• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၆ ကြိမ်မြောက် RCEP စေ့စပ်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2016-12-12 09:40:31

အာဆီယံအဖွဲ့က စည်းရုံးပြီး တရုတ်နိုင်ငံ ပါဝင်သော RCEP ခေါ် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်ဆိုင်ရာ ၁၆ ကြိမ်မြောက် စေ့စပ်ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် စေ့စပ်ဆွေးနွေးပွဲကို ယခုလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ရာ အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အိန္ဒိယ အပါအဝင် လွတ်လပ်သော ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ၆ နိုင်ငံမှ ကိုယ်စားလှယ်များသည် ကုန်သွယ်မှု အဆင်ပြေစေရေး တွန်းအားပေးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ ယခုအကြိမ် စေ့စပ်ဆွေးနွေးပွဲတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများ ပြီးမြောက်ပြီ ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် စေ့စပ်ဆွေးနွေးပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမည်ဟု သဘောတူကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီး လူကီတာက၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဝါဒ ပြန်လည် ဦးမော့လာနေသည့် မျက်မှောက်ကာလ၌ အာဆီယံနှင့် အာဆီယံ၏ မိတ်ဖက်တို့သည် လက်ရှိ စေ့စပ်ဆွေးနွေးပွဲကို တွန်းအားပေးရန်နှင့် ဈေးကွက် တံခါးဖွင့်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

RCEP သည် အရှေ့အာရှ၌ အတိုင်းအတာ အကြီးမားဆုံး၊ အဖွဲ့ဝင် အများဆုံး၊ သြဇာ ညောင်းမှု အလေးနက်ဆုံးသော လွတ်လပ်သောကုန်သွယ်ရေးဇုန်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ ဖြစ်ပြီး စီးပွါးကုန်သွယ်မှု အတိုင်းအတာသည် တစ်ကမ္ဘာလုံး စုစုပေါင်း ပမာဏ၏ ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက၊ တရုတ်နိုင်ငံသည် အာဆီယံ၏ အမြုတေကျ အဆင့်နေရာကို လေးစားသည့် အခြေခံပေါ်တွင် စေ့စပ်ဆွေးနွေးပွဲ သက်ဆိုင်ရာ ဘက်အသီးသီးတို့နှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး အာရှ ပစိဖိတ်ဒေသ စီးပွါးရေး တပြေးညီ ဖြစ်ရေးအတွက် အကျိုးပြု စွမ်းဆောင်လိုပါကြောင်း ပြောကြားခဲ့သည်။

   Webradio