• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာမယ့် နှစ် ၂၀ အတွင်း တရုတ်စီးပွါးရေး ၇ ရာခိုင်နှုန်း တိုးတက်နိုင်မယ်

(GMT+08:00) 2015-03-06 15:38:08

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က ဒီလ ၅ ရက်နေ့မှာ တင်ပြခဲ့တဲ့ အစိုးရ လုပ်ငန်း အစီရင်ခံစာထဲမှာ ဒီနှစ်အတွင်း တရုတ်ပြည် ဂျီဒီပီကို ၇ ရာခိုင်နှုန်းလောက် တိုးတက် စေဖို့ ရည်မှန်းချက်ကို တင်ပြ ခဲ့ကြောင်း၊ အဲဒါဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ် အစိုးရက ချမှတ်ခဲ့တဲ့ စီးပွါးရေး တိုးတက်မှု ရည်မှန်းချက်များထဲမှာ အနိမ့်ဆုံး ဖြစ်ကြောင်း၊ အစိုးရ လုပ်ငန်း အစီရင်ခံစာထဲမှာ အဲဒီလို မြန်နှုန်းနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်သွားရင် ခေတ်မီရေး ဆိုင်ရာ အခြေခံဟာ ပိုမို ခိုင်မာလာမယ်လို့လည်း တင်ပြခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါတယ်။

စီးပွါးရေး ကျွမ်းကျင်ပညာရှင်များက၊ လာမယ့် နှစ် ၂၀ အတွင်း တရုတ်ပြည် စီးပွါးရေးဟာ ၇ ရာခိုင်နှုန်း ဖြစ်တဲ့ အသင့်အတင့် လျင်မြန်တဲ့ တိုးတက်နှုန်းနဲ့ တိုးတက် သွားနိုင်မှာ ဖြစ်ကြောင်း၊ အဲဒါဟာ တရုတ်ပြည် စီးပွါးရေး ရေရှည် တိုးတက်ရေး အလားအလာနဲ့ တရုတ်ပြည် ဖွံ့ဖြိုးရေး မဟာဗျူဟာဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါကြောင်း သုံးသပ်ကြတယ်။

မျက်မှောက်ကာလမှာ တရုတ်ပြည် စီးပွါးရေး အတိုင်းအတာဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၁ သောင်းကျော် ရှိပြီ ဖြစ်ကြောင်း၊ ၇ ရာခိုင်နှုန်းနဲ့ တိုးတက်ရင်လည်း နှစ်စဉ် တိုးတက်မှုပမာဏဟာ ဒေါ်လာ ဘီလီယံ ၈၀၀ ရှိမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၅ နှစ်တုန်းက ၁၀ ရာခိုင်နှုန်း တိုးတက်မှု ပမာဏထက်တောင် ပိုများကြောင်း၊ အဲဒါဟာ တစ်နှစ်အတွင်း ကမ္ဘာကြီးအတွက် အလယ်အလတ် စီးပွါးရေးအုပ်စု တစ်စု ဖန်တီးပေးသလို ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြတယ်။

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဝင်၊ စီးပွါးရေးပညာရှင် မစ္စတာ လင်ယိဖူက၊ တရုတ်ပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံအဖို့ စီးပွါးရေး အခြေအနေသစ်မှာ စီးပွါးရေး အသင့်အတင့် လျင်မြန်စွာ တိုးတက်မှုကို ထိန်းသိမ်းခြင်းဟာ လွန်စွာ လိုအပ်ပါကြောင်း၊ ဒါမှမဟုတ်ရင် ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ဝင်ငွေ ဆိုင်ရာ ကွာဟမှု ကျဉ်းကျုံ့ရေးဖြစ်စဉ် နှေးကွေးနိုင်မယ့်အပြင်  တရုတ်ပြည်ရဲ့ ၂၀၂၀ ပြည့်နှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် အကောင်အထည်ဖေါ်ဆောင်ရေးဖြစ်စဉ်ကိုလည်း ထိခိုက်နိုင်မှာ ဖြစ်ကြောင်း၊ ထို့ပြင် အလုပ်အကိုင်နေရာချထားရေး၊ ငွေကြေးနဲ့ ဘဏ္ဍာရေး နယ်ပယ်တွေမှာလည်း ပြဿနာတွေ ပေါ်ထွက်စေနိုင်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ်။

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် စုံညီ ညီလာခံမှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ ထဲမှာ၊ ၂၀၂၀ ပြည့်နှစ် ရောက်တဲ့အခါ အသင့်အတင့် ချောင်လည်တဲ့ နေထိုင်မှုဘဝ ထူထောင်ရေးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဆောင်ရမှာ ဖြစ်ကြောင်း၊ ဂျီဒီပီနဲ့ မြို့ပြနဲ့ကျေးလက်နေသူများရဲ့ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေကို ၂၀၁၀ ပြည့်နှစ်ကထက် တစ်ဆ တိုးလာစေရမှာ ဖြစ်ကြောင်း တင်ပြထားတယ်။

စီးပွါးရေးပညာရှင် မစ္စတာ လင်ယိဖူရဲ့ ခန့်မှန်းချက်အရ၊ ဂျီဒီပီ ပမာဏ တစ်ဆ တိုးလာစေရေး ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဆောင်လိုရင် ၂၀၁၄ ခုနှစ်ကစပြီး တရုတ်ပြည်ရဲ့ စီးပွါးရေး နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းဟာ အနည်းဆုံး ၆့ ၈ ရာခိုင်နှုန်း ရှိရမှာ ဖြစ်ကြောင်း၊ မြို့ပြနဲ့ကျေးလက်နေသူများရဲ့ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေကို တစ်ဆ တိုးတက် စေရေး ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဆောင်လိုရင် စီးပွါးရေး နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းဟာ ၇ ရာခိုင်နှုန်း အထက် ရှိရမှာ ဖြစ်ကြောင်း သိရပါတယ်။

မစ္စတာ လင်ယိဖူက၊ တရုတ်ပြည်စီးပွါးရေးမှာ ကိန်းအောင်းနေတဲ့ အလားအလာနဲ့ အားသာချက် များစွာ ရှိကြောင်း၊ အထူးသဖြင့် နည်းပညာ ဆန်းသစ်တီထွင်ရေး၊ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေး၊ ပတ်ဝန်းကျင် ပြုပြင် ထိန်းသိမ်းရေးနဲ့ မြို့ပြ တည်ဆောက်ရေးနယ်ပယ်မှာ အလားအလာ လွန်စွာ ကောင်းမွန်ပါကြောင်း ပြောကြားခဲ့တယ်။

   Webradio