• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် အငြင်းပွါးမှုကို တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် ဖြေရှင်းသင့်ဟု ပညာရှင်များ ယူဆ

(GMT+08:00) 2016-06-27 09:38:37

တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှုနှင့် နိုင်ငံတကာဥပဒေ နှီးနှောဖလှယ်ပွဲကို ၂၆ ရက်နေ့က နယ်သာလန်နိုင်ငံ ဟိတ်မြို့၌ ကျင်းပခဲ့သည်။ နှီးနှောဖလှယ်ပွဲ တက်ရောက်သော ပညာရှင်အချို့က၊ တောင်ပင်လယ်ဆိုင်ရာ အငြင်းပွါးမှုကို နိုင်ငံတကာ ဥပဒေ သို့မဟုတ် အနုညာတစီရင်ဆုံးဖြတ်မှုဖြင့် ဖြေရှင်းခြင်း မပြုလုပ်သင့်ဘဲ သက်ဆိုင်ရာနိုင်ငံများ စေ့စပ် ဆွေးနွေးသောနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း ယူဆကြသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲကို နယ်သာလန်နိုင်ငံ လိုင်ဒင်တက္ကသိုလ် ဂရောတျူစ် နိုင်ငံတကာဥပဒေ သုတေသနဌာနနှင့် ဝူဟန့်တက္ကသိုလ် တရုတ် နယ်နိမိတ်နှင့် ပင်လယ် ရေးရာ သုတေသနဌာနတို့ ဦးစီး ပြုလုပ်ခြင်း ဖြစ်ပြီး နယ်သာလန်၊ တရုတ်နှင့် အခြားနိုင်ငံများမှ ပညာရှင် ၃၀ ကျော်တို့သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသည်။

တရုတ် လူမှုသိပ္ပံပညာ တံခွန်အသင်းကြီး နိုင်ငံတကာဥပဒေ သုတေသနဌာန ဌာနမှူး လက်ထောက် ဒေါက်တာ လျူဟွာဝင်က၊ ကုလသမဂ္ဂ ပင်လယ်ဥပဒေရေးရာ အထွေထွေ သဘောတူစာချုပ်သည် ၁၉၈၂ ခုနှစ်က ရရှိခဲ့သော သဘောတူညီမှု တစ်ရပ် ဖြစ်ကြောင်း၊ သို့သော် ယင်းသဘောတူညီမှုမှာ ကန့်သတ်မှု ရှိပြီး ပင်လယ်ရေးရာ ပြဿနာ အားလုံးကို လိုက်လျောညီထွေသော နိုင်ငံတကာစည်းမျဉ်းဖြင့် ညှိနှိုင်းနိုင်သည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ပင်လယ်ဥပဒေရေးရာ အထွေထွေ သဘောတူစာချုပ် အပါအဝင် နိုင်ငံတကာဥပဒေဖြင့် အငြင်းပွါးမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တလျှောက်လုံး တိုက်တွန်းပါကြောင်း၊ တောင်ပင်လယ် ပြဿနာသည် သမိုင်းဆိုင်ရာ အခွင့်အရေးနယ်ပယ်၌ အငြင်းပွါးမှု ဖြစ်ပြီး သမိုင်းဆိုင်ရာ အခွင့်အရေးနယ်ပယ်၌ အငြင်းပွါးမှုမှာ စာချုပ် မချုပ်ဆိုသေးမီကပင် ရှိပြီးသား ဥပဒေဆိုင်ရာ အယူအဆ တစ်ရပ် ဖြစ်ပြီး စာချုပ် ကိုယ်၌ပင် သမိုင်းဆိုင်ရာ အခွင့်အရေးနယ်ပယ်၌ အငြင်းပွါးမှု အကြောင်းကို ရှင်းလင်းဖေါ်ပြမှု လွန်စွာ နည်းပါးကြောင်း၊ ယင်းသို့သော အခြေအနေမျိုးတွင် စာချုပ်အရ တောင်ပင်လယ်ပြဿနာကို ဖြေရှင်းရန်မှာ မလုံလောက်ပါကြောင်း ပြောကြားသည်။

နယ်သာလန်နိုင်ငံ ယူထရေခ်ျ တက္ကသိုလ် ပါမောက္ခ ဇဝပ်က၊ အန္တရာယ် အကြီးဆုံး ကိစ္စမှာ နိုင်ငံတကာဥပဒေကို ထိခိုက်ခြင်းနှင့် နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက် တစ်ခုခု အတွက် နိုင်ငံတကာဥပဒေကို အသုံးပြုခြင်း ဖြစ်ကြောင်း၊ နိုင်ငံအချို့ အထူးသဖြင့် အနောက်နိုင်ငံများသည် တရုတ်နိုင်ငံအား ဒေသတွင်း ဒီ့ထက်မက ကမ္ဘာပေါ်တွင် အင်အားကောင်းနိုင်ငံ အဖြစ် သဘောထားပြီး နိုင်ငံရေးနယ်ပယ်၌ နိုင်ငံတကာဥပဒေကို အသုံးပြုကာ တရုတ်နိုင်ငံအား ထိန်းချုပ်ရန် ကြံဆကြောင်း၊ ခုံသမာဓိရုံး၏ စီရင်ဆုံးဖြတ်မှုသည် အာရှဒေသ၌ လိုအပ်သော ထောက်ခံမှု ရရှိနိုင်မည် မဟုတ်ဟု မိမိ ယုံကြည်ကြောင်း၊ ဘက်အသီးသီးတို့ စေ့စပ်ဆွေးနွေးခြင်းသည် တောင်ပင်လယ် ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ပြောကြားသည်။

   Webradio