူးပေါ့နော်။ အဲဒါဆိုတော့ ကျွန်တော်တို့ အရင် ရန်ကုန်မှတက်ခဲ့တုန်းက အတန်းဖော်သူငယ်ချင်းတွေရှိမယ်။ ဆရာ/မတွေရှိမယ်။ အဲတော့ ကျွန်တော်ပညာသင်ပြန်သွားပြီးလို့ရှိရင် သူတို့တွေနှင့်ပြန်ဆက်သွယ်မယ်။ ပြန်ဆက် သွယ်ပြီးလို့ရှိရင် ဆွေးနွေးစရာရှိတာ တိုင်ပင်စရာရှိတာဆွေးနွေးမယ်။ နောက်ပြီးတဲ့အခါ ကျတော့ ကိုယ့်ရဲ့အတန်းဖော်သူငယ်ချင်းတွေနှင့်အတူ ဒီဘက်မှာရခဲ့တဲ့ပညာတွေကို မျှဝေမယ်။ နောက်ပြီး ကိုယ့်ဆရာ/မတွေနှင့်လည်း ဒီဘက်ကပညာရေးနှင့် မြန်မာပြည်ရဲ့ ပညာရေး နှစ်ခုကြားထဲက ဘာတွေကွာဟချက်ရှိနေလဲ။ အဲဒီကွာဟချက်ကို နည်းနိုင်သမျှ နည်းအောင် ဘယ်လိုလျှော့ချရမလဲဆိုတာ ဆွေးနွေးချင်တယ်။ ပြန်သွားပြီး လို့ရှိရင်လည်း ကျွန်တော် နောက်ထပ်သုတေသန ဒါ့မှမဟုတ် Master တန်းထပ်တက်ချင်ပါသေးတယ်။

မေး>>> ဟုတ်ပါပြီ။ အခုဆို မြန်မာနိုင်ငံတော်အစိုးရအနေနဲ့လည်း နိုင်ငံတကာကို ပညာ တော်သင်တွေ လွှတ်နေတာအများကြီးရှိပါတယ်။ ဒါပေမယ့် ပြောရလို့ရှိရင် နိုင်ငံတကာ ကိုပညာတော်သင်တွေလွှတ်တာများနေပေမယ့်လည်း မြန်မာနိုင်ငံပြည်တွင်းမှာ ပြန်ပြီး အသုံးချနိုင်တာ ပြန်ပြီးအသုံးပြုနိုင်တာ အရမ်းနည်းတယ်ဆိုပြီး ပြောနေကြတယ်ပေါ့။ တချို့ကျတော့လည်း  ပညာတော်သင်ပြန်ပြီးလာပြီးနောက်ပိုင်း နဂိုလုပ်နေကျအလုပ် အတိုင်းပဲ ပြန်လုပ်နေကြတယ်။ ဒီထက်မြင့်တဲ့ အလုပ်မျိုးတွေကို မလုပ်နိုင်ဘူးပေါ့။ ဒါက လည်းအခြေအနေအကြောင်းကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကိုမျိုးသန့်နိုင် အနေနဲ့ နိုင်ငံတကာမှာ သွားရောက်ပညာသင်ကြားခဲ့ကြပြီး ကိုယ့်နိုင်ငံကို ပြန်ရောက်ရင် အသုံးကျတဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့အတွက်ပေါ့။ ဘာတွေလုပ်ပေးဖို့လိုမလဲ။ ဒီစကော် လားရှစ်ကျောင်းသားတွေအနေနဲ့လည်း ကိုယ့်နိုင်ငံကို ဘာတွေအကျိုးပြုလိုမလဲ။ အမြင် လေးပြောပေးပါဦး။

မျိုး>>> ဒီဟာလည်း အရေးကြီးတဲ့မေးခွန်းတစ်ခုပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံက အခုမှစပြီး ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ကာလဆိုတော့ ဒီလိုမျိုး နိုင်ငံခြားပညာတော်သင်ကျောင်းသား/သူ တော်တော်များများရဲ့အင်အားကိုလိုပါ တယ်။ ဒါ့ကြောင့်မို့ နိုင်ငံခြားပညာတော်သင်ကျောင်းသား/သူတွေဟာ ကိုယ့်နိုင်ငံကိုပြန်ပြီး တော့ ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်ပေးမှသာ အစိုးရအနေနဲ့ ဒီလိုမျိုး ပညာသင်စေလွှတ် ရကျိုးနပ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ဒီကျောင်းသား/သူတွေက ကိုယ့်ရဲ့မြန်မာပြည်ကို ပြန်လာတယ်။ ပြန်လာပြီးတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကြည့်တယ်။ သူတို့ရဲ့ အရည်အချင်းနှင့် ထိုက်သင့်တဲ့သင့်လျော်တဲ့ အလုပ်အကိုင်မျိုးပေးနိုင်မှ ကိုယ့်နိုင်ငံ အတွက် အသုံးချနိုင်မှာပေါ့နော်။ ဆိုလိုတာက ပညာတော့တတ်လာတယ်။ ဒါပေမယ့် အသုံးပြုဖို့နေရာမရှိဘူး၊ နေရာပေးမထားဘူး၊ လူငယ်က လူငယ်ပဲ လူကြီးတွေက နေရာ ဖယ်မပေးဘူးဆိုလို့ကတော့ နိုင်ငံအတွက်တိုးတက်အောင်လုပ်လို့မရဘူးပေါ့နော်။ နောက် ပြီးသွားတော့ ဒီလိုမျိုး အခွင့်အလမ်းနည်းနေမယ်ဆိုလို့ရှိရင် တချို့တွေကျတော့လည်း ကိုယ်အရင်ပညာတော်သင်သွားနေတဲ့နိုင်ငံကိုပဲ ပြန်ပြီးအလုပ်လုပ်ချင်တာမျိုး၊ တိုင်းပြည်က နေထွက်ခွါချင်တာမျိုး ဒါတွေရှိတတ်ပါတယ်။ နောက် ဒါမှမဟုတ်လို့ရှိရင်လဲ  တချို့ကျ တော့ ပညာတော်သင်ကာလအတွင်းမှာ အလုပ်တွေဘာတွေရှာမိမှာပေါ့။ ဒါကနေပြီးတော့ ကိုယ့်နိုင်ငံနှင့်ယှဉ်လို့ရှိရင် အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံ တွေကို သွားချင်တဲ့လူတွေကလည်း များနေတယ်။ အဲဒါဆိုတော့ ဒါကလည်း ကိုယ့်နိုင်ငံ အပေါ်မှာချစ်တဲ့စိတ်နှင့် ကိုယ့်ရဲ့မျိုးချစ်စိတ်ပေါ်မှာလည်း မူတည်မှာပေါ့နော်။ ဒါဆိုတော့ အားလုံးက စိတ်နေစိတ်ထား၊ နောက်ပြီးတော့ အလုပ်အကိုင်ပေးနိုင်တဲ့ အလားအလာ ဒါတွေအားလုံးပေါ်မှာမှီခိုနေတယ်လို့ထင်ပါတယ်။

မေး>>> ဒါဆို ပညာတော်သင်တွေအနေနဲ့ မျိုးချစ်စိတ် ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်က ဘယ်လောက်အထိ အရေးကြီးတယ်လို့ ကိုမျိုးသန့်နိုင် ထင်ပါသလဲ။

မျိုး>>> ကိုယ့်နိုင်ငံအပေါ်မှာချစ်တဲ့စိတ်ကတော့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်နိုင်ငံ အပေါ်မှာ ဘယ်လောက်အထိချစ်သလဲဆိုတာက ကိုယ့်နိုင်ငံအပေါ်မှာ ဘယ်လောက်အထိ ပေးစွမ်းနိုင်မလဲ၊ ပေးဆပ်နိုင်မလဲဆိုတာကို တိုင်းတာတဲ့ဟာတစ်ခုပေါ့နော်။ အဲဒါဆိုတော့ ဒီလိုမှမရှိခဲ့ဘဲနဲ့ လာတယ်ဆိုလို့ရှိရင် ပညာတော်သင်စေလွှတ်ခြင်းခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိသားစုအကျိုးအတွက်ပဲကြည့်မယ်။ ဒါမှမဟုတ် ကိုယ့်အကျိုးအတွက်ပဲကြည့် မယ်ဆို လို့ရှိရင်ကတော့  နိုင်ငံတော်အတွက် အားတော့မဖြစ်ဘူးပေါ့။ ဒါပေမယ့် ကိုယ့်မိသားစု အတွက်ကောင်းသွားမယ်။ ကိုယ့်အတွက်ကောင်းသွားမယ်။ ဒါလူနည်းစုတစ်ရပ်အတွက် ပေါ့။ ဒါဆိုတော့ ဒီစိတ်ဓာတ်က အရမ်းအရေးကြီးပါတယ်။ အားလုံးက စိတ်ကနေပဲ ဦးဆောင်တာပေါ့နော်။ ဒါမှမဟုတ်လို့ရှိရင် ကျန်တဲ့ဟာတွေလည်း မအောင်မြင်နိုင်ဘူးပေါ့။

မေး>>> ဟုတ်ကဲ့ပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ စကော်လားရှစ်တွေခေါ် တယ်။ ဒီလိုခေါ်ယူမှုနှင့် စေလွှတ်မှုတွေကြောင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဘယ် လောက်အထိ အကျိုးပြုမယ်လို့ထင်ပါသလဲ။

မျိုး>>> တရုတ်နိုင်ငံအစိုးရကနေ CSCပညာသင်ဆုတွေကို ခေါ်ခြင်းအားဖြင့် မြန်မာ နိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံကြားနေပြီးတော့ Friendship ပေါ့။ နှစ်နိုင်ငံကြားချစ်ကြည် ရင်းနှီးမှုတွေအတွက် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာနေလာတာကြာပြီ၊ ဒါပေမယ့် မြန်မာပြည်တွင်းမှာ ရနေတဲ့ တရုတ်နှင့်ပတ်သက်တဲ့သတင်း၊ တရုတ်နှင့်ပတ်သက်တဲ့ထုတ်ကုန် အဲဒါတွေ အပေါ်မှာ ဘယ်တုန်းကမှ ထင်မြင်ချက်ကောင်းကောင်းမရှိခဲ့ဘူး။ ဆိုလိုတာက တရုတ်ပြည် က ပစ္စည်းတွေက အရည်အသွေးမကောင်းဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ တရုတ် နိုင်ငံကို ပညာတော်သင်သွားမယ်ဆိုလို့ရှိရင် အားလုံးက ထူးဆန်းတဲ့မေးခွန်းတွေနဲ့ မေးကြတယ်။ ဘာလို့တရုတ်ပြည်ကို သွားမှာလဲ။ အမေရိကန်ကိုမသွားဘူးလား။ အင်္ဂလန် ကို မသွားဘူးလား။ သြစတေးလျကို မသွားဘူးလား။ ဘာဖြစ်လို့တရုတ်ကိုသွားရမှာလဲ။ တရုတ်မှာ ဘယ်လောက်တိုးတက်နေလို့လဲ။ သူတို့ရဲ့ပစ္စည်းကိုကြည့်။ သူတို့ရဲ့ အဆင့် အတန်းကို သိနိုင်တယ်။ ဒါပေမယ့် ဒါဟာ ဘယ်လို့ပြောရမလဲ။ သူများကို အပြင်ကနေပဲ အပေါ်ယံအနေနဲ့ကြည့်သလိုပဲဖြစ်တာပေါ့။ ဒါပေမယ့်ကိုယ့်က ဒီနိုင်ငံကို ရောက်လာတဲ့ အခါမှာ စာကိုပဲစူးစိုက်တာချည်းမဟုတ်ဘဲနဲ့ သူနိုင်ငံရဲ့ ပတ်ဝန်းကျင်၊ လူနေမှုအဖွဲ့အစည်း အားလုံးကို လေ့လာခြင်းအားဖြင့် တရုတ်ဟာ စီးပွားရေးအတော်လုပ်တတ်တယ်ဆိုပြီးတော့ ထင်မြင်ရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက သူ့နိုင်ငံနှင့်သင့်တော်တဲ့ ပစ္စည်း တွေ၊ နိုင်ငံရဲ့စီးပွားရေးအခြေအနေနှင့်လိုက်ဖက်တဲ့ ထုတ်ကုန်တွေကို ပို့တဲ့အတွက် ကျွန်တော်တို့နိုင်ငံကလူတွေအမြင်မှားနေတယ်ဆိုတာကို သိလိုက်ရပါတယ်။ အဲဒါကြောင့် မို့လည်း ကျွန်တော်ပြန်သွားတဲ့အချိန်ကျလို့ရှိရင် ဒီသံသယတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ကောင်းမွန်တဲ့အလားအလာပေါ့နော်။ ဒါတွေက အထင်မှား အမြင်မှားတွေဖြစ်နေတယ်ဆိုတာကို အားလုံးသိသွားမယ်ဆိုလို့ရှိရင် နှစ်နိုင်ငံကြားက ပြည်သူတွေကြားထဲမှာ လွဲမှားတဲ့သံသယတွေမရှိတော့ဘူးဆိုရင် ပိုပြီးတော့တိုးတက်လာ နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံအားဖြင့် ကျွန်တော် တို့ ဒီဘက်ကိုလာခဲ့တဲ့လူတွေတော်တော်များများမှာ ဘွဲ့ကြိုတွေပေါ့နော်။ ဘွဲ့ကြိုကျောင်း သား/သူတွေဖြစ်တဲ့အတွက် အင်္ဂလိပ် Program နှင့်သင်ရတာမဟုတ်ဘဲနဲ့ တရုတ်စာ Programနှင့်သင့်ရတာပေါ့နော်။ တရုတ်စာ Program နှင့်သင်ရတဲ့အတွက် ပထမဆုံး တရုတ်စာကိုပဲ သီးသန့်တစ်နှစ်သင်ရတယ်။ ပြီးတော့မှ ကိုယ့်ရဲ့မေဂျာတွေကို (၄)နစ် သို့မဟုတ် (၅)နှစ်တက်ရတယ်။ အဲဒါဆိုတဲ့အတွက် အားလုံးဟာ တရုတ်ကျောင်းသား တွေနှင့်အတူတူတက်ရမှာဖြစ်တဲ့အတွက် တရုတ်စာအခြေခံခိုင်မှဖြစ်မယ်။ တရုတ်စာသင် တဲ့အချိန်မှာ တရုတ်စာကိုပဲသင်ရတာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုကိုသင်ရတယ်။ သူတို့ရဲ့လူမှုရေးအခြေအနေကို သင်ရတယ်။ သူတို့ရဲ့စီးပွားရေးအခြေအနေသင်ရတယ်။ အဲဒါဆိုတော့ တရုတ်နိုင်ငံအကြောင်းပိုပြီးတော့သိလာတယ်ပေါ့့နော်။ အရင်က မြန်မာပြည် မှာ မျက်စိပိတ်နားပိတ်နေခဲ့ရပေမယ့် ဒီဘက်မှာရောက်တဲ့အခါမှာ သတင်းနှင့်မီဒီယာတွေ ကိုလည်းတိုးတက်တဲ့အလျှောက် ကျွန်တော်တို့ရဲ့အသိပည်ာတွေလည်း တိုးတက်လာ တယ်ပေါ့နော်။သူ့နိုင်ငံနှင့်ပတ်သက်တဲ့အကြောင်းအရာတွေလည်း အများကြီးသိခွင့်ရ တယ်။ အဲဒါဆိုတော့ ကျွန်တော်ပြန်သွားလို့ရှိရင်လည်းဒီဟာတွေနှင့်ပတ်သက်ပြီးတော့ မျှဝေမယ်ဆိုလို့ရှိရင် နှစ်နိုင်ငံကြားက ဆက်ဆံရေးလည်း ပိုကောင်းလာမယ်လို့ ထင်ရပါ တယ်။

မေး>>> ဟုတ်ကဲ့ပါ အခုလို တရုတ်နိုင်ငံမှာ စကော်လားရှစ်ကျောင်းသား တစ်ယောက် အနေနဲ့ ပညာသင်ခွင့်ရပြီး ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ပြန်လည်ပြီးလုပ်ပေးမယ် ဆိုတာကလည်း တကယ့်ကိုကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဖြစ်ပါတယ်။ အခုလိုပြောကြား ပေးတဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

မျိုး>>> ဟုတ်ကဲ့ ကျွန်တော်လည်း ဒီလိုမျိုး ကျွန်တော့်အတွေ့အကြုံတွေ နောက်ပြီးတော့ အခုလို နှစ်နိုင်ငံကြားက ပညာရေးကွာဟချက်တွေကို ပြောပြခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

 

မေးမြန်း/ရေးသား---ဇော်မင်းထွန်း

   Webradio