• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယားနှင့် ဂျပန်တွင် ကန်နိုင်ငံ ဒုသမ္မတ ခရီးလှည့်လည်ခဲ့

(GMT+08:00) 2017-04-21 14:13:35

အမေရိကန် နိုင်ငံ ဒုသမ္မတ Mike Penceသည် ယခုလ ၁၆ရက်နေ့မှ ၁၉ရက်နေ့အထိ တောင်ကိုးရီးယားနှင့် ဂျပန် နိုင်ငံတွင် ခရီးလှည့်လည်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းသည် ဒုသမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် Pence၏ ပထမဆုံး အကြိမ် တောင်ကိုးရီးယားနှင့် ဂျပန် ခရီးစဉ် ဖြစ်ကြောင်း၊ ကိုးရီးယား ကျွန်းဆွယ် အခြေအနေ တင်းမာနေသည့် လက်ရှိအချိန်တွင် ၄င်း၏ ယခုအကြိမ် နှစ်နိုင်ငံ ခရီးစဉ် အပေါ် လူအများ အာရုံစိုက်ကြကြောင်း သိရသည်။

အကဲခတ်ပုဂ္ဂိုလ်အချို့က Pence၏ ယခုအကြိမ် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တောင်ကိုးရီးယားနှင့် ဂျပန် နှစ်နိုင်ငံကို နှစ်သိမ့်အားပေးရန်နှင့် မြောက်ကိုးရီးယားနိုင်ငံကို ပိုမိုကြီးမားသော ဖိအားပေးရန် ဖြစ်ကြောင်း၊ သို့သော် ကိုးရီးယား ကျွန်းဆွယ် ပြဿနာ၏ ရှုပ်ထွေးမှုကြောင့် အမေရိကန်မှ တင်းမာသော သဘောထား ဖော်ပြချက်သည် တောင်ကိုးရီးယားနှင့် ဂျပန်နှစ်နိုင်ငံအား ယုံကြည်စိတ်ချရမှု ပိုရှိလာစေမည် မဟုတ်ကြောင်း ယူဆကြသည်။ အချို့ကတော့ အမေရိကန်-တောင်ကိုးရီးယား မဟာမိတ်အဖွဲ့နှင့် အမေရိကန်-ဂျပန် မဟာမိတ်အဖွဲ့ ဆက်ဆံမှုကို ခိုင်မာစေရန် Pence၏ ယခုအကြိမ် ခရီးစဉ် ရည်ရွယ်ထားကြောင်း ယူဆကြသည်။

ဂျပန် ခရီးစဉ် အတွင်း Penceက အမေရိကန်-ဂျပန် မဟာမိတ်အဖွဲ့သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေး အတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ မဟာမိတ်အဖွဲ့ ဆက်ဆံမှု အရေးကြီးကြောင်း အလေးထား ပြောကြားသည်။ ဂျပန် ကက်ဘိနက်အတွင်းဝန် Yoshihide Sugaက ယခုအကြိမ် ဝန်ကြီးချုပ် Shinzo Abeနှင့် ဒုသမ္မတ Pence၏ တွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံ မဟာမိတ်အဖွဲ့၏ သြဇာတန်ခိုးနှင့် တုံ့ပြန်နိုင်စွမ်းကို တစ်ဆင့်တိုးမြင်ရေး အတွက် အထောက်အကူဖြစ်ကြောင်း ပြောကြား သည်။

တောင်ကိုးရီးယား ခရီးစဉ်အတွင်း Penceက ကိုးရီးယားကျွန်းဆွယ် ပြဿနာနှင့် ပတ်သက်၍ သဘောထား ရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့သည်။ ၄င်းက ငြိမ်းချမ်းရေး နည်းလမ်းဖြင့် မြောက်ကိုးရီးယားအား နျူကလီးယားကို စွန့်လွှတ်စေရန် အမေရိကန် ရှာကြံမည် ဖြစ်သော်လည်း ရွေးချယ်မှု မှန်သမျှကို စဉ်းစားမည် ဖြစ်ကြောင်း၊ အမေရိကန်၏ လက်နက်အင်အား အသုံးပြုရန် စိတ်ပိုင်းဖြတ်မှုနှင့် စွမ်းရည်ကို အကဲစမ်းဖို့ အတွက် အလွန်အကျွံ ဆောင်ရွက်မှုကို မပြုရန် မြောက်ကိုးရီးယားအား သတိပေးကြောင်း၊ တရုတ်ပြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှာကြံမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio