• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် နာဂျစ် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2016-11-02 12:20:07

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၁ရက်နေ့က ပီကင်းတွင် အလည်အပတ် ရောက်ရှိလာသော မလေးရှား ဝန်ကြီးချုပ် နာဂျစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း၊ နှစ်ဖက်တို့သည် လယ်ယာစိုက်ပျိုးရေး၊ ကာကွယ်ရေးစသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ဆယ်ခုကျော်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြ ကြောင်း၊ နှစ်နိုင်ငံတို့သည် မလေးရှား အရှေ့ပင်လယ် ကမ်းရိုးတန်း ရထားလမ်း တည်ဆောက်ရေးနှင့် ဆာဘတ် ပြည်နယ် ရေနံနှင့် သဘောဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးကို အားဖြည့်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်ပြည် အနေနှင့် မလေးရှားနှင့် အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ပူးပေါင်းဆောင် ရွက်ရေး အဆင့်ကို တိုးမြှင့်ပြီး ဒေသတွင်း စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စည်ပင်သာယာရေးကို တွန်းအားပေးမည်ဟု ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်သည် ၂၀၀၉ခုနှစ်က နာဂျစ် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် တတိယ အကြိမ် တရုတ်ပြည် ခရီးစဉ် ဖြစ်ကြောင်း၊ ခေါင်းဆောင် ၂ဦးတို့က ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှု တစ်ဆင့်တိုးတက် စေရန် တွန်းအားပေးမည်ဟု ယူဆကြကြောင်း ဖော်ပြသည်။

ယခုအကြိမ် ခရီးစဉ်တွင် နှစ်နိုင်ငံတို့သည် သဘောတူ စာချုပ် ၁၄ခုကို ချုပ်ဆိုခဲ့ ကြောင်း၊ ယင်းစာချုပ် ၁၄ခုတွင် လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ ကုန်စည် အရည်အသွေး စစ်ဆေးရေး၊ အခွန်ရေးရာ အပါအဝင် နယ်ပယ်များနှင့် ပတ်သက်သော အစိုးရချင်း စာချုပ် ၉ခုနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၅ခု ပါဝင်ကြောင်း သိရသည်။

ယခုနှစ်သည် တရုတ်နှင့် အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅နှစ် ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ လာမည့် ၂၀၁၇ခုနှစ်သည် အာဆီယံ တည်ထောင်ခဲ့သည့် နှစ် ၅၀ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ တရုတ်နှင့် မလေးရှား နှစ်နိုင်ငံခေါင်းဆောင်တို့က ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး တရုတ်-အာဆီယံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးကာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို လက်တွဲ ထိန်းသိမ်းကာကွယ်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio