• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၃၁ခု ချုပ်ဆို

(GMT+08:00) 2016-10-14 15:51:18

ဒေသစံတော်ချိန် ၁၃ရက်နေ့ နေ့လယ်ပိုင်းက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် အထူးလေယာဉ်ဖြင့် ဖနွမ်းပင်မြို့တော်သို့ ရောက်ရှိပြီး ကမ္ဘောဒီးယား ခရီးကို စတင် လှည့်လည်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ကမ္ဘောဒီးယား ဘုရင် စီဟာမိုနီနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်သည် ကမ္ဘောဒီးယား ဘုရင့်မိသားစုနှင့် ထားရှိသော ထူးခြားသည့် ချစ်ကြည် ရေးကို အလွန် တန်ဖိုးထားသကဲ့သို့ ကမ္ဘောဒီးယားနှင့် ဆက်ဆံမှု အပေါ် အလွန် အလေးထားကြောင်းလည်း ပြောကြားသည်။

ဘုရင့်နန်တော် ခရီးစဉ်အပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဝန်ကြီးချုပ် ဟုန်စိန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က လက်ရှိအချိန်၌ တရုတ်-ကမ္ဘောဒီးယား ဆက်ဆံမှုသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ နှစ်နိုင်ငံအကြားရှိ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် အဆက်မပြတ် တိုးပွားလာကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အောင်မြင်မှု များစွာ ရရှိ၍ ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုနွေးထွေးလာကြောင်း၊ တရုတ်ပြည် အနေနှင့် တရုတ်-ကမ္ဘောဒီးယား အစဉ်အလာ ချစ်ကြည်ရေးကို တလျှောက်လုံး တန်ဖိုးထားပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို အလွန် အလေးထားကြောင်းလည်း ပြောကြားသည်။

ဝန်ကြီးချုပ် ဟုန်စိန်က ကမ္ဘောဒီးယားနှင့် တရုတ် နှစ်နိုင်ငံသည် အပြန်အလှန် ယုံကြည်မှု ရှိသော မိတ်ဆွေကောင်း ဖြစ်ပြီး နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရုံစိုက် သောရေးရာများတွင် အပြန်အလှန် သိရှိနားလည်မှုနှင့် အားပေးထောက်ခံမှု အစဉ်တစိုက် ရှိကြောင်း ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီး နှစ်နိုင်ငံတို့သည် နိုင်ငံခြားရေး၊ One Belt and Road အတူတည်ဆောက်ရေး၊ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဆည်မြောင်းတာတမံ၊ မီဒီယာ၊ အဏ္ဏဝါ အပါအဝင် နယ်ပယ် ၃၁ခုမှ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် ဟုန်ဆင်တို့သည် လက်မှတ်ရေးထိုး ချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပနွမ်းပင် တရုတ် ယဉ်ကျေးမှု စင်တာ ဆိုင်းဘုတ်ချိတ်တင်ပွဲ အခမ်းအနား သို့လည်း တက်ရောက်ခဲ့ကြကြောင်း၊ နှစ်ဖက်တို့သည် "တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ ပူးတွဲ ကြေညာချက်"ကို ထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။

 

   Webradio