• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား

(GMT+08:00) 2017-04-04 12:02:23

ရုရှား နိုင်ငံ ဒေသ စံတော်ချိန် ဧပြီလ ၃ရက်နေ့က ရုရှား နိုင်ငံ ဒုတိယ အကြီးဆုံးမြို့ ဖြစ်သည့် စိန်ပီတာစဘတ်မြို့ရှိ မြေအောက်ရထားတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၁၁ဦး သေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိခဲ့ရကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် ဖောက်ခွဲမှုသည် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သည်ဟု ရုရှား နိုင်ငံ ရှေ့နေချုပ်ရုံးက သတ်မှတ်ခဲ့ကြောင်း၊ ယခုအကြိမ် ဖောက်ခွဲမှု ပြုလုပ်သူသည် ပေါက်ကွဲမှု တွင်သေဆုံးပြီဟု ရုရှား တရားဥပဒေ ကျင့်သုံးရေး ဌာနက ထင်မြင်ထားသည်။ ယခု အချိန်အထိ ၄င်းပေါက်ကွဲမှုတွင် တရုတ် နိုင်ငံသား သေကြေအနာတရ ရှိမရှိနှင့် ပတ်သက်၍ မသိရသေးကြောင်း စိန်ပီတာစဘတ်မြို့ဆိုင်ရာ တရုတ် နိုင်ငံ ကောင်စစ် ဝန်ချုပ်ရုံးက ပြောကြားသည်။

ရုရှား နိုင်ငံ မော်စကို ဒေသ စံတော်ချိန် ဧပြီလ ၃ရက်နေ့ ညနေ ၂နာရီ မိနစ် ၄၀အချိန်က စိန်ပီတာစဘတ်မြို့ရှိ မြေအောက်ရထား တစ်စီးသည် Sennaya Ploschadဘူတာရုံမှ Technologichesky Institute stationဘူတာရုံသို့ ခုတ်မောင်း ပြေးဆွဲရာ တတိယရထားတွဲတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှု ပမာဏမှာ TNT ဂရမ် ၃၀၀နှင့် ညီမျှကြောင်း၊ လက်လုပ် အသေးစား ဗုံးဖောက်ခွဲမှု ကိရိယာ တစ်ခုကို ရှာဖွေတွေ့ရှိရကြောင်း၊ ၄င်းဗုံးဖောက်ခွဲမှု ကိရိယာတွင် ယမ်းဘီလူးနှင့် သံမဏိလုံး များပါဝင်ကြောင်း သိရသည်။ ရုရှား နိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီက ၄င်းဗုံးဖောက်ခွဲမှုတွင် လူ၁၁ဦးသေဆုံးပြီး လူ၄၅ဦး အနည်းနှင့်အများဆိုသလို ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒဏ်ရာရရှိသူများသည် ကုသမှု ခံယူနေကြောင်း ထုတ်ပြန်ပြောကြားသည်။ ၄င်းပေါက်ကွဲမှု ဖြစ်ပွားပြီး ၅မိနစ်အကြာတွင် စိန်ပီတာစဘတ်မြို့ရှိ မြေအောက်ရထားလိုင်း အားလုံးကို ပိတ်ထားပြီး လူ ၁ထောင်ကျော်ကို ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

၎င်းဗုံးဖောက်ခွဲမှု ဖြစ်ပွားပြီးနောက် စိန်ပီတာစဘတ်မြို့တွင် ဖိုရမ်တစ်ခုသို့ တက်ရောက်နေသော သမ္မတ ပူတင်က တရားဥပဒေ ကျင့်သုံးရေး ဌာနနှင့် အထူးလျို့ဝှက် ဝန်ထမ်းဌာနများသည် ဗုံးဖောက်ခွဲမှုကို အစွမ်းကုန် စုံစမ်းစစ်ဆေးနေကြောင်း၊ အစိုးရသည် လိုအပ်သော ဆောင်ရွက်ချက်မှန်သမျှကို ပြုလုပ်ပြီး သေဆုံးသူများ၏ ကျန်ရစ်သူမိသားစု များနှင့်ဒဏ်ရာရရှိသူများ အတွက် ကူညီပံ့ပိုးမှုများ ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ရုရှား တရားဥပဒေ ကျင့်သုံးရေးဌာနသည် ဗုံးဖောက်ခွဲမှု ပြုလုပ်သည်ဟု သံသယရှိသူ ၂ဦးရှိကြောင်း၊ အလယ်အာရှ နိုင်ငံမှ လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြသည်။

စိန်ပီတာစဘတ်မြို့မြူနီစီပယ်က ၄ရက်နေ့က ယခုအကြိမ် မြေအောက်ရထား အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများ အတွက် ၃ရက်ကြာ ဝမ်းနည်းကြေကွဲခြင်း လှုပ်ရှားမှုကို ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာသည်။

ကုလသမဂ္ဂ၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီနှင့် ကာဇက်စတန် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းနှင့် နိုင်ငံများသည် ယခုအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။

 

   Webradio