• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က၊ အသင့်အတင့် ချမ်းသာသော နေထိုင်မှုဘဝနှင့် တရုတ် အိပ်မက် ဖေါ်ဆောင်ရေး အတွက် ကြိုးပမ်းရမည်ဟု မှာကြား

(GMT+08:00) 2017-07-28 09:57:00

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် ပီကင်း၌ ကျင်းပမည် ဖြစ်သည်။ ပီကင်း၌ ကျင်းပသော တရုတ် ဝန်ကြီးနှင့် ပြည်နယ်မှူးအဆင့် နှီးနှောဖလှယ်ပွဲတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်က၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလသစ်သို့ ဝင်ရောက်ပြီ ဖြစ်ကြောင်း၊ ကျင်းပတော့မည့် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံတွင် ကဏ္ဍစုံ၊ မဟာဗျူဟာမြောက်၊ အမျှော်အမြင် ရှိသည့် လုပ်ငန်းစဉ်ကို တင်ပြနိုင်ခြင်း ရှိမရှိမှာ ပါတီနှင့် နိုင်ငံတော်၏ အနာဂတ်ရေးနှင့် ပြည်သူများ၏ အရင်းခံ အကျိုးစီးပွါးနှင့် ဆက်စပ်ပါကြောင်း၊ ပါတီ တစ်ရပ်လုံး အနေနှင့် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လမ်းကြောင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ စီးပွါးရေး ဖွံ့ဖြိုးမှုကို ဆက်လက် တွန်းအားပေးသည့် တစ်ချိန်တည်းတွင် တရုတ်ပြည် လူမှုရေးဆိုင်ရာ ပြဿနာများကိုလည်း ပိုမို ကောင်းမွန်အောင် ကိုင်တွယ် ဖြေရှင်းပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ် ဝန်ကြီးနှင့် ပြည်နယ်မှူးအဆင့် နှီးနှောဖလှယ်ပွဲကို ယခုလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အမြဲတမ်း ကော်မတီဝင် အားလုံး တက်ရောက်ကြသည့်အပြင် ဒီမိုကရေစီ ပါတီများနှင့် ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်ရေး အသင်းချုပ်မှ ခေါင်းဆောင်များလည်း တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio