• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ မီဒီယာ ကောင်စီ စတုတ္ထ အကြိမ် စားပွဲဝိုင်း အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-07-05 15:02:24

ယခုလ ၃ရက်နေ့က တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ မီဒီယာ ကောင်စီ စတုတ္ထ အကြိမ် စားပွဲဝိုင်း အစည်းအဝေးကို ရုရှား နိုင်ငံ မော်စကို မြို့တော်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

စီအာအိုင်၊ တရုတ် ပြည်သူရုပ်စုံဂျာနယ်၊ စီစီတီဗီ၊ တရုတ်ပြည် ကန်းစုပြည်နယ် အသံလွှင့်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဌာန၊ China.com အပါအဝင် တရုတ် မီဒီယာများနှင့် Russia Todayနိုင်ငံတကာ သတင်းဌာန၊ Russia-24 TV၊ ရုရှား ရုပ်မြင်သံကြား ဌာန"သမိုင်း" ချန်နယ်၊ "သိပ္ပံပညာ ကမ္ဘာ"မဂ္ဂဇင်း စသည့် ရုရှား မီဒီယာများမှ ကိုယ်စားလှယ်များသည် ယခုအကြိမ် စားပွဲဝိုင်း အစည်းအဝေးသို့ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေး၏ ဆောင်ပုဒ်မှာ "မိုဘိုင်းမီဒီယာသစ်၏ ဖွံ့ဖြိုးရေး အလားအလာနှင့် စိန်ခေါ်မှု" ဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်သူများသည် လက်ရှိအချိန်ကာလနှင့် နည်းပညာသစ်များ ထွန်းကားလာသည့် အခြေအနေမျိုးတွင် မိုဘိုင်းမီဒီယာသစ် နယ်ပယ်၌  တရုတ်နှင့် ရုရှား မီဒီယာများ အကြား တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ နက်ရှိုင်းသော ကူးလူးဖလှယ်မှု ပြုလုပ်ပြီး ကျယ်ပြန့်သော သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ မီဒီယာ ကောင်စီ တရုတ်ဘက်မှ ဥက္ကဋ္ဌ၊ စီအာအိုင် ဌာနမှူး ဝမ်ကိန်းညန်သည် ၄င်းအစည်းအဝေးတွင် တရုတ်ဘက်ကောင်စီ၏ လုပ်ငန်းများကို ပေါင်းရုံးသုံးသပ်ခဲ့သည်။ ၄င်းက တရုတ်နှင့် ရုရှား နှစ်နိုင်ငံ မီဒီယာများသည် ရရှိပြီး ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများ၏ အခြေခံ ပေါ်တွင် အကြီးစား မီဒီယာ လှုပ်ရှားမှုများ ပူးတွဲ စီမံကြိုးပမ်းမှုနှင့် ဆောင်ရွက်မှု၊ ပူးပေါင်း ထုတ်လွှင့်ရေး၊ သက်ဆိုင်ရာ နိုင်ငံများ၏ မီဒီယာ ဈေးကွက်များ လေ့လာရေး စသည့် နယ်ပယ်များတွင် တိုးတက်မှုသစ်များ ရရှိခဲ့ကြောင်း၊ "မိုဘိုင်း အင်တာနက်" ထွန်းကားသည့် အခြေအနေမျိုးတွင် လူမှုကွန်ရက်၊ ဝန်ဆောင်မှု၊ သတင်းအချက်အလက်၊ ဖျော်ဖြေရေးကို ရောနှောပေါင်းစပ်သော မီဒီယာများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ မီဒီယာ များသည် ယနေ့ခေတ် ရေစီးကြောင်းနှင့် အညီ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရှာကြံရန် လိုကြောင်း၊ ထို့အပြင်၊ နှစ်နိုင်ငံ မီဒီယာများ အနေနှင့် ပကတိအတိုင်း တရားမျှတမှု ရှိသော မီဒီယာဆိုင်ရာ တန်းဖိုအမြင်ကို စွဲကိုင်ပြီး မီဒီယာသစ် နယ်ပယ်တွင် တိုးတက်မှုများ ရရှိကာ ပူးပေါင်းထုတ်လွှင့်မှု ခံယူပြီး ပွင့်လင်းမှုနှင့် သက်ညှာထောက်ထားမှု ရှိသော "တရုတ်-ရုရှား မီဒီယာ အသိုက်အဝန်း"ကို ဖန်တီးရန် လိုကြောင်းလည်း ပြောကြားသည်။

      မီဒီယာ ကောင်စီ ရုရှားဘက်မှ ဥက္ကဋ္ဌ၊ Russia Todayနိုင်ငံတကာ သတင်းဌာန ဌာနမှူး Dmitry Kiselevက မိန့်ခွန်းပြောကြားရာတွင် လွန်ခဲ့သည့် နှစ်များတွင် မီဒီယာ ကောင်စီ စားပွဲဝိုင်း အစည်းအဝေးသည် ရုရှားနှင့် တရုတ် နှစ်နိုင်ငံ မီဒီယာများ အကြား ဆန်းသစ် တီထွင်မှု အတွေ့အကြုံများ ကူးလူးဖလှယ်ရေး အတွက် ထိရောက်သော ပလက်ဖောင်း ဖြစ်လာပြီ ဖြစ်ကြောင်း၊ မိုဘိုင်းမီဒီယာသစ် နယ်ပယ်တွင် တရုတ် မီဒီယာများ ဖွံ့ဖြိုး တိုးတက်ရေး အောင်မြင်မှုများ ရရှိခြင်း အပေါ် များစွာ ချီးကျူးကြောင်း ပြောကြားသည်။
   Webradio