• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စီးပွားရေး ဖွံဖြိုးတိုးတက်မှုဟာ ကမ္ဘာ အတွက် တွန်းအားဖြစ်စေလို့ အင်ဒို သံအမတ်ကြီး ပြော

(GMT+08:00) 2014-11-07 16:46:09

အေပက်အဖွဲ့ ၂၂ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ဒီလ ၁၁ရက်နေ့မှာ တရုတ်ပြည် ပီကင်းမြို့မှာ ကျင်းပပါမယ်။ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုဟာ ဖိတ်ကြားချက်အရ အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ပါမယ်။ ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ရက်နေ့က ဂျိုကို သမ္မတ တာဝန် ထမ်းဆောင်ခဲ့တဲ့ နောက်ပိုင်းမှာ တက်ရောက်မယ့် ပထမဆုံး အရေးကြီး နိုင်ငံတကာ အစည်းအဝေး ဖြစ်သလို တရုတ်ပြည်ဟာ သမ္မတ ဂျိုကို ပထမဆုံး ခရီးလှည့်လည်မယ့် နိုင်ငံလည်း ဖြစ်တယ်။ ၅ရက်နေ့က တရုတ်ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး စူဂင် ရာဟာဂျိုက စီအာအိုင် သတင်းထောက်နဲ့ တွေ့ဆုံရာမှာ အာရှနဲ့ ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ တရုတ်နဲ့ အင်ဒိုနီးရှား စတဲ့ ဒေသတွင်း နိုင်ငံကြီးတွေနဲ့ ခွဲမရကြောင်း၊ တရုတ်စီးပွားရေး ဖွံဖြိုး တိုးတက်မှု ဟာ ကမ္ဘာ အတွက် တွန်းအားဖြစ်စေကြောင်း ပြောကြားတယ်။

ဒီနှစ် အေပက် အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးရဲ့ ဆောင်ပုဒ်ဟာ အနာဂတ်ကို ရှေ့ရှုတဲ့ အာရှနဲ့ ပစိဖိတ် မိတ်ဖက် ဆက်ဆံမှု အတူ တည်ဆောက်ရေး ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး သံအမတ်ကြီး စူဂင်က ၂၁ရာစုနှစ်ရဲ့ အမှတ်လက္ခဏာဟာ အာရှရဲ့ ရှင်သန်ဖွံ့ဖြိုးမှု ဖြစ်ကြောင်း၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ဗဟိုချက်မဟာ ဥရောပနဲ့ အမေရိကန်ကနေ အာရှနဲ့ ပစိဖိတ်ဒေသကို ရွှေ့ပြောင်းလာကြောင်း၊ အခု ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်းဟာ အာရှနဲ့ ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် များစွာ မှီခိုအားထားရကြောင်း၊ တရုတ်ပြည်ဟာ အာရှနဲ့ ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီး တွန်းအား ဖြစ်ပြီး ကမ္ဘာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း တွန်းအားပေးနေကြောင်း ပြောကြားတယ်။

ဆက်လက်ပြီး သံအမတ်ကြီး စူဂင်က အရေးအကြီးဆုံးက အေပက်အဖွဲ့ဝင် အသီးသီးတို့ဟာ အေပက်အဖွဲ့ သက်ဆိုင်ရာ အစည်းအဝေးများမှာ ရရှိတဲ့ သဘောတူညီမှုတွေကို လက်တွေ့ဖော်ဆောင်ဖို့ လိုအပ်ကြောင်း၊ ဥပမာ ပြောရမယ် ဆိုရင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ဆောင်မှု စတဲ့ နယ်ပယ်တွေက ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွေ့ဖော်ဆောင်ဖို့ လိုကြောင်း၊ ဒီလိုမှ အဖွဲ့ဝင်များဟာ အေပက် စနစ် ကျင့်သုံးခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ကုန်သွယ်ရေး အရည်အသွေးကို သိသိသာသာ မြှင့်တင်လာနိုင်မှာ ဖြစ်ကြောင်း ပြောကြားတယ်။

ဂျိုကိုက သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အနာဂတ်မှာ အင်ဒိုနီးရှားဟာ ပင်လယ်သမုဒ္ဒရာ နယ်ပယ်မှာ အင်အားတောင့်တင်းတဲ့ နိုင်ငံ အဖြစ် တည်ဆောက်ပြီး အင်ဒိုနီးရှား ကျွန်းများ အကြား ဆက်စပ်ပေးမယ့် အဝေးပြေး ကားလမ်းတွေကို တည်ဆောက်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ဖော်ပြတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အင်ဒိုနီးရှား ခရီးစဉ်မှာ ၂၁ရာစုနှစ် ပင်လယ်ပြင် ပိုးလမ်းမကြီး တည်ဆောက်ရေး ကြံဆချက်ကို တင်ပြခဲ့တယ်။ ဒါကြောင့် ပင်လယ်ပြင် အပြန်အလှန် ဆက်သွယ်ရေးဟာ အနာဂတ် နှစ်နိုင်ငံ အစိုးရတို့ရဲ့ တူညီတဲ့ ကြံဆချက် ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး စူဂင်က ဆိပ်ကမ်းဆောက်လုပ်ရေးမှာ တရုတ်ပြည်ရဲ့ ခေတ်မီတဲ့ နည်းပညာနဲ့ အတွေ့အကြုံ တွေကို အင်ဒိုနီးရှားဟာ နည်းယူလေ့လာချင်ကြောင်း၊ တရုတ်ပြည် ဟောင်ကောင်၊ ထျန်ကျင်းနဲ့ ရှမင်လို ခေတ်မီ ပင်လယ်ဆိပ်ကမ်းတွေကို တည်ဆောက်ဖို့ မျှော်လင့်ကြောင်း၊ အင်ဒိုနီးရှား ဆိပ်ကမ်းတည်ဆောက်ရေးမှာ ပါဝင်ဖို့ တရုတ် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားတယ်။

 

   Webradio