• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ဖိုရမ် ကျင်းပရန် အဆင်သင့်

(GMT+08:00) 2017-04-19 10:18:54

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ယခုလ ၁၈ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၊ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုဥက္ကဋ္ဌ ဝမ်ရှောင်ထောင်တို့သည် ဖိုရမ် ပြင်ဆင်ရေးဖြစ်စဉ်၊ ဖိုရမ် တက်ရောက်မည့် နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ အခြေအနေနှင့် ဖိုရမ်၏ အဓိကအစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဝန်ကြီး ဝမ်ယိက၊ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ လက်ရှိအချိန်တွင် နိုင်ငံ ၂၈ နိုင်ငံမှ နိုင်ငံတော် အကြီးအကဲနှင့် အစိုးရ ခေါင်းဆောင်တို့ ဖိုရမ်သို့ တက်ရောက်မည်ဟု အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ ၁၁၀ မှ အရာရှိ၊ ပညာရှင်၊ လုပ်ငန်းရှင်၊ ငွေကြေးနှင့် မီဒီယာမှ ပုဂ္ဂိုလ်များသည် ဖိုရမ် တက်ရောက်မည်ဟု အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း၊ ယခုအကြိမ်ဖိုရမ်သည် ပီကင်းမြို့ အေပက် အစည်းအဝေးနှင့် ဟန်ကျိုးမြို့ ဂျီ-၂၀ အစည်းအဝေး အပြီး နောက်ထပ်တစ်ကြိမ် အရေးကြီး နိုင်ငံတကာ အစည်းအဝေး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုအကြိမ် ဖိုရမ်တွင်၊ ဖွင့်ပွဲအခမ်းအနား၊ ထိပ်သီးခေါင်းဆောင်များ စားပွဲဝိုင်း ထိပ်သီး အစည်းအဝေးနှင့် အဆင့်မြင့် အစည်းအဝေးများ အပါဝင် အပိုင်း သုံးပိုင်း ပါဝင်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမည် ဖြစ်ပြီး တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပြီး ထိပ်သီး ခေါင်းဆောင်များ စားပွဲဝိုင်း ထိပ်သီးအစည်းအဝေးကိုလည်း ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုဥက္ကဋ္ဌ ဝမ်ရှောင်ထောင်က၊ ဖိုရမ် အစည်းအဝေးများတွင်၊ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံရေး၊ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ငွေကြေး ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု ကူးလူးဖလှယ်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ပင်လယ် ပူးပေါင်းဆောင်ရွက်မှု စသည့်  နယ်ပယ် ၈ ခုနှင့် ပတ်သက်ပြီး နှီးနှောဖလှယ်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio