• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မြန်မာ တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2016-11-02 09:49:41

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်၌ ခရီးလှည့်လည်နေသော မြန်မာ တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေ ဆက်စပ်ပြီး အပြန်အလှန် အမှီသဟဲ ပြုနေ၍ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး အခြေခံ ခိုင်မာကြောင်း၊ လွန်ခဲ့သည့်နှစ်များက နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ၊ နယ်ပယ်နှင့် အဆင့်အတန်း အဆက်အပြတ် မြင့်တင်လာပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကောင်းမွန်ပါကြောင်း၊ နှစ်ဖက်တို့ အနေနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ဖြစ်သည့် မှန်ကန်သော ဦးတည်ချက်ကို ထိထိမိမိ စွဲကိုင်ပြီး အခွင့်အလမ်းများကို အသုံးချကာ နှစ်နိုင်ငံ ပြည်သူများ အတွက် ထိရောက်သော အကျိုးစီးပွါးများကို ဆောင်ကျဉ်းပေးရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ ပြည့်စုံမှု ကို လေးစားပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်မှုကို လွန်စွာ အလေးထားနေကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား သင့်မြတ်ရေး အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်နိုင်ရန်၊ နိုင်ငံရေး လုပ်ငန်း အရပ်ရပ်တို့ ဆက်တိုက် ဖွံ့ဖြိုး တိုးတက်နိုင်ရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံတို့သည် သားစဉ်မြေးဆက် ချစ်ကြည် ရင်းနှီးနိုင်ရန်၊ အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုနိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ် တွန်းအားပေးရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်သည် တရုတ်-မြန်မာ တပ်မတော်အကြား ဆက်ဆံမှုကို ချီးကျူးပြီး နှစ်နိုင်ငံ တပ်မတော်အကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာရန်၊ နှစ်နိုင်ငံ အကျိုးတူနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် အကျိုးပြု စွမ်းဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၊ မြန်မာနိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံမှုကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ ဆက်ဆံမှု ဘက်စုံ တိုးတက်ရန် တွန်းအား ပေးနေကြောင်း၊ နှစ်နိုင်ငံ တပ်မတော်အကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် နက်ရှိုင်းလာရန်နှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်မှုကို လက်တွဲ ထိန်းသိမ်းရန် ဆောင်ရွက်လိုကြောင်း၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး ရေရှည် တိုးတက်ရေးအတွက် အကျိုးပြုစွမ်းဆောင်လိုကြောင်း ပြောကြားသည်။

   Webradio