• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ် ပြီးဆုံး

(GMT+08:00) 2013-10-16 15:17:12

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်ဟာ အရှေ့အာရှ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခဲ့ပြီး ဘရူနိုင်း၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှာ တရားဝင်ခရီးစဉ်လည်း ပြီးဆုံး ပြီးနောက် ၁၅ ရက်နေ့မှာ အထူးလေယာဉ်နဲ့ ပီကင်းမြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း လီခေ့ချန်ဟာ ဘူရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂဝမ်မြို့တော်မှာ ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ တရုတ်အစိုးရသစ်ရဲ့ တရုတ်-အာဆီယံ ဆက်ဆံမှု တိုးမြှင့်ရေးဆိုင်ရာ သံတမန် မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ခရီးစဉ်မှာလည်း လီခေ့ချန်က ထိုင်းနိုင်ငံ လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံတို့ဟာ တရုတ်-ထိုင်း ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်စီမံကိန်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ စီမံကိန်းထဲမှာ တရုတ်နိုင်ငံက ထိုင်းနိုင်ငံရဲ့ မြန်နှုန်းမြင့်ရထား ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်ခြင်း၊ နှစ်နိုင်ငံအကြား ဗီဇာ ကင်းလွတ်ခွင့် ပေးခြင်း စတာတွေ ပါဝင်ထားပါတယ်။ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်း လီခေ့ချန်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် နွမ်တန်ဒွန်တို့ဟာ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းစေရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေက မီဒီယာများမှာ လီခေ့ချန်ရဲ့ ယခုအကြိမ်ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းများကို ပြည့်ပြည့်စုံစုံ ဖေါ်ပြကြပါတယ်။

စင်္ကာပူ လျန်ဟိုကျော်ပို သတင်းစာမှာ၊ ဒီလအတွင်း တရုတ်အစိုးရ ခေါင်းဆောင်သစ်တွေဟာ အရှေ့တောင်အာရှ နိုင်ငံများကို အကြိမ်ကြိမ် ခရီးလှည့်လည်ခဲ့ကြောင်း၊ ဒီလ လဆန်းပိုင်းက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်ပြီး အင်ဒိုနိးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ ၂၁ ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ကြောင်း၊ ဆက်လက်ပြီး တရုတ် ဝန်ကြီးချုပ် လီခေ့ချန်ကလည်း ဘူရူနိုင်းနိုင်ငံသို့ သွားရောက်ပြီး အရှေ့အာရှ ထိပ်သီးအစည်းအဝေး တက်ရောက် ခဲ့ကြောင်း၊ တရုတ်နိုင်ငံရဲ့ အာဆီယံနိုင်ငံများနဲ့ဆက်ဆံမှု တိုးမြှင့်လိုတဲ့ သဘောထားဟာ ရှင်းလင်း ပြတ်သားပါကြောင်း ရေးသားဖေါ်ပြထားပါတယ်။

မလေးရှား ယူတူစန် သတင်းစာရဲ့ ဝက်ဆိုဒ်မှာလည်း ပင်လယ်ပြင် အချုပ်အခြာအာဏာပိုင်မှု ဆိုင်ရာ အငြင်းပွါးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ ဆောင်းပါးထဲမှာ၊ ကြာရှည်တဲ့ ကာလအတွင်း တရုတ်နိုင်ငံရဲ့ တောင်ပင်လယ် ပြဿနာ ဖြေရှင်းရေးဆိုင်ရာ သဘောထား ရှင်းလင်းပြတ်သားမှုကြောင့် မလေးရှားအပါအဝင် အာဆီယံနိုင်ငံများဟာ အဲဒီ အချုပ်အခြာအာဏာပိုင်မှုဆိုင်ရာ အငြင်းပွါးမှုကို တိုတောင်းတဲ့ အချိန်အတွင်း ဖြေရှင်းနိုင်မယ်လို့ ယူဆကြတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်က ပြောကြား ခဲ့ကြောင်း၊ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်ပြည်ရဲ့ သက်ဆိုင်ရာ သဘောထားရပ်တည်ချက်တွေကို နောက်တစ်ခေါက် ရှင်းလင်းဖေါ်ပြခဲ့ကြောင်း ရေးသားထားပါတယ်။

ထိုင်းမီဒီယာများဟာ လီခေ့ချန်ရဲ့ ထိုင်းလွှတ်တော်ရုံးမှာ မိန့်ခွန်းပြောကြားတဲ့ သတင်းကို အလေးထား ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ မန်နေဂျာ အွန်လိုင်း သတင်းစာရဲ့ ဆောင်းပါး တစ်ပုဒ်ထဲမှာ၊ လီခေ့ချန်ရဲ့စကားကို ကိုးကားပြီး တရုတ်-ထိုင်း အိမ်နီးချင်းကောင်း ချစ်ကြည်ရေးဆက်ဆံမှုဟာ ယန်စီမြစ်နဲ့ မဲခေါင်မြစ်လို စီးဆင်း ချီတက်နေတယ်လို့ ရေးသားဖေါ်ပြပါတယ်။ ထိုင်းနိုင်ငံရဲ့ မယ်တီချွန် သတင်းစာ ဝက်ဘဆိုဒ်မှာလည်း ထိုင်းဝန်ကြီးချုပ် ယင်လတ်နဲ့ တရုတ်ဝန်ကြီးချုပ် လီခေ့ချန်တို့ရ့ တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာသတင်းကို စုံစုံလင်လင် ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်-အာဆီယံ အကြား ကိစ္စရပ်များကို ညှိနှိုင်းပေးတဲ့ နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံနဲ့ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်မယ်လို့လည်း ရေးသားဖေါ်ထားပါတယ်။

ဗီယက်နမ် ကွန်မြူနစ်ပါတီပိုင် ပြည်သူ့သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ဗီယက်နမ်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့ပါတယ်။ ခေါင်းကြီးထဲမှာ တရုတ် ဝန်ကြီးချုပ်ရဲ့ ဒီအကြိမ် ဗီယက်နမ် ခရီးစဉ်ရဲ့ ရည်မှန်းချက်ဟာ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွါးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တွန်းအားပေးဖို့ပဲ ဖြစ်ကြောင်း ရေးသားဖေါ်ပြပါတယ်။

   Webradio