• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥပဒေပြုရေးဥပဒေ ပြင်ဆင်ရေးမူကြမ်း ပြည်သူ့ကွန်ဂရက် စိစစ်နေ

(GMT+08:00) 2015-03-11 10:55:02

ပီကင်းမှာ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယ အကြိမ် နှစ်ပတ်လည် အစည်းအဝေးမှာ ဥပဒေပြုရေးဥပဒေ ပြင်ဆင်ရေး မူကြမ်းကို စိစစ်နေကြောင်း၊ အဲဒီဥပဒေမူကြမ်းကို အတည်ပြုရင် ဒါဟာ ၂၀၀၀ ပြည့်နှစ်က ဥပဒေပြုရေးဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြင်ဆင်ခြင်း ဖြစ်မှာ ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါတယ်။

ဥပဒေမူကြမ်းထဲမှာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နဲ့ အမြဲတမ်း ကော်မတီတို့ဟာ ဥပဒေပြုရေးလုပ်ငန်းအပေါ် စည်းရုံး ညှိနှိုင်းမှုကို အားဖြည့်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းကို ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရမယ်လို့ ထည့်သွင်းထားကြောင်း၊ တချိန်တည်းမှာ ဌာနရုံးတို့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဒေသခံ အစိုးရတို့ရဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ရေးဆိုင်ရာ အာဏာကျင့်သုံးမှုဘောင်ကို ပြင်ဆင် သတ်မှတ်ထားကြောင်း သတင်း ရရှိပါတယ်။

ဥပဒေပညာရှင်တွေက၊ တရုတ်နိုင်ငံဟာ ဥပဒေပြုရေးစနစ် ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်နေကြောင်း၊ အဆင့်ဆင့်သောဌာနများရဲ့ ဥပဒေ ပြုရေး ဆိုင်ရာ အာဏာကျင့်သုံးခွင့်ကို ရှင်းလင်းပြတ်သားစွာ ခွဲခြား သတ်မှတ်နေကြောင်း၊ ဥပဒေ ပြုရေးအစီအစဉ်ကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပြီး ဥပဒေပြုရေးဆိုင်ရာ လှုပ်ရှားမှုများကို ဥပဒေနဲ့အညီ ပြုလုပ်နိုင်အောင် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့တယ်။

ကြာရှည်တဲ့ကာလအတွင်း လက်တွေ့ကျတဲ့ပြဿနာများကြောင့် ဥပဒေပြုရေးဌာနကရေးဆွဲ ချမှတ်သင့်တဲ့ စည်းမျဉ်း ဥပဒေတွေကို တကယ်ဆိုတော့ စီမံအုပ်ချုပ်ရေးဌာနတွေက ရေးဆွဲ ချမှတ်ခဲ့တာ ဖြစ်ပြီး ဥပဒေပြုရေးဌာနကတော့ စိစစ်တဲ့အခါမှာ အနည်းငယ် ပြင်ဆင် ပြုပြင်တာသာ ဖြစ်ကြောင်း၊ အဲဒါဟာ စည်းမျဉ်းဥပဒေ သတ်မှတ်ရာမှာ ဌာနနဲ့ နယ်ပယ်ရဲ့ အကျိုးစီးပွါးရေး ထိန်းသိမ်းတဲ့ ဖြစ်ရပ်တွေ မလွဲမသွေ ဖြစ်စေ တတ်ကြောင်း၊ တချိန်တည်းမှာ ဒေသခံ ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေလည်း ဖြစ်တတ်ကြောင်း ပညာရှင်တွေက သုံးသပ်ကြတယ်။

ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥပဒေရေးရာ ကော်မရှင် ဥက္ကဋ္ဌ မစ္စတာ လီရှိရှီက၊ မျက်မှောက်ကာလ ဥပဒေပြုရေး လုပ်ငန်းမှာ ဥပဒေ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေ၊ ဒေသခံ စည်းမျဉ်း စည်းကမ်းများ ညီညွတ်မှု မရှိခြင်း၊ ဌာနအတွက် ကိုယ်ကျိုးစီးပွါးဖက်ခြင်း၊ ဒေသခံ ကိုယ်ကျိုးစီးပွါး ထိန်းသိမ်းခြင်း၊ အာဏာရအောင် ကြိုးပမ်းခြင်းနဲ့ ယူသင့်တဲ့တာဝန်များကို တစ်ပါးသူအား လွှဲချခြင်း စတဲ့ ဖြစ်ရပ်တွေ ဆိုးဝါးပြင်းထန်နေကြောင်း၊ ဒါကြောင့် ဥပဒေပြုရေးမှာ ဘယ်သူက ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့်သလဲ ဆိုတဲ့ကိစ္စဟာ ဥပဒေပြုရေးဥပဒေ ပြင်ဆင်ရာမှာ လွန်စွာ အရေးကြီးကြောင်း ပြောကြားခဲ့တယ်။

တရုတ်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောလိပ်ကျောင်းမှ ပါမောက္ခ ဝမ်းယုခိုင်က၊ စီမံအုပ်ချုပ်ရေးဌာနနဲ့ ဒေသခံ အစိုးရဌာနများက ဥပဒေပြုတဲ့အခါ အားကစားသမားလည်း လုပ်၊ ဒိုင်လူကြီးလည်း လုပ်နေတဲ့ အခြေအနေကို ဖယ်ပစ်နိုင်ဖို့ ဥပဒေမူကြမ်းထဲမှာ ပြည်သူ့ကွန်ဂရက်က ဥပဒေပြုရေးလုပ်ငန်းမှာ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်ရမယ်လို့ အလေးအနက် သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ဥပေဒ ပြုရေး လုပ်ငန်း ဆောင်ရွက်တဲ့အခါ လုပ်ငန်းပေါင်းစုံမှ အကျိုးစီးပွါးများကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

ဥပဒေပြုရေးဥပဒေ ပြင်ဆင်ရေးမူကြမ်းထဲမှာ၊ ဥပဒေပြုရေး လုပ်ငန်းမှာ နိုင်ငံသားများ စနစ်တကျ ပါဝင်ဆောင်ရွက်ရေးလမ်းကြောင်းကို တိုးချဲ့ရမှာ ဖြစ်ကြောင်း၊ အတိုင်ပင်ခံ စနစ် နဲ့ ကြားနာရေးစနစ်တွေ ကောင်းမွန်အောင်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ်။
   Webradio