• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုရီးယား-ကန် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲ ကျင်းပ

(GMT+08:00) 2017-03-02 14:57:05

Foal Eagleဟု နာမည်ပေးထားသည့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲကို မတ်လ ၁ရက်နေ့က စတင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် ကြည်း၊လေ၊ရေတပ် ပူးတွဲစစ်ရေး လေ့ကျင့်ပွဲကို ၂လကြာ ကျင်းပမည် ဖြစ်ပြီး အတိုင်းအတာ အကြီးဆုံး ဖြစ်ကြောင်း၊ ထို့အပြင်၊ Key Resolveဟု နာမည်ပေးထား သည့် နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲကိုလည်း မတ်လ ၁၃ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အကဲဆတ်သော အချိန်တွင် တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံတို့ စစ်ရေး လေ့ကျင့်ပွဲ အတိုင်းအတာ တိုးချဲ့ခြင်းကြောင့် မြောက်ကိုရီးယား နိုင်ငံသည် တုံ့ပြန်မှုတွေရှိလာနိုင်ပြီး ကိုရီးယား ကျွန်းဆွယ် အခြေအနေ အပေါ် ထိခိုက်စေနိုင်ဖွယ်ရာ ရှိကြောင်း အကဲခတ်ပုဂ္ဂိုလ်အချို့က ယူဆကြသည်။

မတ်လ ၁ရက်နေ့ နံနက်ပိုင်းက တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ကိုရီးယား ကျွန်းဆွယ် အခြေအနေနှင့် မြောက်ကိုရီးယား နိုင်ငံမှ နျူကလီးယား ဒုံကျည် ခြိမ်းခြောက်မှု အပေါ် အကဲဖြတ် သုံးသပ်ခဲ့ကြောင်း၊ ထိုသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ်က တောင်ကိုရီးယား ကာကွယ်ရေး အတွက် ဦးလည်မသုန် ကူညီပံ့ပိုးပြီး အမေရိကန်နှင့် အမေရိကန်၏ မဟာမိတ်အဖွဲ့နိုင်ငံများ အပေါ် ရည်ရွယ်သော တိုက်ခိုက်မှု မှန်သမျှကို ဖျက်ဆီးကာ နျူကလီးယား တိုက်ခိုက်မှု မှန်သမျှကိုလည်း ထိရောက်စွာ ဟန့်တားထိန်းချုပ်မည် ဖြစ်ကြောင်း ပြောကြားသည်ဟု တောင်ကိုရီးယား စစ်ဘက်မှ သတင်းအရ သိရသည်။

၁၉၅၃ခုနှစ် ကိုရီးယား ကျွန်းဆွယ် စစ်ပွဲ ရပ်စဲခဲ့သည့်နောက်ပိုင်းတွင် တောင်ကိုရီးယား နှင့် အမေရိကန် နှစ်နိုင်ငံတို့သည် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲများကို အတိုင်းအတာ ကြီးမားစွာ ကျင်းပလေ့ရှိကြောင်း၊ ၄င်းပူးတွဲ လေ့ကျင့်ပွဲများတွင် Foal Eagle၊ Key Resolveနှင့် သြဂုတ်နှင့် စက်တင်ဘာလတွင် ကျင်းပလေ့ရှိသော Ulchi Freedom Guardian ပါဝင်ကြောင်း သိရသည်။

   Webradio