• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ပြန်လည်ပုံမှန် တိုးတက်ရန် မျှော်လင့်

(GMT+08:00) 2016-07-04 10:02:27

ဖိလစ်ပိုင် သမ္မတ Duterte သည် ၃၀ ရက်နေ့က မနီလာမြို့၌ သမ္မတတာဝန် ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း၊ ၂၉ ရက်နေ့က ဖိလစ်ပိုင် ယခင်သမ္မတ အာကွီနို အစိုးရ၏ တစ်ဖက်သတ် တောင်းဆိုချက်အရ တည်ထောင်သော တောင်ပင်လယ် အနုညာတ စီရင်မှုဆိုင်ရာ ခုံသမာဓိရုံးက၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် နောက်ဆုံး စီရင်ချက် ဟူသည်ကို ထုတ်ပြန်မည်ဟု ဖေါ်ပြခဲ့ကြောင်း၊ ဖိလစ်ပိုင် အစိုးရသစ် အနေနှင့် အငြင်းပွါးမှုကို စေ့စပ်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် လမ်းမှန်သို့ ပြန်လည် ရောက်လာသင့်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသား ထားသည်။

တစ်လကျော်တုန်းက သမ္မတ Duterte သည် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သည့်အခါ တရုတ်ခေါင်းဆောင်သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ သဝဏ်လွှာတွင် ချစ်ကြည် တည်ငြိမ်ပြီး ပုံမှန် တိုးတက်သော တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီပြီး နှစ်ဖက်တို့ အနေနှင့် နှစ်နိုင်ငံ ဆက်ဆံမှု ပြန်လည် ပုံမှန် တိုးတက်လာအောင် လက်တွဲ တွန်းအားပေးရန် မျှော်လင့်သည်ဟု ရေးသားထားကြောင်း၊ သမ္မတ Duterte က၊ ဟွမ်ယန်ကျွန်းကြောင့် တရုတ်ပြည်နှင့် စစ်ပွဲ မဖြစ်ပွါးလိုကြောင်းနှင့် ဖိလစ်ပိုင်က အမေရိကန်၏ ရေကြောင်း လွတ်လပ်ရေး ဆောင်ရွက်မှုတွင် ပါဝင်ရန်ကို မထောက်ခံကြောင်းကိုလည်း ပြောဆိုခဲ့ဖူးကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

ယင်းဆောင်းပါးတွင်၊ ဖိလစ်ပိုင် ယခင်သမ္မတ အာကွီနိုသည် ဖိလစ်ပိုင်-တရုတ် ချစ်ကြည်ရေး အစဉ်အလာနှင့် ပြည်သူလူထု၏ နေထိုင်မှု လိုအပ်ချက်များကို ဘေးဖယ်ပြီး ပြင်ပမှ နိုင်ငံအချို့ကို ကာကွယ်ထီးနှင့် စီးပွါးရေး တွန်းအားအဖြစ် ထားကာ တောင်ပင်လယ် ပြဿနာကို နိုင်ငံတကာပြဿနာ ဖြစ်လာအောင် လုပ်ဆောင်ခဲ့ကြောင်း၊ တောင်ပင်လယ်ဆိုင်ရာ အာကွီနို အစိုးရ၏ မဟာဗျူဟာနှင့် စီမံခန့်ခွဲမှု မှားယွင်းချက်များသည် နိုင်ငံသားများကို ဆိုးကျိုး ခံစားစေနိုင်မည့်အပြင် အနီးပတ်ဝန်းကျင် ဒေသများ၏ တည်ငြိမ်မှုနှင့် စည်ပင်သာယာမှုကိုလည်း ထိခိုက်နိုင်မည် ဖြစ်ကြောင်း ရေးသားသုံးသပ်ထားသည်။

   Webradio