• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ကနေဒါ ဝန်ကြီးချုပ် တွေ့ဆုံ

(GMT+08:00) 2016-09-23 09:28:58

ကနေဒါ နိုင်ငံ၌ အလည်အပတ် ရောက်ရှိနေသော တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၂ ရက်နေ့က အော့တဝါမြို့၌ ကနေဒါ ဝန်ကြီးချုပ် ထရူဒူနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးစာတမ်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြသည်။ နှစ်နိုင်ငံ ဝန်ကြီးချုပ် ရှေ့မှောက်၌ နှစ်ဖက် ကိုယ်စားလှယ်များသည် တရုတ်-ကနေဒါ တတိယဘက် ဈေးကွက် ပူးပေါင်းဆောင်ရွက်ရေး ကြေညာစာတမ်း အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၁၄ ရပ်ကို ချုပ်ဆိုကြသည်။ ယင်းစာချုပ်များတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ငွေကြေး၊ ခရီးသွား၊ ပညာရေးနှင့် တရားဥပဒေ စသည့်နယ်ပယ်များ ပါဝင်ထားသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်-ကနေဒါ ဝန်ကြီးချုပ်များ နှစ်ပတ်လည် ဆွေးနွေးရေးစနစ် တရားဝင် စတင်ပြီဟု မိမိတို့ အတည်ပြုကြကြောင်း၊ တရုတ်နှင့် ကနေဒါတို့သည် ကျယ်ပြန့်သော အကျိုးတူနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ရှိပြီး တူညီသော အကျိုးစီးပွါးသည် သဘောကွဲလွဲမှုထက် များစွာ ပိုများကြောင်း၊ တရုတ်-ကနေဒါ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်မည် ဖြစ်ပြီး ချစ်ကြည်ရေး နက်ရှိုင်းမည် ဖြစ်ကာ နိုင်ငံရေး အပြန်အလှည် ယုံကြည်မှုလည်း တိုးတက်သွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ကနေဒါ ဝန်ကြီးချုပ် ထရူဒူကလည်း၊ ကနေဒါ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ် အကြောင်းကို စတင် ဆွေးနွေးရန် မိမိတို့ သဘော တူကြကြောင်း၊ ၂၀၂၅ ခုနှစ် မတိုင်မီ နှစ်ဖက် ကုန်သွယ်မှု ပမာဏ တစ်ဆ တိုးများစေရန် ရည်မှန်းချက်ကိုလည်း မိမိတို့ ချမှတ်ထားကြောင်း ပြောကြားသည်။

   Webradio