• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်သို့ သွားရောက်သည့် တရုတ် ခရီးသည် တိုးလာ

(GMT+08:00) 2017-04-06 18:08:55

ဗီယက်နမ် ခရီးသွား ဌာနချုပ်မှ ထုတ်ပြန်ခဲ့သော စာရင်းအရ ၂၀၁၇ခုနှစ် မတ်လက ဗီယက်နမ်သို့ သွားရောက် ခရီးလှည့်လည်ခဲ့သည့် တရုတ် ပြည်မကြီးမှ ခရီးသည် ဦးရေမှာ ၃သိန်းခန့်ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၃၉့၂ရာခိုင်နှုန်း တိုးလာကြောင်း၊ ထို့အပြင်၊ ဗီယက်နမ်တွင် တရုတ်ပြည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသနှင့် ထိုင်ဝမ် ဒေသမှ ခရီးသည် ဦးရေသည် ရာခိုင်နှုန်း ၃၀ခန့် တိုးလာခဲ့ကြောင်းလည်း သိရသည်ဟု တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ဗီယက်နမ် နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသည်များထဲတွင် တရုတ် ခရီးသည် ဦးရေ အများဆုံး ဖြစ်ကြောင်း၊ ယခုနှစ် ပထမ၃လပတ်က ဗီယက်နမ်သို့ သွားရောက် ခရီးလှည့်လည်ခဲ့သော တရုတ် ပြည်မကြီးမှ ခရီးသည် ဦးရေမှာ ၉သိန်း ၅သောင်းခန့် ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆၃့၅ရာခိုင်နှုန်း တိုးလာကာ ဗီယက်နမ်တွင် နိုင်ငံခြား ခရီးသည် စုစုပေါင်း ဦးရေ၏ ရာခိုင်နှုန်း ၃၀ခန့်ရှိကြောင်း၊ ၂၀၁၆ခုနှစ်က ဗီယက်နမ်တွင် နိုင်ငံခြား ခရီးသည် ဦးရေသည် ပထမဆုံး အကြိမ် အဖြစ် ၁၀သန်းကျော် ရှိကြောင်း၊ ယင်းထဲတွင် တရုတ် ခရီးသည် ဦးရေမှာ ၂သန်း၇သိန်းရှိပြီး အများဆုံး ဖြစ်ကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

ဗီယက်နမ်၏ သက်ဆိုင်ရာ စီမံကိန်းအရ ၂၀၁၇ခုနှစ်တွင် ဗီယက်နမ်သည် နိုင်ငံခြား ခရီးသည် ၁၁သန်း၅သိန်း ဆွဲဆောင်ပြီး ပြည်တွင်း ခရီးသည် ဦးရေ ၆၆သန်းရှိကာ ခရီးသွားဝင်ငွေ ၂၀့၎ဘီလီယံကျော် ရရှိရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရောက်လျှင် နိုင်ငံခြား ခရီးသည် ၁၇သန်းမှ သန်း၂၀ကို ဆွဲဆောင်ပြီး ပြည်တွင်း ခရီးသည် ဦးရေ ၈၂သန်းရှိကာ ခရီးသွားဝင်ငွေ ၃၅ဘီလီယံ ရရှိရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့သည် ခရီးသွား ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြီး တက်ကြွစွာ တွန်းအားပေးကြသည်။ ၂၀၁၇ခုနှစ် ဇန်နဝါရီလက "တရုတ် အမျိုးသား ခရီးသွားလုပ်ငန်း ဌာနနှင့် ဗီယက်နမ် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၉ခုနှစ် ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း" စာချုပ်ကို နှစ်နိုင်ငံ သဘောတူ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

သတိထားစရာ တစ်ချက်က တရုတ် ခရီးသည် တစ်ချို့သည် ဗီယက်နမ် E-ဗီဇာလျှောက်ထားရေးနှင့် ဗီယက်နမ် ပြည်တွင်း ဝင်ရောက်ရန် ဆောင်ရွက်ရေးတွင် အခက်အခဲနှင့် ပြဿနာများ ကြုံတွေ့နေရကြောင်း၊ ၄င်းပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ကြောင်း သိရသည်။

   Webradio