|
||||||||
|
|||||||||||||
တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀ ရက်နေ့က ပီကင်း၌ ဖိလစ်ပိုင် သမ္မတ ဒူတယ်တေနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ဘက်စုံ ကောင်းမွန်စေရန်နှင့် ပိုမို တိုးတက်စေရန် တွန်းအားပေးမည်ဟု တညီတညွတ်တည်း သဘောတူကြသည်။ ထို့ပြင် နှစ်ဖက် တိုင်ပင်ဆွေးနွေးပွဲဖြင့် တောင်ပင်လယ် ပြဿနာကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းလိုကြောင်းနှင့် နှစ်နိုင်ငံ ပင်လယ် ရေးရာ ပူးပေါင်းဆောင်ရွက်မှု စတင်ပြုလုပ်လိုကြောင်းလည်း ဖေါ်ပြကြသည်။
၂၀ ရက်နေ့က ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ ဖိလစ်ပိုင် သမ္မတ ဒူတယ်တေအား ကြိုဆိုပွဲအခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။
ရှီကျင့်ဖိန်က၊ မိမိတို့သည် အခက်အခဲ ကြုံခဲ့သော်လည်း အိမ်နီးချင်းကောင်း ချစ်ကြည်ရေး သံယောဇဉ် အခြေခံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒသည်မူ ပြောင်းလဲခြင်း မရှိကြောင်း၊ မိမိတို့သည် နှစ်နိုင်ငံတို့၏ အရင်းခံနှင့် အကျိုးတူကို ရှေးရှုပြီး ပြည်သူပြည်သားများ၏ စောင့်မျှော်ချက်နှင့်အညီ ယခုအကြိမ် ခရီးစဉ်ကို အခွင့်ကောင်း အဖြစ်ထားကာ နှစ်နိုင်ငံ ဆက်ဆံမှု ပြန်လည် ကောင်းမွန်စေရန်နှင့် ဘက်စုံ တိုးတက်စေရန် တွန်းအားပေးဖို့ မျှော်လင့်ကြောင်း ပြောကြားသည်။
ဒူတယ်တေကလည်း၊ တရုတ်နိုင်ငံသည် မိမိတို့၏ မိတ်ဆွေ ဖြစ်ပြီး နှစ်ဖက်အကြား ချစ်ကြည်ရေး အစဉ်အလာသည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ လက်ရှိအချိန်သည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု၏ နွေဦး ကာလ ဖြစ်ပြီး နှစ်ဖက် ဆက်ဆံမှုကို တဆင့် တိုးမြှင့်ရန် မိမိ မျှော်လင့်ကြောင်း ပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီး ခေါင်းဆောင်နှစ်ဦး ရှေ့မှောက်၌ တရုတ်-ဖိလစ်ပိုင် စီးပွါးကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ကုန်ထုတ်စွမ်းအား၊ လယ်ယာစိုက်ပျိုးရေး၊ သတင်း၊ ကုန်ပစ္စည်း အရည်အသွေး တိုင်းတာစစ်ဆေးရေး၊ ခရီးသွား၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ငွေကြေး၊ ပင်လယ် စောင့်ကြပ်ရေးနှင့် အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ၁၃ ရပ် လက်မှတ်ရေးထိုးပွဲကို ကျင်းပ ခဲ့သည်။
|